26 June 2013

“အခန်းပိတ်လှောင်ထားသူ ၅ဦးအား အချိန်မီကယ်ထုတ်”

 ဇွန်လ ၂၆
ခရမ်းသားလေး
              ငါးဖမ်းစက်လှေပေါ်သို့ ရောင်းချရန် အခန်း ထဲတွင်ပိတ်လှောင်ထားသည့် မြန်မာအလုပ်သမား ၅ဦးအား လူကုန်ကူးမှု ပူးပေါင်းနှိမ်နင်းသူများက ယမန်နေ့ညနေက အချိန်မီ ကယ်ထုတ်နိုင်ကြောင်း သိရှိရသည်။

    ထိုင်းနိုင်ငံမြောက်ပိုင်း ဘုရားသုံးဆူနယ်မြေ အနီး ကန်ပူရီ နယ်မြေ အမှတ် ၇ နယ်မြေ တွင်ရှိသော အလုပ်သမား တန်းလျှားအတွင်း မြန်မာပွဲစား တစ်ဦး၏ အခန်းတွင် ပိတ်လှောင်ထားစဉ် ကယ်ထုတ် ခဲ့ခြင်း   ဖြစ်သည်။
             ယမန်နေ့က ကန်ချနဘူရီခရိုင် ဘန်ပုန်မြို့တွင်ရှိသော ခေါက်ဆွဲခြောက်စက်ရုံတစ်ရုံသို့ မြန်မာနိုင်ငံ မှ MOUဖြင့် တင်ပို့ထားသည့် အလုပ်သမား ၃၆ ဦး စားရေးအခက်အခဲရှိကြောင်း အကူညီတောင်း ခံသဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT က ဆန်၊ခေါက်ဆွဲခြောက်နှင့် ငါးသေတ္တာများ သွားရောက် အကူညီပေး၍အပြန်တွင်ပိတ်လှောင်ခံနေရာမှလူငယ်တစ်ဦးကဖုန်းဆက်သွယ်အကြောင်းကြားလာခဲ့ သဖြင့် နယ်စပ်သို့ နောက်ကြောင်းပြန်၍  သွားရောက် အကူညီးပေးခဲ့ကြခြင်းဖြစ်သည်။
             MAT အဖွဲ့က မြန်မာသံရုံး အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း နှင့် ထိုင်းအစိုးရ လူကုန်ကူးမှု   ထောက်လှမ်းရေး တပ်ဖွဲ့ DSI တို့ အား အရေးပေါ်သတင်းပို့လျှက်ဒေသခံလူဝင်မှုကြီးကြပ်ရေးအဖွဲ့(တော
မော)နှင့် ရဲများဖြင့် ပူးပေါင်းကာ အချိန်မီ ကယ်ထုတ်နိုင်ခဲ့ကြခြင်းဖြစ်သည်။
ဆက်သွယ်လွတ်မြောက်လာသူ အာကာဌေး က “ကျနော်တို့အလုပ်သမား ၄၇   ယောက်ဟာ မြ၀တီကပွဲစား တစ်ယောက်ဆီမှာ ကျပ်ငွေ သုံးသိန်းစီပေးထားပြီးတော့ ပတ်စပို့လုပ်ဖို့လျှောက်ထားခဲ့ကြပါတယ်။ သုံးလေး လကြာပေမယ့်ပတ်စပို့လုပ်မရတာကြောင့်ပွဲစားကထားဝယ်ဘက်က နေပြီးပို့ပါတယ်။ကန်ချနဘူရီ ရောက်
ရင်ပတ်စပို့လုပ်ပေးမယ်လို့ပြောပါတယ်။ထိုင်းနိုင်ငံအထဲကို ရောက်လာတော့ လူတွေကို အသုတ်လိုက်ခွဲပြီးေ တာ့ ငါးဖမ်းလှေတွေပေါ်ကို ရောင်းစားပါတယ်။ ကျနော်တို့က မလိုက်ဘူးဆိုပြီး တင်းခံနေရာကနေ MAT အဖွဲ့ ကို ဆက်သွယ်ခဲ့ရတာဖြစ်ပါတယ်” ဟုပြောသည်။
                 လွတ်မြောက်လာသူများမှာဧရာဝတီတိုင်းကြံခင်းမှအသက်၂၁ နှစ်အရွယ်အာကာဌေး၊ပုဂံ
 ညောင်ဦးမှအသက်၃၀ နှစ်အရွယ်ကြာတိုက် နှင့်အသက်၄၅ နှစ်အရွယ်ဦးညွန့်အောင်၊အသက်၃၁ နှစ်အရွယ်
 အောင်ကျော်မိုးနှင့် အသက် ၂၄ နှစ် အရွယ်ညီညီအောင်တို့မှာမန္တလေးတိုင်း တောင်သာမြို့နယ်၊ မြင်းတဲရွာ မှ ဖြစ်ကြသည်။                     
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT  ဒါရိုက်တာ ဦးကျော်သောင်း က “ လူကုန်ကူးခံရ တဲ့သူတွေ ကျနော်တို့နဲ့ အဆက်အသွယ်ရဖို့ ခက်ခဲ ပါတယ်။ သူတို့ရောက်နေတဲ့နေရာကို သူတို့ မပြော တတ်ကြဘူး။ နေ့တိုင်းနေ့တိုင်း မြန်မာတွေ တရား မ၀င်လမ်းကြောင်းကနေ လူကုန်ကူးသူတွေနဲ့ ထိုင်းနိုင်ငံအထဲကိုဝင်လာနေကြတယ်။ ဒီကိစ္စကို ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံအစိုးရက MOU နဲ့ ဖြေရှင်း တယ်၊ ပတ်စပို့ အသစ်လုပ်တာနဲ့ ဖြေရှင်းတယ်။ ဒါပေမယ့် လူကုန်ကူးမှု တွေ ပိုမိုများပြားလာတယ်။ ဒါကို အစိုးရတွေ အလေး အနက် စဉ်းစားစေချင်တယ်။ ကျနော်တို့လို အဖွဲ့ သေးသေးလေးက ဘယ်လောက် လုပ်နိုင်မလဲ၊ မြန်မာ တစ်နိုင်ငံလုံးက အရွယ်ရောက်ပြီးသူတိုင်း ထွက်လာနေတာ ကြောက်ခမန်းလိလိပဲ၊ ကျနော်တို့ သွားကယ်လို့ ရမလာပဲ လမ်းစရိတ်ကုန် လက်မှိုင်ချပြီး ပြန်လာခဲ့ရတာတွေအများကြီးပဲ” ဟုပြောသည်။
        ယမန်နေ့က အချိန်မီ ကယ်ထုတ်နိုင်ခဲ့ကြသည့် အလုပ်သမား ၅ဦးကို ကန်ချန ဘူရီ တောမော(လ၀က) အချုပ်ခန်းတွင် ခေတ္တသိမ်းဆည်းထားပြီး မကြာမီ နယ်စပ်သို့ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရ သည်။