22 July 2015

“ဘယ်သူ့အတွက်၂၇ချက်စါရင်းကောက်မှာလဲ”

     
                               
                                                          ကဏ္ဍ(၁)
 (၁) MOEAF ပွဲစား။     ။ ကိုကျော်သောင်း…… ခင်ဗျားတို့ဘက်မှာ အလုပ်သမားတွေ အချက်၂၇ချက် စါရင်း ကောက်ပေးပါလား။ အလုပ်သမားတစ်ယောက်စီအတွက်ဘတ်ငွေ ၃၀ စီ ခင်ဗျားတို့ရမယ်။ ခင်ဗျားတို့ MATအဖွဲ့  ရံပုံငွေရတာပေါ့ ဗျာ။ ကွန်ပျူတာထုတ်ပေးမယ်။ ဖေါင်ဖြည့်နည်းတွေသင်ပေးမယ်။ ခင်ဗျားတို့ရုံးက တစ်ယောက် လွှတ်လိုက်ပါ။ ပူးပေါင်းလုပ်ကြတာပေါ့ဗျာ။ ဒါပြီးတာနဲ့ အလုပ်သမားတွေကို ပတ်စပို့ထုတ်ပေးကြတာပေါ့။

(၂) မြန်မာရွှေ့ပြောင်းအလုပ်သမား။     ။ အန်ကယ်…. ကျနော်တို့ ဘတ်လုပ်ထားတဲ့သူတွေကို ပွဲစားတွေက စါရင်းကောက်မယ်လို့ပြောတယ်။ တစ်ယောက်ကို ဘတ် ၉၀၀ ပေးရတယ်။ ပတ်စပို့ထုတ်ပေးဖို့အတွက်လို့ ပြောတယ်။ တကယ်ထုတ်ပေးမှာလား  မြန်မာသံရုံးခွင့်ပြုချက်အရဆိုပြီး ကျနော်တို့အနားက အုန်းယိုင်
Big C နားမှာ ဆိုင်းဘုတ်ကြီးနဲ့ကို ကောက်နေတာ အန်ကယ်။

                                                             ကဏ္ဍ(၂)
     ဒီမေးခွန်းတွေ ဒီအပြောတွေက ဇူလိုင်လလယ်ကတည်းက ထိုင်းနိုင်ငံမှာ လှုပ်ခါနေတဲ့သတင်း။ အမေးခံ နေရတဲ့သတင်းဆိုး။ ထိုင်းမှာ အမည်ပျက်နဲ့ ခေါင်းလျှိုနေကြတဲ့ ပွဲစားတွေ အကုန်ခေါင်းထောင်ကုန်တာ။ ပွဲစား လောကတစ်ခုလုံး သန်းချီရှိတဲ့ အလုပ်သမားတွေဆီက အကျိုးအမြတ်ရမယ်ဆိုတော့ အားလုံး သွားရေယိုကုန်တာပေါ့။

            မြန်မာပြည်မှာ ပွဲစားများအဖွဲ့ချုပ် MOEAF က ထိုင်းကို ပွဲစားထိပ်သီး ၄၁ ယောက်လွှတ် လိုက်ပြီဆိုပြီး သတင်းစာရှင်းလိုရှင်း၊ ဗဟုတို့ လဥတို့လို ခံယူချက်မပြည့်တဲ့ သာကူးအလုပ်သမားအရေးလုပ်သူတွေကို၂ပဲ ၆ပြားပေးပြီးနုတ်ပိတ်။ ပြည်တွင်းထုတ် သတင်းစာဂျာနယ်တွေကလည်း ရှိတာကိုရေးကြရချာတယ်။သတင်း တစ်ခုအတွက် အကျိုးအပြစ် ထိုင်းဘက်ကို ပြန်မေးဖေါ်မရဘူး။ ထိုင်းအခြေစိုက်သံရုံးနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ အလုပ်သမားတွေရဲ့အသံဗလံတွေ မထည့်အားချာကြဘူး။

