
မတ်လ ၃၀
ကိုတီး(ရခိုင့်တံခွန်)
တရားမ၀င်အလုပ်သမား၂၀ဦး တင်ဆောင် လာခဲ့သည့် ကားတိမ်းမှောက် ခဲ့မှုကြောင့် ဒဏ်ရာရ ရရှိပြီး အယုဒ္ဓယ ဆေးရုံကြီးဆေးဝါးကုသမှုခံနေရာမှ အသက် ၁၈နှစ် အရွယ် မစာဥ မှာပြီးခဲ့သည့် ညဥ့်က ထွက်ပြေးသွားကြောင်း တာဝန်ရှိသူများ ပြောပြ ချက်အရသိရှိရသည်။
ဆေးရုံတွင် ကျန်နေခဲ့သူများမှာ အသက် ၁၂နှစ် အရွယ်ကရင်အမျိုးသားငယ်တစ်ဦး၊ အသက်၁၅ နှစ် အရွယ် ကရင် အမျိုးသားငယ်တစ်ဦး၊ ၂၆နှစ်အရွယ် မွတ်ဆလင် အမျိုးသားတစ်ဦး၊ အသက် ၂၇ နှစ်အရွယ် ကရင် အမျိုးသား တို့ ဖြစ်ကြသည်။
ပထုံဌာနီ ထာမဆတ် တက္ကသိုလ်အနီး စွန်လန်းစစ် ထန်မစ ချလွန် ဖကရာတ် ဆေးရုံ တွင်ထားရှိ သည့် သေဆုံး သူများအနက် မမြင့်မြင့်အေး(အသက် ၂၀နှစ် ကရင် ) မန်းယဉ်ချော(အသက် ၁၉နှစ် ကရင်)နှင့် မောင်ကျော် ဇေယျ(ကရင်) တို့၏ အလောင်းတို့အား သဂြိုဟ်ရန်ထုတ်ယူ သွားကြပြီးဖြစ်သည်။

ကျန်ရှိနေသေးသည့် အလောင်းများမှာ အသက် ၃၀ အရွယ် ရှမ်းအမျိုးသမီး တစ်ဦး နှင့် အသက် ၁၅ နှစ် အရွယ် မသီရိဝင်ဆွေ နှင့် မခင်ဌေး အသက် ၂၀ခန့်  (လိပ်စာမသိ) တို့ဖြစ်ကြသည်။
သေဆုံးသူ မမြင့်မြင့်အေး၏ အဒေါ်တော်စပ်သူ မနှင်းနှင်းအေး က“ ကျမ တို့ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ BAT ရုံး ကို သွားပြီးတော့ အကူအညီတောင်းတယ်။ အဲဒီရုံးက ကိုအောင်ဆန်းဦးကိုယ်တိုင် မြန်မာသံရုံးကိုလိုက်ပို့ ပေးပါတယ်။ သံရုံးက တာဝန်ရှိတဲ့ လူကြီးတစ်ဦးက သဂြိုဟ်စရိတ်အတွက် ဘတ်ငွေ ၃၀၀၀ အကူအညီပေးလိုက်ပါတယ်၊ ကူညီပေးကြသူတွေ အားလုံးကိုကျေးဇူး တင်ပါတယ်” ဟုပြောသည်။
အယုဒ္ဓယ အချုပ်ခန်းတွင် အမျိုးသမီး ၂ဦးနှင့် အမျိုးသား ၇ဦး (ရှမ်းအမျိုးသားတစ်ဦးနှင့် ကရင်၆ဦး) တို့ ရှိနေသည်။ ထိုအထဲ အသက်၁၅နှစ် အရွယ် ကရင်အမျိုးသား ကလေးငယ်တစ်ဦး၊ အသက်၁၆နှစ်အရွယ် ကရင်အမျိုး သမီးငယ်တစ်ဦးနှင့် ကရင်အမျိုးသားငယ် တစ်ဦး တို ပါဝင် သည်။ အခြားလူများမှာ အသက်၁၈ မှ အသက် ၂၆ အတွင်းလူများဖြစ်ကြကာ အသက် ၄၃ နှစ် အရွယ် အမျိုးသမီးတစ်ဦး ပါရှိပါသည်။
