10 April 2012

မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိမိကိုကြိုးဆွဲချ ခြင်းမဖြစ်နိုင်

    ဧပြီလ ၁၀ ညီလေး(ပဲခူး)ဆောက်လုပ်ရေးအလုပ်သမား မြန်မာတစ်ဦး မလေးရှားနိုင်ငံ ရမ်ပိုင်(၃)လမ်း၊ အမှတ် ၅၅၀၃ တမန်ရိရာဂျာရာ၊ ဆွန်ဝိုင်းပန်တနီမြို့ စာသင်ကျောင်းဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ သစ်ပင် တွင် မိမိကိုယ်ကိုဆွဲကြိုးဆွဲချ သတ်သေထားသည့်ပုံမျိုး ဖြစ်နေကြောင်း အတူတူ အလုပ်လုပ်ခဲ့သူ တစ်ဦး က နေရပ်ရင်းသို့ ပြန်လာစဉ် ပြောပြသည်။ မတ်လ ၂၅ ရက်နေ့က သေဆုံးသူ၏ မိဘများ နေအိမ်တွင် ပြု လုပ်သော ဆွမ်းသွတ် အလှူပွဲတွင် လုပ်ဖေါ်ကိုင်ဘက် တစ်ဦး က ကိုမင်းမင်းထိုက် (ခ) ကတုံး ဆိုသူအား ၉၊ ၃၊၂၀၁၂ရက်နေ့တွင် အသက်ခံရကြောင်း ထို့နောက်ရဲများရောက်ရှိလာပြီး အအေးတိုက်သို့ ပို့ဆောင် ခဲ့ကြောင်း၊ ပြောဆိုခဲ့သည်။
         “ကိုမင်းမင်းထိုက် ကိုယ့်ကိုယ်ကိုဆွဲကြိုးဆွဲချ သေဆုံးတာမဖြစ်နိုင်ဘူး။ သူဟာ မလေးရှားနိုင်ငံ ၄ လုံး ထီ ဒုတိယဆု ပေါက်တယ်။ ဒါကြောင့် အတူတွဲလုပ်တဲ့ မြန်မာအလုပ်သမား သတ်တာ ဖြစ်နိုင်တယ်။ သေဆုံးသူ နဲ့ အတူတူ အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသား ၂ ဦးလည်း ပျောက်သွားတာ စုံစမ်းလို့ မရဘူး” ဟု လုပ်ဖော် ကိုင်ဘက် ဖြစ်သူက ပြောဆိုခဲ့သည်။

   သေဆုံးသူ အသက် ၂၆ နှစ်အရွယ် ကိုမင်းမင်းထိုက်(ခ)ကတုံး သည် ပဲခူးမြို့ ဆေးရုံဟောင်း လမ်း၊ ကျောက် ကြီးစုမြို့ ပတ်တာလမ်းနေ ဦးအောင်သူမိုး (ခ) တရုတ်ကြီး +ဒေါ်ရွှေ တို့၏ သားဖြစ်သည်။ ဦးအောင်သူမိုး က “ ကျနော့်သားက ကိုယ့်ကိုယ်ကို သတ်သေလောက်အောင် သတ္တိနည်းတဲ့သူ မဟုတ်ပါဘူး။ အခြားတစ်ယောက် ယောက်ကသတ်ပြီး လည်ပင်းကို ကြိုးနဲ့ချည်ပြီး ကြိုးဆွဲချသယောင် လုပ်ထားတာ ပဲ ဖြစ်နိုင်မယ်လို့ ယူဆတယ်။ မြန်မာပြည်မှာ စီးပွားရေးအဆင်မပြေလို့ ပြည်ပနိုင်ငံတွေကို ထွက်ပြီး အလုပ် လုပ်ကြသူတွေကို တိရိစ္ဆာန် တစ်ကောင်လို သတ်ချင်တိုင်း သတ်လို့ မရဘူးဆိုတဲ့ အနေအထားမျိုး အကာ အကွယ်ရအောင် သက်ဆိုင်ရာ မြန်မာအစိုးရ သံရုံးတွေက ကူညီပေးစေချင်ပါတယ်။ ကျနော့်သားလို အဖြစ် ဆိုးမျိုး မကြုံကြစေ ချင်လို့ပါဗျာ”ဟု ပြောသည်။
     ကိုမင်းမင်းထိုက် သည် လွန်ခဲ့သော(၇)နှစ်ခန့်က မိသားစု စီးပွားရေး အဆင်မပြေသဖြင့် မလေးရှားနိုင်ငံ တွင် တရားဝင် သွားရောက် အလုပ်လုပ်ကိုင်ပြီး မိဘများအား ငွေရှာပေးခဲ့သူဖြစ်ကြောင်း မိဘများကပြော သည်။