       ပွဲစားဂိုဏ်းချုပ်ကြီးက စစ်တပ်အကြီးအကဲနဲ့ သံရုံးတို့ကိုစာပို့တယ်လို့ ဗိုလ်ပြုတ် ပွဲစားငကြွားတစ်
ယောက် ပြောသေးတယ်။ ဖြစ်နိုင်တယ်။ နောက်တစ်ခုက ပွဲစားများအဖွဲ့ချုပ် MOEAF မှာ ဗိုလ်ပြုတ်ဗိုလ်နာ အဘ အိမ် နားကဟာတွေ အများစုဆိုတော့ ဒီလိုတော့ဖြစ်မှာပေါ့လေ။ စာရေးဆရာ ညီမင်းညို ပြောသလို တိုင်းပြည် ရှင်ပြုချိန်မှာ ရတာဆွဲစားနေကြတာကိုးဗျ။

            ဒီသတင်းနဲ့ပတ်သက်ပြီးတော့ မြန်မာသံရုံးဖက်ကို မေးမြန်းစုံစမ်းကြည့်တော့လည်း အလုပ်သမားတွေ ခုမှ ဘတ်ဆက်ထားတာကတစ်ပိုင်း နှစ်နိုင်ငံလုပ်ငန်းစဉ်အရက ပွဲစားအဖွဲ့ချုပ်နဲ့ အလုပ်သမားဝန်ကြီးဌာန တစ်ခု တည်းနဲ့ ပွဲကမပြီးဘူး။ အဲဒါကြောင့် ပွဲစားအဖွဲ့ချုပ်MOEAF က အကောင်အထည်ဖေါ်ဖို့ပြင်ဆင်နေတဲ့ ၂၇ ချက် ကောက်ခံရေး မဟာစီမံကိန်းကို လက်မခံဘူးလို့ သိရပြန်တယ်။ ထိုင်းမှာရှိနေတဲ့အလုပ်သမားတွေကို မြန်မာ ဘက်တစ်ဖက်တည်းက ဆုံးဖြတ်လုပ်ကိုင်လို့မရဘူးလို့ဆြိုပန်တယ်။


                                                         ကဏ္ဍ(၃)
ဦးကျော်သောင်း မေးချင်တာတွေက……………

(၁) ဘာအတွက်အချက်၂၇ချက်ကောက်ခံတာလဲ။ အချက်၂၇ ချက်ကောက်ပြီး ပတ်စပို့ထုတ်ပေးမယ်လို့ ဘယ်သူတာဝန်ခံမလဲ။ ပွဲစားများအဖွဲ့ချုပ်MOEAF က ပတ်စပို့ထုတ်ပေးခွင့်ရှိသလား။ ထုတ်ပေးလို့ရမလား။ ထုတ်မပေးနိုင်ဘူးဆိုရင် ဘာလုပ်ဖို့ကောက်တာလဲ။

(၂) ယခုလက်ရှိ  ပန်းရောင်ဘတ်ကဒ်လုပ်ထားတဲ့သူတွေ ပတ်စပို့ပြောင်းတဲ့နေရာမှာ မြန်မာနိုင်ငံသားဖြစ်
ကြောင်း မှတ်ပုံတင်နဲ့ အိမ်ထောင်စုစါရင်းပြရင် မြန်မာအစိုးရဘက်ကတော့ ပတ်စပို့ထုတ်ပေးလို့ရပါတယ်။

           ပန်းရောင်ဘတ်ကဒ်လုပ်ထားတဲ့ အလုပ်သမား၆သိန်းကျော်ဟာ၊ ဘတ်လုပ်လို့ရရင်ပြီးရော့ဆိုပြီး ဆိုင်ကယ်သမား၊ ကွတ်တယိုဆိုင်ပိုင်ရှင်ကအစ ကိုတ(အလုပ်သမားခေါ်ခွင့်) လုပ်ပြီး  ပွဲစားနဲ့လုပ်ထားကြတာများပါတယ်။  အလုပ်ရုံက အမှန်တကယ်လုပ်ပေးထားသူတွေနည်းပါတယ်။ ပတ်စပို့ လုပ်ငန်းစဉ်အရ ထိုင်းဘက်က ဗီဇာထုဖို့ အတွက် ထိုင်းလုပ်ငန်းရှင်ရဲ့ စာရွက်စာတမ်းအပြည့်အစုံပါမှ DOE က  မောထော. . name list ပါမှဖြစ်ပါတယ်။ အပြင်က ပွဲစားတွေနဲ့လုပ်ထားတဲ့ အလုပ်သမားတွေ  ဘတ်တွေသေတော့မယ်။ ဘတ်ကိုင်ပြီး ဘာမှလုပ်မရဖြစ်နေကြပါတယ်။

