03 July 2015

“နေရပ်ပြန်မြန်မာအလုပ်သမား၂၀၀ကျော်ခန့် မဲဆောက်တွင်ဖမ်းဆီးချုပ်နှောင်ခံနေရ”

              
၂၀၁၅ ဇူလိုင်လ ၃ ရက်

မင်းဘခက်
         ထိုင်းနိုင်ငံတွင်မြန်မာအစိုးရမှပြုလုပ်ပေးသည့် သာမန်မြန်မာနိုင်ငံကူးလက်မှတ်လုပ်ရန်အတွက် မြန်မာနိုင်ငံသားမှတ်ပုံတင်နှင့် သန်းခေါင်စါရင်းတို့ အားမြန်မာနိုင်ငံနေရပ်သို့ ပြန်ယူကြသည့် အလုပ်သမားပေါင်၂၀၀ ကျော်တို့ အား မဲဆောက်အ၀င်တွင် ယမန်နေ့ကဖမ်းဆီးထားကြောင်း ဖမ်းဆီးခံအလုပ်သမားများကပြောသည်။

        ဖမ်းဆီခံနေရသည့်မန္တလေးတိုင်းသာစည်မြို့မှ အလုပ်သမား ကိုချစ်စမ်းမောင် က “ကျနော်တို့မှာ သံရုံး က ထောက်ခံစာတွေပါကြပါတယ်။ ဒါပေမယ့်ဖမ်းပါတယ်၊  သံရုံးကိုဖုန်းဆက်ပေမယ့်အကြောင်းမထူးပါဘူး၊ မဲဆောက်ရဲစခန်းကတော့ တရား ရုံးကိုပို့မယ်လို့ပြောပါတယ်” ဟုပြောသည်။

ပြီးခဲ့သည့် အပတ်က ထိုင်းအစိုးရက ထိုင်းအလုပ်သမားဝန်ကြီးဌာနသို့ မြန်မာပြည်သို့ပြန်ကြသည့် အလုပ်သမား များအား နယ်မြေထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထောက်ခံစာပါမှ သွားလာခွင့်ပြုကြောင်း ညွန်ကြားစာအား ရဲစခန်း ကြေညာသင်ပုန်းတွင် ကပ်ထားသော်လည်း မြန်မာသံရုံးသို့ တရားဝင် စာပို့အကြောင်းကြားထားခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။ 

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“ မနေ့ကရောဒီနေ့တမနက်လုံး ကျနော့်ဆီကို မဲဆောက် ၂ထပ်အချုပ်ခန်းကဖုန်းတွေလာပါတယ်။ ဓါတ်ပုံတွေ ပေးပို့ကြပါတယ်။ ကျနော် မြန်မာသံရုံးက တာဝန်ရှိသူတစ်ဦးကို အကျိုးအကြောင်း ပြောပြပါတယ်။ သူကဘာ ပြန်ပြောလဲဆိုတော့ သံရုံးထောက်ခံစာတစ်ခုတည်းနဲ့ ခရီးသွားလို့မရတော့ဘူးတဲ့။ အလုပ်သမားတွေ အလုပ် လုပ်တဲ့ နယ်မြေ အလုပ်သမားရုံးက ထောက်ခံစာပါဖို့လိုတယ်လို့ပြောပါတယ်။ ထိုင်းနဲ့ မြန်မာအစိုးရတို့   အလုပ်သမားအရေးကိစ္စ အစီအစဉ် တစ်ခုခုချမှတ်တဲ့အခါ လစ်ဟာမှုမရှိအောင် ဂရုစိုက်စေချင်ပါတယ်။ ဖမ်းဆီးချုပ်နှောင်ခံရတယ်ဆိုတာ ကောင်းတဲ့အလုပ်မဟုတ်ဘူး။ အလုပ်သမားတွေနစ်နာပါတယ်။ အချိန်မီ အစိုးရချင်း စကားပြောမှ အလုပ်သမားတွေ သက်သာရာရပါမယ်” ဟုပြောသည်။


         မြန်မာအစိုးရ၏ လက်ရှိ ပတ်စပို့လုပ်ငန်းစဉ်လိုအပ်ချက်အရ မြန်မာနိုင်ငံသားဖြစ်ကြောင်း အမျိုးသားမှတ်ပုံတင်နှင့် သန်းခေါင်စါရင်း တို့ပါရှိရမည်ဖြစ်ပါသည်။ ဘန်ကောက်မြန်မာသံရုံးသို့ ပတ်စပို့ပြုလုပ်ရန်သွားလာရာတွင်လည်း ဘန်ကောက်မှလွဲ၍ ကျန်ပြည်နယ်များမှ လာရောက်ကြသည့် မြန်မာအလုပ်သမားများတွင် ပတ်စပို့လုပ်ကိုင်ရန် လာရောက်သူများမှန်ကန်ကြောင်း မြန်မာသံရုံးမှ ထောက်ခံစာနှင့်အတူ မိမိတို့လာရောက်သည့် နယ်မြေ အလုပ်သမားရုံးမှ မှန်ကန်ကြောင်း ထောက်ခံစာတို့ပါ ပူးတွဲပါရှိမှ အဖမ်းဆီးလွတ်မြောက်နိုင်ကြောင်း မြန်မာသံရုံးမှ အရာရှိတစ်ဦးကပြောသည်။