ဒဏ်ရာအနည်းငယ်သာရရှိပြီး အယုဒ္ဓယ လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းတွင်ရောက်ရှိေ နသော ကော့ကရိတ်မြို့သား ကိုဂျမာတင် က“ ကျနော်တို့ ကားနောက်က အခန်းမှာ အိပ်နေရတယ်၊ အပေါ်က အဖုံး အုပ်ထား တယ်။ နောက်က ပုလိပ်ကားလိုက်လာတယ်။ ကားကိုဟွန်းတီးပြီး မိုင်ကုန်မောင်းတယ်။ ကျနော်တို့ ရေထဲကိုရောက်သွားမှ သတိရတယ်။ နောက်ဆို ထိုင်းကို မလာတော့ဘူး” ဟုပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က တရားမ၀င် မြန်မာအလုပ်သမား ၂၀ ဦးတင်ဆောင်လာသည့် စူကိုထိုင်း လိုင်စင်၊ ဟိုင်းလတ်ကား အမှတ် ကောခေါ-၇၃၅၀ မှာ ထိုင်းပုလိပ်ကား တစ်စီး လိုက်လာသဖြင့် အရှိန်ပြင်း စွာ မောင်းပြေးစဉ် ဖနခိုစီအယုဒ္ဓယ အနီး ဘန့်ဖယ် ကျေးရွာစောင်ဟောင်း အမှတ်(၂)ရပ်ကွက် ဘန့်ဒွန် နောင် အကွေ့တွင် ရေမြောင်းထဲသို့ ထိုးကျ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။
အများစုမှာ ကရင်ပြည်နယ်မှ ကရင်လူမျိုးများဖြစ်ကြပြီး ဘန်ကောက်၊မဟာချိုင်နှင့်ဆာလာ ဘူရီတို့ သို့  အလုပ်လာလုပ်ကြသူများ ဖြစ်ကြသည်။ အချို့မှာ လူပွဲစားများအား ဘတ်ငွေ တစ်သောင်းခွဲအထိပေး ချေထားကြပြီး အချို့မှာ အလုပ်လုပ်ရင်း ပေးဆပ်ရမည်ဖြစ်ကြောင်းအသက်ရှင် ကျန်ရစ်သည့် အလုပ်သမား များက ပြောသည်။
ထိုင်းကားမောင်းသူမှာ အသက် ၁၆ နှစ်သာရှိသေးကြောင်း ကယ်ဆယ်ရေး လုပ်သားများအဆိုအရ သိရှိရသည်။

၂၀၀၈ခုနှစ်ဧပြီလ၄ရက် နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့မှ အအေးခန်း ကားဖြင့် တင်ဆောင်လာသည့် မြန်မာအလုပ် သမား၅၄ ဦးနေ့တွင် အသက်ရှုမွန်းကြပ်ပြီးသေ ဆုံးခဲ့ဖူးသည်။ ၂၀၀၉ နိုဝင်ဘာ ကလည်း မဲဆောက်က ဘန်ကောက်သို့ လာရောက် အလုပ် လုပ် ကိုင်ကြ မည့် မြန်မာအလုပ်သမား ၁၃ဦးတို့အား ထိုင်းအာဏာပိုင်များ ကပစ်သတ်ခဲ့ သဖြင့် သေဆုံး ခဲ့ဖူးသည်။ အဆိုပါ သေဆုံးမှုများအတွက်ထိုင်းအစိုးရမှမိသားစုဝင်များအားသင့်တော်သည့်နစ်နာကြေးများ ပေးလျှော်ခဲ့
ဖူးသည်။