                                                            ကဏ္ဍ(၄)
(၁) မြန်မာသံရုံးကလက်ခံလိုက်အုံး၊ ပွဲစားများအဖွဲ့ချုပ်က ၂၇ ချက်ကောက်ခံလို့ရတယ်ထားအုံး။ ပန်းရောင်ဘတ် ကဒ်ကို ကိုတာ(အလုပ်သမားခေါ်ခွင့်) ကို အလုပ်သမားဝန်ကြီးဌာနက အကျင့်ပျက်ဝန်ထမ်းအချို့နဲ့ ပေါင်းပြီး လုပ်ခဲ့ကြတယ်။ အခု  လုပ်ငန်းရှင်ရဲ့ အချက်အလက်တွေနဲ့ပူးတွဲတင်ပြပါဆိုတဲ့အခါ အလုပ်သမားတွေ ဒုက္ခဖြစ် ကုန်တယ်။ သူဌေးအစစ်အမှန်မရှိဘူး။ ဒီလူတွေကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက လုပ်ငန်းရှင်မရှိတာကြောင့် တရားဝင်အလုပ်သမားအဖြစ်မသတ်မှတ်ဘူး။ ဒါကို မြန်မာအစိုးရ (အလုပ်သမားဝန်ကြီးဌာနနဲ့) ပွဲစားများအဖွဲ့ချုပ် MOEAF တို့ ဘယ်လိုကျော်ဖြတ်မလဲ။

(၂) ထိုင်းမှာ ပွဲစားများအဖွဲ့ချုပ်က တစ်ဦးဦးနဲ့ အလုပ်သမားအဖွဲ့ သို့မဟုတ် အင်ဂျီအို တစ်ခုခုနဲ့ တွဲကောက်ကြတယ်ဆိုပါစို့။ အလုပ်သမားတစ်ဦးအတွက် ဘတ်ငွေ ၃၀ စီပေးမယ်။ (ကျပ်ငွေ တစ်ထောင်ဝန်းကျင်) ကို ဘယ်သူ ပေးမှာလဲ။ ပွဲစားများအဖွဲ့ချုပ်MOEAF က ပေးမှာလား၊ အလုပ်သမားဝန်ကြီးဌာနက ပေးမှာလား။ အလုပ်သမားတွေဆီကပဲ ကောက်မှာလား၊ တိတိလင်းလင်း ကြေညာရပါမယ်။

                                           ………………..နိဂုံး…………………..
            ပွဲစားများအဖွဲ့ချုပ် MOEAF က MOU ခေါင်းစဉ်နဲ့ ထိုင်းကို အလည်ဗီဇာနဲ့ ပို့ထားတဲ့ အလုပ်သမားတွေ ဒုက္ခရောက်နေကြတာကို တာဝန်ယူဖြေရှင်းနိုင်ပါသလား။ ထိုင်းကိုရောက်ရင်ပြီးရော့ဆိုပြီး   Government  2 Government (G2G)   အမည်ခံ Business  2 Business (B2B ) ဖြစ်နေတယ်လို့ ကုလသမဂ္ဂကရော၊ ILOကပါ အရှေ့တောင်အာရှ ဒေသတွင်း အလုပ်သမားအရေးဆောင်ရွက်သူတွေက ဝေါဟာရအသစ်သုံးနေပြီဆိုတာသိကြပါသလား။
  
