02 May 2014

“ကျနော်နဲ့မြန်မာဘေးဒုက္ခကြီး၂ခုကူညီမှု”

                                    

(၁) နာဂစ်
လူပေါင်းတစ်သိန်းကျော်သေခဲ့တဲ့ ဧရာဝတီတိုင်းက နာဂစ်မုန်တိုင်း။ ၆နှစ်ပြည့်ခဲ့ပြီး  အမှတ်ရစရာတွေကျန် နေခဲ့တယ်။ မနေ့တစ်နေ့ကလိုပဲ စိတ်ထိခိုက်မိတယ်။ ကြေကွဲဝမ်းနည်းဖို့ကောင်းတဲ့ဖြစ်ရပ်မြင်ကွင်း။

        ထိုင်းနိုင်ငံအတွင်းမှာ အလွန့်အလွန်နာမည်ကြီးတဲ့ အလုပ်သမားအဖွဲ့တစ်ခုမှာ  ဘန်ကောက် တာဝန်ခံ အဖြစ်၂နှစ်ကျော်ကြာလုပ်ရာကနေ အကြောင်းအမျိုးမျိုးကြောင့်နုတ်ထွက် လိုက်တာရက်ပိုင်းပဲ ရှိသေး တယ်။  လူအများနဲ့ပြောရမယ့်အလုပ် မလုပ်တော့ဘူးလို့  ဆုံးဖြတ်ပြီးနားနေချိန် ၂၀၀၈  ခုနှစ်မေလ ၂ရက်နေ့မှာ ဧရာဝတီတိုင်းကို နာဂစ်မုန်းတိုင်း ၀င်ရောက်တိုက်ခတ်သွားတဲ့ ဧရာမသတင်းဆိုးကြီးကြား လာရတယ်။ 

အရပ်ရပ်အနယ်နယ်သာမက အခြားနိုင်ငံတွေကပါ ကူညီရေးကော်မတီတစ်ခုဖွဲ့ပြီးအမည်ခံ ထားပေးဖို့ ၎င်းတို့ ၀ိုင်းဝန်းလုပ်ပေးဖို့  ကတိပြုပြီး တောင်းဆိုလာကြတယ်။ ထိခိုက်မှုများနေတဲ့ ဘေးဒုက္ခရဲ့ အခြေ အနေကို သတင်းထောက်လုပ်နေသူတစ်ဦးအနေနဲ့ ဥပေက္ခာမပြုနိုင်တော့ပဲ နာဂစ်ကူညီရေးယာယီ ကော်မတီ ဆိုတာကို ဖွဲ့လိုက်ရပါတော့တယ်။


               ငွေကို ကိုင်တွယ်ဖို့အတွက် ရခိုင်စာသင်သားသံဃာတစ်ပါး အဆိုတင်သွင်းမှုကြောင့် တစ်ခါမှ မမြင်ဘူးတဲ့  ဗမာစာသင်သားရဟန်းတစ်ပါးကိုလည်း ဘဏ္ဍာရေးမှူး၊ ဘဏ္ဍာထိန်းအဖြစ် တာဝန်ပေးလိုက် ကြပါတယ်။

             နာဂစ်ဘေးဒုက္ခကြုံရချိန်မှာ ဦးသန်းရွှေ အုပ်ချုပ်တုန်းဖြစ်ပါတယ်။ ပြည်တွင်းကို အလှူငွေ ပို့ဖို့နဲ့ အကူညီပစ္စည်းတွေပို့ဖို့ အလွန့်အလွန်ခက်ခဲ့တဲ့ကာလလည်းဖြစ်ပါတယ်။ တိုက်ရိုက်သွားလှူလို့မရ၊ ပို့မရနဲ့ ပြည်ပအလှူရှင်တွေနည်းတူ ကျနော်တို့လည်း အတော်ပဲ အခက်အခဲကြုံခဲ့ကြပါတယ်။

