13 July 2015

နှစ်ချီ ပိတ်လှောင် ခံထားရသည့် ထိုင်းရောက် မြန်မာ အလုပ်သမားများကို ကယ်ထုတ်နိုင်ခဲ့

By ခင်ဦးသာ | May 13, 2015


 ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ပုစွန် အလုပ်ရုံ တခုတွင် နှစ်ချီ ပိတ်လှောင်ခံထားရသည့် မြန်မာနိုင်ငံသား အလုပ်သမား ၄၀ ကျော် ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ ထိုင်းလူမျိုးပိုင် ပုစွန် အခွံခွာသည့် အလုပ်ရုံ တခု၌ အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသားများသည် ပိတ်လှောင်ခံထားရ သည်မှာ အနည်းဆုံး ၇ လ မှ ၃ နှစ်ကျော် အထိရှိကြောင်း၊ အလုပ်ရုံထဲမှ အလုပ်သမား တဦး ထွက်ပြေး လွတ်မြောက် ခဲ့သည့်အတွက် တခြား အလုပ်သမားများကိုပါ ကယ်ထုတ်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ၏ အတွင်းရေးမှူးနှင့် မဟာချိုင် တာဝန်ခံ ဦးခိုင်ကြီးက ဧရာဝတီကို ပြောသည်။

 ဦးခိုင်ကြီးက “အလုပ်သမား တယောက်က နောက်ဖေးပေါက်ကနေ ထွက်ပြေး လွတ်မြောက်လာပြီးတော့ ကျနော်တို့နဲ့ ဆက်သွယ်မိတယ်၊ ကျနော်တို့က တဆင့် ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အလုပ်ရုံကို ဝင်စီးပြီးတော့ အားလုံးကို ကယ်ထုတ်နိုင်ခဲ့တယ်” ဟု ဆိုသည်။ 


ထိုအလုပ်သမားများအား မေလ ၁၂ ရက်နေ့က ကယ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အလုပ်ထဲ၌ အလုပ်သမား ၄၀ ကျော်နှင့်အတူ ၎င်းတို့၏ မိသားစုဝင် တချို့လည်းရှိနေပြီး စုစုပေါင်း လူဦးရေ ၆၀ ၀န်းကျင်ရှိကြောင်း၊ ယင်း အလုပ်သမားများ အနက် အများစုသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း၊ ထားဝယ် စသည့် ဒေသများမှ ဖြစ်ကြောင်း သိရသည်။ လွတ်မြောက်လာသူ မဝင်းဝင်းသန်းက သူသည် အလုပ်ရုံထဲ၌ ပိတ်လှောင်ခံထားသည်မှာ ၂ နှစ်ကျော်ပြီ ဖြစ်ကြောင်း၊ အလုပ် ရရှိရေး အတွက် ပွဲစားခကျေသည့်တိုင် အပြင်ထွက်ခွင့် မရကြောင်း၊ အိမ်ထောင်ရှင်များ အနေဖြင့် အပြင်ထွက်မည် ဆိုပါက အလုပ်ထဲ၌ ဇနီး သို့မဟုတ် ခင်ပွန်း တဦးစီ ကျန်ရစ်ရကြောင်း ရှင်းပြသည်။

 မဝင်းဝင်းသန်းက “ကျမက ရောက်ကတည်းက နှစ်နှစ်ကျော်ပြီ အပြင်တခါမှ မထွက်ခဲ့ရဘူး၊ ပွဲစားခ ဘတ် ၁၂၀၀၀ ပေးရမယ် ပြောပြီး ခေါ်ခဲ့တယ်၊ ဒါပေမယ့် စက်ရုံထဲ ရောက်တော့ ၂ သောင်းပေးရမယ် ဆိုပြီး ပွဲစားက ပြောပြန်တယ်၊ ပွဲစားက ကိုယ့်နိုင်ငံသား မြန်မာပဲ” ဟု ပြောသည်။ အလုပ်သမားများသည် မနက် ၅ နာရီမှ ညနေ ၇ နာရီ၊ ၈ နာရီအထိ နားရက်မရှိ အလုပ်လုပ်ကိုင်ရကြောင်း၊ အလုပ်ရှင်နှင့် ပွဲစားဖြစ်သူတို့ ပြောဆိုသည့် အတိုင်း လုပ်ဆောင်မပေးပါက ရိုက်နှက်ခြင်း၊ နေပူထဲ၌ အလုပ် ခိုင်းစေခြင်း စသည်ဖြင့် အနိုင်ကျင့်မှုများ ရှိကြောင်း အလုပ်သမားများက ပြောသည်။

