25 March 2014

စာချုပ်စည်းကမ်းချက်တွေမညီဘူးလို့ MOU အလုပ်သမား၃၅ဦးကဆို”


မင်းဘခက်  ၂၀၁၄ မတ်လ၂၅
           စာချုပ်ပါစည်းကမ်းချက်များနှင့်ကိုက်ညီခြင်းမရှိခြင်းနှင့် အတူတူလာသည့်အလုပ်သမား၅ဦးတို့အား မဟာချိုင်ပုလိပ်များဖမ်းဆီးခေါ်ဆောင်သွားခြင်းတို့အား ကျေနပ်မှုမရှိကြောင်း အလုပ်သမားများက ပြော သည်။
           စမွတ်စာခွန်ခရိုင် မဟာချိုင်မြို့နယ်၊ နီခွန် လမ်း၁၁ တွင် အလုပ်လုပ်ကြသည့် မြန်မာအလုပ်သမား ၃၅ ဦးတို့သည် ၂၀၁၄ ခု ဖေဖေါ်ဝါရီလ၂၂ ရက်နေ့က ရန်ကုန်မြို့အခြေစိုက် မေ၀င့်ကုမ္ပဏီမှ ထိုင်းနိုင်ငံသို့ တင်ပို့ထားသည့်အလုပ်သများအနက်မှ ခွဲခြားပို့ထားသည့် အလုပ်သမားများဖြစ်ကြသည်။ 

အလုပ်သမားတစ်ဦးက“စာချုပ်ပါစည်းကမ်းအတိုင်း တစ်ခုမှမညီဘူး။ ကျနော်တို့ဒီရောက်တာ တစ်လကျော် ပြီးလုပ်နေတာ နောက်တစ်နေရာကို ပို့မယ်လို့သူဌေးမ ကပြောနေတယ်။ ၂၃ ရက်နေ့ညဥ့်က သူဌေးမ ဘာသာ ပြန်က ကောင်မလေးတစ်ယောက်ကို ပက်ပက်စက်စက်ဆဲတယ်၊ ပြီးတော့ မိုက်တဲ့ကောင်တွေ ထွက်ခဲ့ ဆိုပြီး မိုက်ကြေးခွဲတာ၊ မခံနိုင်တဲ့ ကျနော်တို့ရွာသားတွေက တွေ့ကရာနဲ့ ကောက်ပေါက်ကြလို့ ရုန်းရင်းဆံခတ် ဖြစ်ကြတယ်။ ၄ယောက်ကို မဟာချိုင်ပုလိပ်တွေလာဖမ်းသွားတယ်။ ဒီလူတွေကို ကျနော် တို့ဆီကို ရောက် အောင်ပြန်ပို့ပေးပါ။ ပြီးတော့ စာချုပ်ပါစည်းကမ်းချက်တွေနဲ့ တစ်ခုမှ မညီတာကို သံရုံးမှာ ရှင်းပါ။ ပြီးမှ ကျနော်တို့ အလုပ်ဆက်လုပ်သင့်မသင့်ဆုံးဖြတ်မယ်” ဟုပြောသည်။


              ရန်ကုန်မြို့မှ အမည်မဖေါ်လိုသော အေဂျင်စီ ဒါရိုက်တာတစ်ဦးက “အလုပ်သမားတွေကို စာချုပ်ပါ နေရာမှာပဲလုပ်ခွင့် ရှိပါတယ်။ ဟိုပြောင်း ဒီခွဲလုပ်လို့မရပါဘူး။ မေ၀င့်ကုမ္ပဏီက ဘန်ကောက်ကို တစ်ခေါက်မှ လာစရာမလိုဘူး။ အလုပ်သမားခေါ်စာတွေ လိုချင်သလောက်ရတာ။ အလုပ်သမားပြဿနာ တွေတက်လာရင် အလုပ်သမားသံအရာရှိနဲ့ သူ့အနားကလူတွေနဲ့ ဖျောက်ဖျက်ပြစ်လိုက်တာ။ တော်တော် ပိုင်တဲ့ ကုမ္ပဏီပဲ။ သူက လူကြီးတွေဆီကို အ၀င်လည်းညက်တယ်။ အလုပ်သမား အာဏာပိုင်တွေ အိမ်ကို တိုက်ရိုက် သွားပေးနိုင်တဲ့သူဗျ။ ခု ပါးရိုက်တာ ဘီယာဗူးနဲ့ပေါက်တာ ပြောင်းချင်းတဲ့နေရာကိုပြောင်းတာ အလုပ်သမားတွေကြောက်လို့ထွက်ပြေးတာ ဒီလောက်ဖြစ်နေတာ မြန်မာအစိုးရနဲ့  အေဂျင်စီများအဖွဲ့ချုပ် အရေးယူမလား မယူဘူးလား စောင့်ကြည့်ကြတာပေါ့” ဟုပြောသည်။


             ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“MOUဆိုတာ GtoG လို့ခေါ်တဲ့ အစိုးရချင်းတင်ပို့တဲ့ကိစ္စဖြစ်တယ်။ သိက္ခာရှိရှိဖြစ်သင့် တဲ့ ကိစ္စဖြစ်တယ်။ ကျနော်တို့က အားနည်းချက်တွေကို ထောက်ပြပါတယ်။ တွင်းကျကျလေ့လာကြည့်တဲ့ အခါ MOU ကုမ္ပဏီတို့ ပတ်စပို့ လုပ်တဲ့ကုမ္ပဏီတို့ဆိုတာ ထိုင်းနဲ့မြန်မာအာဏာပိုင်တွေ တည်ထောင်ထား တဲ့ ကုမ္ပဏီတွေဖြစ်နေတယ်။ ပါတ်သက်တဲ့ကုမ္ပဏီရှိတယ်။ ဒီလူကြီးတွေဟာ MOU နဲ့ပတ်စပို့မူဝါဒတွေကို ဒီကုမ္ပဏီတွေနဲ့ အတည်း ပြုကြတာ။ ကျနော်တို့လို လွတ်လပ်တဲ့ အသင်းအဖွဲ့တွေမပါဘူး။ အလုပ်သမား ကိုယ်စားလှယ်တွေမပါဘူး။  ဘယ်လိုလုပ်ပြီး အလုပ်သမားတွေရသင့်ရထိုက်တာပါတော့မလဲ။ သူတို့ အကျိုးအမြတ်ကို  အခြေခံပြီး မူချမှတ်လုပ်နေကြတာလေ။ ပုလိပ်တွေဖမ်းစားတာ၊ ဒါလည်းပါတာပေါ့။ ပတ်စပို့ပါရင်၊၀တ်ပါမစ်ပါလား၊ ထောရောပါလား၊ ဖန်ကောက်ပါလား၊  ပုလိပ်ဉာဉ်ဆိုးတွေနဲ့ညစ်တော့ တာပေါ့” ဟုပြောသည်။

 “ပတ်စပို့ရှိရင် လွတ်လွတ်လပ်လပ်ခရီးသွားခွင့်ရှိတယ်လို့ နှစ်နိုင်ငံအစိုးရပြောခဲ့တယ်။  ပုလိပ်တွေဖမ်းစား တယ်။ ဘာကြောင့် ထိုင်းအလုပ်သမားဝန်ကြီးနဲ့ ဗမာအလုပ်သမားဝန်ကြီး  မရှင်းနိုင် တာလည်း။ MOU အလုပ်သမားတွေ ပုလိပ်ဖမ်းတယ်။ GtoG အစိုးရချင်း လူပို့တာဆို၊ ပုလိပ်တွေက ဓါးပြ တွေလား၊ အစိုးရ မဟုတ်ဘူးလား။ လုပ်ထားတဲ့မူလည်းကြည့်အုံးပတ်စပို့၂နှစ်ဗီဇာခလည်းပေးထားရပြီ ၃လတစ်ကြိမ် တုံးထု ရတယ်။ ပတ်စပို့ရှိတဲ့ ဘယ်နိုင်ငံသားကိုမှ ထိုင်းတွေမဖမ်းစားဘူး။ မြန်မာအစိုးရနဲ့ မြန်မာသံရုံးတို့ အလုပ် သမားတွေခံနေရတဲ့ မူတွေကိုပြင်ဖို့ မကြိုးစားကြဘူး။ MOUနဲ့ ပတ်စပို့လုပ်ခွင့်ရဖို့၊ ဂွင်ဖန်ဖို့ လောက်ပဲ စဉ်းစားကြတာဗျ။ အလုပ်သမားတွေ သက်သာလာစရာကိုမရှိဘူး” ဟု ဆက်လက် ပြောဆိုသည်။

၂၀၁၀ ခုနှစ်မှ  စ၍  နှစ်နိုင်ငံ GtoG အလုပ်သမားများတင်သွင်းသည့် MOU လုပ်ငန်းစဉ်အတွင်းယနေ့ အချိန်အထိ MOU အလုပ်သမားပေါင်း တစ်သိန်းကျော်ခန့်ရှိနေပြီဖြစ်ကြောင်း ရန်ကုန်မြို့မှ အေဂျင်စီ ဒါရိုက်တာ ကပြောသည်။ လုပ်ရပ်မှားယွင်းသည့် ကုမ္ပဏီအချို့တို့အား လိုင်စင်ရပ်တန့်ထားသော်လည်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီပေါင်း ၁၈၀ ၀န်ကျင်းရှိနေသေးကြောင်းသိရှိရသည်။


ဖြည့်စွက်ချက်။              ။ ဖမ်းဆီးခံအလုပ်သမား၎ဦး ၂၅၊ ၃၊၂၀၁၄ နေ့ ညဥ့် ၁၀နာရီခွဲတွင် ပြန်လည် လွတ်မြောက် လာ ပြီဖြစ်သည်။ အလုပ်သမားများအား ထိုင်းတောင်ပိုင်း သို့ပို့မည်ဖြစ်သဖြင့် အလုပ်သမား များက မလိုက်ရဲကြောင်း ပြောကြပါသည်။
                 ရန်ကုန်တွင်စာချုပ်လာချုပ်သည့် အမျိုးသမီးက ပုလိပ်ကိုခေါ်လိုက်သဖြင့် ထိုင်းတောင်ပိုင်းကို မလိုက်လိုည့် အလုပ်သမားကျား၂၁ဦး မ၁ဦး(ပေါင်း ၂၂ဦး)တို့အား မဟာချိုင်ရဲစခန်းသို့ ည၁၁နာရီခွဲတွင် ခေါ်ဆောင်သွားကြောင်း အလုပ်သမားများက MAT အဖွဲ့သို့ ပြောဆိုခဲ့သည်။