ကော်မတီဖွဲ့ပြီး ၃ရက်အကြာမှာ ကျပ်ငွေ ၆၄သိန်း လောက်ကို ရန်ကုန်နာမှုကူညီရေးအသင်းကတစ်ဆင့် ကူညီနိုင်ခဲ့တယ်။ တစ်ပတ်အတွင်းမှာ ကျပ်ငွေ သိန်း၂၀၀လောက်အထိရလာပြီးတော့ သောက်ရေသန့် ဆေးဝါး၊ အ၀တ်အထည် ခေါက်ဆွဲခြောက်တွေ ထားစရာနေရာမရှိလောက်အောင်ဖြစ်နေခဲ့ရပါတယ်။ ကျနော်တို့ ကော်မတီတွေဟာ အလှူခံစရာ အထွေအထူးမလိုတော့ပဲ အလုပ်သမားတွေ လှူလာကြတဲ့ ငွေတွေနဲ့ပစ္စည်းတွေကို ထိန်းသိမ်းဖို့ စုဆောင်းဖို့ပဲ လုံ့လစိုက်ထုတ်လာရပါတယ်။

ကျနော်တို့ ကယ်ဆယ်ရေးကော်မတီဖွဲ့ပြီး တစ်ပတ်ခန့်အကြာမှာ ဘန်ကောက်မြို့မှာ နိုင်ငံရေးအင်ဂျီအို လောကမှာ နာမည်ကြီးတဲ့ ဒါရိုက်တာတစ်ယောက်က ကျနော့်ကိုဖုန်းဆက်လာပါတယ်။  သူဟာ ကူညီမှု လုပ်ငန်းစဉ်အဟောင်းတစ်ခုကြောင့် ရှေ့ကိုထွက်ပြီး နာမည်ခံလို့မဖြစ်ကြောင်း၊ သူ့ရုံး မှာလာရောက်၍  စုပေါင်းလုပ်စေလိုကြောင်း၊ သူ့ရုံးကျယ်ဝန်းသဖြင့် ပစ္စည်းများပါ လာရောက် ထားနိုင်ကြောင်း ပြောဆို စည်းရုံးလာသည်ကို ကျနော်တို့ကော်မတီက လက်ခံခဲ့တယ်။  တပြိုင်တည်းမှာပဲ မမြင်ဖူးပဲ ရဟန်းဆို
တဲ့ယုံကြည်မှုနဲ့ ဘဏ္ဍာရေးမှူးခန့်ထားသူကို  အဲဒီရုံးမှာ နေ့တိုင်း ရုံးထိုင်ဖို့တာဝန်ပေးလိုက်ပြီးတော့ ကျနော် တို့ကော်မတီတွေအားလုံးကတော့ ထိုင်းနိုင်ငံအနှံ့အလှူပစ္စည်းတွေလိုက်စုကြပါတော့တယ်။    

ပြည်တွင်းသို့ မည်သို့သော အလှူမှ ပို့မရအောင် ပိတ်ဆို့ထားနာကို ကျနော်မိတ်ဆွေ ကုန်ပို့ကိုယ်စား လှယ်တစ်ဦး အကူညီနဲ့ ရန်ကုန်မြို့သို့ ပထမဦးဆုံး ကုန်တင်ကားကို အရောက်ပို့ပေးနိုင်ခဲ့တယ်။ ပထမဆုံးအလှူပစ္စည်းကားနဲ့ငွေအချို့ပို့ခဲ့တဲ့နောက်မှစပြီး အထက်ပါ စာသင်သားရဟန်းဘဏ္ဍာရေးမှူးနဲ့ နိုင်ငံရေးအင်ဂျီအိုတို့က  ငွေအ၀င်အထက် ပစ္စည်းအ၀င်အထွက်တို့ကို ဒိုင်ချုပ်ကြီးများအဖြစ်  လက်ဝါးကြီး အုပ်ကြပါတော့တယ်။ ကျနော်နဲ့ မူလ ကော်မတီဝင်တွေကတော့ ထိုင်းနိုင်ငံအနှံ့နေရာစုံက အလှူပစ္စည်း တွေကို စုဆောင်းပြီတော့ ကားကြီး ကားငယ် အသွယ်သွယ်နဲ့ နိုင်ငံရေးအင်ဂျီအိုရုံးကို နေ့ရောညပါ အခေါက်ပေါင်းများစွာ ပို့ဆောင်ပေးကြပေမယ့် သကောင့်သားတွေက ရုံးမှာ အင်္ဂလိပ်အလှူရှင်တွေနဲ့ စတိုင်ကျလို့ ပါဝါပြလို့ပဲ။ ဒါပေမယ့် ကျနော်တို့တွေဟာ  ကုသိုလ်ယူကြသူတွေမို့ ဘာမှမပြောကြဘူး။