 အလုပ်သမားအားလုံးတွင် တရားဝင်နေထိုင် အလုပ် လုပ်ကိုင်ခွင့် လက်မှတ်များ ရှိသော်လည်း အလုပ်ရှင်နှင့် ပွဲစားတို့က သိမ်းယူထားကြောင်း၊ အကယ်၍ နေထိုင်မကောင်း ဖြစ်ပါကလည်း အပြင်သို့ သွားရောက်၍ ဆေးခန်းပြခွင့် မရှိကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများကိုပင် အလုပ်ရှင်၏ စီစဉ်ပေးမှု အတိုင်း မွေးရမည်ဟု ဖိအားပေးကြောင်း မိခင်လောင်း ဖြစ်သူ မဝင်းဝင်းသန်းက ပြောသည်။ အလုပ်သမား အများစုသည် အကြွေးကျေပြီ ဖြစ်သော်လည်း နေ့စဉ် လုပ်အားခကို ပုံမှန် မရရှိကြကြောင်း၊ တရက်လျှင် ဘတ် ၅၀၊ ၁၀၀၊ ၂၀၀ စသဖြင့်သာ ရှင်းပေးကြောင်း၊ လုပ်အားခ နည်းပါးပြီး ပုံမှန် မရသည့် အခါ ထမင်းနပ် မမှန်ကြောင်း အလုပ်သမား တဦး ဖြစ်သူ မစန္ဒာမြင့်က ပြောသည်။

 ၎င်းက “ကျမ ရောက်တာ ၈ လပဲ ရှိသေးတော့ အကြွေးက မကျေသေးဘူး၊ အဲဒါကြောင့် လုပ်အားခ ပုံမှန် မရဘူးပေါ့၊ ၅၀ ပေးလိုက်၊ ၁၀၀ ပေးတဲ့အခါ ပေးလိုက် ဆိုတော့ ထမင်းမဝတဲ့ ရက်တွေ ရှိတယ်၊ တခါတလေ ထမင်းလုံးဝ မစားရတဲ့ ရက်လည်းရှိတယ်” ဟု ဆိုသည်။ မစန္ဒာမြင့်နှင့်အတူ မောင်တဦးလည်း ရှိနေသည့် အတွက် အလုပ်ရှင်ပေးသည့် လုပ်အားခနှင့် စားဝတ်နေရေး မပြေလည် ကြောင်း၊ ထို့ကြောင့် အလုပ်ပြောင်းရွှေ့လိုသော်လည်း အပြင်ထွက်ခွင့် မရကြောင်း ရှင်းပြသည်။ 

အလုပ်သမားများ အပြင်ထွက်ခွင့် မရစေရေး အတွက် အလုပ်ရှင်နှင့်နီးစပ်သည့် ပွဲစား ကိုအနိုင် ဆိုသူသည် အလုပ်ရုံထဲ၌ စားသောက်ဖွယ်ရာများကို ရောင်းချကြောင်း၊ ၎င်းရောင်းချသည့် ဈေးနှုန်းသည် အပြင်ထက် ၂ ဆ နီးပါး ကြီးမြင့်နေသည့် အတွက် အပြင်ထွက်ဝယ်ရန် ပြောဆိုပါက ခြိမ်းခြောက်မှုများ ပြုလုပ်ကြောင်း၊ ပွဲစား ကိုအနိုင်သည် ထွက်ပြေးလွတ်မြောက် နေကြောင်း သိရသည်။ မဟာချိုင်ဒေသ အပြင် ထိုင်းနိုင်ငံ၏ တခြား ဝေးလံသည့် ဒေသများ၌ ပိတ်လှောင်ခံထားရသည့် မြန်မာနိုင်ငံသားအများ အပြားရှိနိုင်သေးကြောင်း၊ ၎င်းတို့ အဖွဲ့ အနေဖြင့်လည်း အဆက်အသွယ် ရသူများကိုသာ ကယ်ထုတ်နိုင်ကြောင်း၊ ပိတ် လှောင် ခံထားရသူများအနက် အစုလိုက်၊ အပြုံလိုက် ကယ်ထုတ်နိုင်မှုသည် တနှစ်လျှင် သုံးလေးကြိမ် အထိ ရှိကြောင်း ဦးခိုင်ကြီးက ပြောသည်။

 ၎င်းက “မဟာချိုင်လို မြို့လယ်မှာတောင် ဒီလိုမျိုး အုပ်စုလိုက် လှောင်ပိတ်ခံနေရတော့ တခြားဒေသတွေမှာ လူမသိ၊ သူမသိဘဲ လှောင်ပိတ်ခံနေရသူတွေ ဘယ်လောက်အထိ ရှိမယ်ဆိုတာ ခန့်မှန်းကြည့်ရင် သိနိုင်တယ်။ အများကြီး ရှိနေဦးမှာပါ” ဟု ဆိုသည်။ ထိုင်းနိုင်ငံ မဟာချိုင် ပုစွန်စက်ရုံက ပြန်လည်လွတ်မြောက်လာသည့် မြန်မာအလုပ်သမားများ (ဓာတ်ပုံ – MAT)