      ပြည်ပကိုထွက်ခွာဖို့ အခက်အခဲရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ခေါင်းပုံဖြတ်ရုံနဲ့မကျေနပ်သေးလို့ 
ထိုင်းမှာရှိနေတဲ့ လေးသန်းလောက်ရှိတဲ့ မြန်မာအလုပ်သမားတွေကိုထပ်စားကြအုံးမလား။  MOU အလုပ်သမားတစ်ယောက်ဆီကနေ အနည်းဆုံး၂သိန်းကနေ ၅သိန်အထိ အမြတ်ယူပြီး (စုစုပေါင်းMOU အလုပ်သမားပေါင်း တစ်သိန်းခွဲ) လောက်ပို့ထားကြတဲ့ ပွဲစားများအဖွဲ့ချုပ် MOEF ဟာ မိမိတို့ပို့ထားတဲ့ အလုပ်သမားတွေအတွက် ဘယ်လောက်အထိ တာဝန်ကျေကြပြီလဲ။ ကျပ်ငွေ ကုဋေနဲ့ချီပြီး အမြတ်ထားကြတဲ့ အလုပ်သမားတွေရဲ့ အခက်အခဲတွေကိုတောင် မသိချင်ယောင်ဆောင်နေမှတော့ အခု ၂၇ ချက် ကောက်မယ်ဆိုတဲ့ အစီအမံဟာ ဘယ်လောက်ရိုးသားမှုရှိပါသလဲ။

            ခုအစီအစဉ်တွေကို ပွဲစားတွေခြေချင်းလိမ်နေတာတွေနဲ့၊ သတင်းစာတွေမှာရေးတာကြောင့် 
ဦးကျော်သောင်း တို့သိရတာပါ။ ထိုင်းမြန်မာအစိုးရတို့ရဲ့ G2G အလုပ်သမားတင်ပို့ခြင်းလုပ်ငန်းကို ဒီနှစ်အကုန်မှာမြန်မာ အလုပ်သမားဝန်ကြီးဌာနနဲ့ ထိုင်းအလုပ်သမားဝန်ကြီးတို့ MOUထပ်ထိုးမယ့်စားပွဲမှာတော့ ပွဲစားဂိုဏ်းချုပ်စပွန်ဆာကြီးတွေ ဘယ်ညာနဲ့လာကြမှာပါ။ အဲဒီအစည်းဝေးပွဲတို့မှာ အလုပ်သမားတွေဘက်က ရပ်တည်မယ့်သူတွေ ပြောဖို့အနားကိုကပ်ခွင့်မရနိုင်ပါ။ ပွဲစားတပ်ချုပ်ကြီးတွေအကြံပေးတဲ့အတိုင်း အလုပ်သမားဝန်ကြီးနဲ့ ထာဝရ အတွင်းဝန်တို့ စာချုပ်မချုပ်မိပါစေနဲ့လို့ ဆုတောင်းရုံမှတပါးဘာမှမတတ်နိုင်ပါဘူး။

     အလုပ်သမားဝန်ကြီးနဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေကိုစဉ်းစားနိုင်အောင် တင်ပြချင်တာကတော့

A. ထိုင်းနိုင်ငံအတွင်းမှာ ပတ်စပို့ကိုင်ထားတဲ့မြန်မာအလုပ်သမားတွေ လွတ်လပ်စွာ သွားလာလို့မရခြင်း၊
B. ခရီးသွားရာမှာ ၀တ်ပါမစ် စစ်ခံရခြင်း၊ လုပ်ငန်းရှင်စာရွက်စာတမ်းတောင်းခံခြင်း၊(အနိုင်ကျင့်တဲ့လုပ်ရပ်)
C. ၃လတစ်ကြိမ် နေထိုင်ခွင့်သက်တမ်းအတွက် လ၀က တံဆိပ်တုံးကို (ပွဲစားများဖြင့်) ထုနေရခြင်း၊
D. ၀တ်ပါမစ်သည် ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနတွင် လုပ်ကိုင်ထားပါလျှက် လုပ်ငန်းရှင် မတူဟု ဆိုကာ အလုပ်ပြောင်းတိုင်း ထပ်မံလုပ်ရခြင်း …..(ခေါင်းပုံအခါခါဖြတ်ခြင်း)
E. ပတ်စပို့ကို ထိုင်းလုပ်ငန်းရှင်၊ ထိုင်းလူမျိုးနှင့် ထိုင်းပုလိပ်များဖျက်ဆီးပစ်ခြင်းတို့အား ထိရောက်စွာ ကာကွယ်ပေးနိုင်မှ ပတ်စပို့စာအုပ်ကို ထုတ်ဝေပေးပါလို့ လေးစားစွာ တင်ပြအပ်ပါတယ်။    ။

အလုပ်သမားတွေနစ်နာဆုံးရှုံးမှုတွေ သက်သာပါစေဆိုတဲ့ စေတနာသက်သက်ြဖင့်     ဦးကျော်သောင်း