              ၆လကြာတဲ့အခါ  ငွေစါရင်းတစ်ခုပြုစုပြီး မရှင်းလင်းသည်များကိုသိလိုပါက မေးမြန်းနိုင်ပါသည် ပုံ…. ဘုန်းကြီး ဆိုပြီး အစည်းဝေးမှာတင်ပြလာလို့ ကျနော်လွှင့်ပစ်ခဲ့တယ်။ တိုရှင်းပြောရရင် ဗမာပြည်ကို ဘယ်သူမှ ပို့လို့မရတဲ့အနေအထားမှာ ပထမဦးဆုံးရောက်အောင် ပို့နိုင်ခဲ့တဲ့ကော်မတီမို့ နိုင်ငံတကာအလှူ ရှင်တွေ  အဖွဲ့အစည်းတွေက အလှူပစ္စည်းတွေ၊ ဒေါ်လာတွေ အမြောက်အမြား  လာရောက်လှူဒါန်းခဲ့ ပေမယ့် ဒီကော်မတီစါရင်းရှင်းတမ်း မထွက်ခဲ့ဘူး။ သကောင့်သားတွေပို့တဲ့ကား မဲဆောက်တောရ ကျောင်းမှာ ၀ါဆိုသွားလို့ စားစရာနဲ့ဆေးဝါးတွေ အကုန်ပစ်လိုက်ရတယ်။ ဒါကြောင့် ကျနော်တို့မူလ ကော်မတီက စတိတ်မင့်တစ် စောင်ထုတ်ပြန်ပြီးတော့ နိုင်ငံတကာအလှူရှင်တွေသိအောင်လုပ်ခဲ့ရတယ်။  ဒါကတော့ နာဂစ် မှာ ကိုယ်ကျိုးရှာခဲ့တဲ့ စာသင်သားဗမာရဟန်းလိမ်တစ်ပါးနဲ့ လူလယ်အင်ဂျီအို တစ်ခုရဲ့ ကိုယ်ကျိုးရှာမှုနဲ့တာဝန်မဲ့မှုဖြစ်တယ်။ အသေးစိတ်ပြောစရာတွေအများကြီးပဲ။

            ဘ၀ပေါင်းများစွာ ပျက်စီးခဲ့ကြပေမယ့် ဦးသန်းရွှေအစိုးရက နိုင်ငံတကာအကူညီတွေကိုပိတ်ဆို့ ဟန့်တား။ ၀န်ကြီးတစ်ပါးက ဖါးတွေငါး တွေရှာစားလို့ရတယ်လို့ပြော။ နာဂစ်ဒေသ ကိုစီမံခန့်ခွဲတဲ့ အရာရှိ တွေများ ပွပေါက်တိုးခဲ့ကြတယ်။ ကူညီသူတွေကိုဖမ်းဆီးထောင်ချ။ ဦးသန်းရွှေ ရဲ့အကြင် နာမဲ့မှုနဲ့ အလောင်းကောင်တွေရဲ့ ဓါတ်ပုံတွေ၊ အပျက်စီးပုံတွေရဲ့ VDO ကလစ်တွေဟာ ပြည်ပမှာ ရွှေဖြစ်ခဲ့တယ်။       ပြည်ပအခြေစိုက်နိုင်ငံတကာ အင်ဂျီအိုတွေနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေကတော့ နာဂစ်ရွှေအိုးထမ်း သွားခဲ့ကြတယ်။     ။

(၂)   ဂီရိ  ရခိုင်လေဘေး။

အသေအပျောက်နည်းပေမယ့်အပျက်အစီးများတဲ့ ရခိုင်လေဘေးဖြစ်တယ်။
              ဒုတိယဘေးဒုက္ခကူညီမှုဖြစ်တဲ့ ၂၀၁၀ ခုနှစ်ရခိုင်ပြည်နယ်မှာ ဂီရိ လေဘေးဒုက္ခတစ်ခုထပ်ကြုံ ပြန်တယ်။ အဖွဲ့အစည်းတွေများများပြီး အငြင်းအခုံ အသောက်အစား အလွန်ထူပြောတဲ့ ရခိုင်လူငယ်တွေနဲ့ အလုပ်လုပ်ဖို့ကို လက်ရှောင်နေခဲ့တဲ့ ကျနော်ဟာ ကော်မတီမှာ နာယက အကြံပေးအဖြစ်မဖြစ်မနေပါလိုက် ရပါသေးတယ်။  အမှန်တကယ်အလုပ်လုပ်ကြတဲ့အခါ ရခိုင်စာသင်သား ရဟန်သံဃာတွေရော ကူညီရေး ကော်မတီတွေအားလုံးသန့်သန့်ရှင်းရှင်း လုပ်ကိုင်ကြတာကို အံ့သြဖွယ်ကောင်းလောက်အောင် တွေ့ရှိရပါ တယ်။ ၀မ်းမြောက်ဖို့လည်းကောင်းပါတယ်။ ကျပ်ငွေသိန်းရာပေါင်းများစွာ ကူညီပေးနိုင်ခဲ့ပါတယ်။ ဘယ်သူမှ အလွဲသုံးစားလုပ်တာမရှိခဲ့ကြပါဘူး။

           ကျနော် ထိုင်းနိုင်ငံအတွင်းမှာ ဆယ်စုနဲ့ချီပြီး အလုပ်လုပ်ပြီး မိသားစုဆီကို ငွေပို့လို့ ရင်းနှီးခဲ့တဲ့ နယ်စပ် ငွေလွှဲဒိုင် ကြီးတစ်ခုရှိပါတယ်။ နာဂစ်တုန်းက ကျနော် အလှူငွေတွေလွှဲဖူးတယ်။ အခြားအလှူတွေ အတွက်၊ အခြားနိုင်ငံတွေက အလှူငွေတွေကိုလည်း ကျပ်သိန်းရာပေါင်းများစွာပို့ဖူးပါတယ်။ ဒီငွေလွှဲဒိုင်ဟာ ဘယ်သို့သော အလှူငွေကိုမှ အကျိုးဆောင်ခ တစ်ပြားတစ်ချပ်မှ မယူပါဘူး။ တော်တော်လေးစားဖို့ကောင်း တဲ့ သာဓုခေါ်ချင်စရာဖြစ်ပါတယ်။

            ဂီရိ ရခိုင် ဘေးဒုက္ခကူညီရေးကော်မတီ(ထိုင်း)ကပထမဦးဆုံးရရှိတဲ့ ကျပ်ငွေသိန်းဆယ် ကဏန်း ရှိတဲ့ငွေကို ရခိုင်ပြည်နယ်သို့ လွှဲဖို့အတွက် ကော်မတီတွေ အလှူရှင်တွေကို ခေါ်ပြီးတော့ ဘန်ကောက်မှာ အစည်းဝေးလုပ်ကြပါတယ်။ လှူမယ့်နေရာ လှူမယ့်ပစ္စည်း လှူမယ့်ငွေအရေအတွက်တွေကို အများသ ဘောတူညီချက် ယူကြပါတယ်။ အဲဒီမှာ  ငိုအားထက် ရည်အားသန်စရာတစ်ခုတော့ဖြစ်ခဲ့တယ်။

         ကျနော်အလှူငွေတွေ လွှဲနေကျ ငွေလွှဲဒိုင်ကြီးကို ကော်မတီလူကြီးတွေကို ဖုန်းဆက်ပြီးတော့ ငွေပေါက်ဈေးကိုမေးစေပါတယ်။ မြန်မာကျပ်ငွေ ဘယ်လောက် ရန်ကုန် ကော်မတီကို ရောက်မယ်ဆိုတာကို မေးစေပါတယ်။ အဲဒီအချိန်မှာ  ကော်မတီဝင်တစ်ယောက်ဖြစ်တဲ့ မဟာချိုင်က ရခိုင်ပွဲစားတစ်ယောက် က အလှူငွေများကို သူကိုယ်တိုင်လွှဲရမှ လက်ခံမယ်။  မဟုတ်ရင် သူကောက် ခံလာတဲ့ မဟာချိုင်က အလှူ ငွေတွေကို သူ မလှူနိုင်ဘူးလို့ ပြောပါတယ်။ ငွေကဘယ် လောက်ကွာ နေသလဲဆိုတော့ သူ့ကိုလွှဲခိုင်းလျှင် ကျပ်ငွေ လေးသိန်း ကွာနေပါတယ်။ ဒါပေမယ့် ကော်မတီက နောက်ထပ် ကူညီစရာ ကိစ္စရပ်တွေမှာ လက် တွဲ လုပ်ကြရအုံးမှာဖြစ်တဲ့အတွက် ဒီတစ်ကြိမ်ကိုတော့ လွှဲပါစေဆိုပြီး ကော်မတီက လက်လျှော့ပေးခဲ့ ရပါ တယ်။ ကျပ်ငွေလေးသိန်း ဒုက္ခသည်တွေလက်ထဲကိုမရောက်ဖြစ်သွားခဲ့ပါတယ်။

               ဒါကြောင့်  ထိုင်းတောင်ပိုင်းနေရာအချို့က ရခိုင်လူမှုအဖွဲ့အစည်းငယ်လေးတွေဟာ ကိုယ့် ငွေကိုကိုယ် ရန်ကုန်သွားလှူကြတယ်။ အင်တာနက်ထဲက  သတင်းတွေကို ရောင်စုံစာစောင်ထုတ်ပြီး လုပ်စားတဲ့ ရခိုင်အဖွဲ့တစ်ခုက ဂီရိ အပျက်အစီးတွေကို ဓါတ်ပုံသွားရိုက်မယ်။ မှတ်တမ်းသွားယူမယ်။  ဒီကော်မတီက လမ်းစရိတ်ပေးရမယ်လို့ မရှက်မကြောက်ပြောတာကို အမုန်းခံပြီး ပယ်ချခဲ့ရသေးတယ်။

          နာဂစ်ဘေးဒုက္ခမှာရော  ဂီရိဘေးဒုက္ခမှာပါ ရဟန်သံဃာတွေ လူပုဂ္ဂိုလ်တွေရဲ့ သဘောသဘာဝ တွေကို သိရှိခွင့်ရရှိခဲ့တယ်။ ဘောင်ချာတွေအလွဲသုံးစားလုပ်၊ အလှူပစ္စည်းတွေကိုဖျောင်ပစ်  အမျိုးမျိုး ရှိခဲ့ကြတယ်။ သူတို့ကိုယ့်ကျင်နဲ့သူတို့သမိုင်းရေးထိုးခဲ့ကြတယ်။

  အော်…မတော်လောဘ နေရာတိုင်းမှာရှိတယ်ဆိုတာ နာဂစ်နဲ့ ဂီရိက  ကျနော့်ကို သက်သေပြခဲ့တယ်။ ဘေးဒုက္ခကူညီရေးကို သန့်ရှင်းစွာ လုပ်ကိုင်ပေးခဲ့ကြတဲ့ ကော်မတီများအားလုံးကို အစဉ်လေးစားလျှက်

ကျော်သောင်း