07 May 2013

“ပတ်စပို့ရှိလျှက်နှင့်ဖမ်းဆီးခံရသူ၎ဦးအား လွတ်မြောက်အောင်ကူညီ”

                       မေလ  ၇  ရက် . မင်းဘခက်
         
       စမုတ်စာခွန်ခရိုင်  ကထုန်ဘန်နယ်မြေတွင် အလုပ်သွားရှာကြသည့်ပတ်စပို့ရှိသည့်ရခိုင်အလုပ် သမား ၄ဦးတို့အား နယ်မြေရဲတို့က ဖမ်းဆီးချုပ် နှောင်ပြီး တစ်ဦးလျှင်ဘတ် တစ်သောင်းစီပေးမှ လွတ်မည့်ဟု တောင်းခံနေခြင်းအား ယမန်နေ့က မြန်မာအလုပ်သမားညွန်ကြားရေး မှူးနှင့် MAT အဖွဲ့ တို့ ကယ်တင်နိုင် ခဲ့ကြသည်။


          မေလ  ၅ ရက်နေ့ညနေ ၄နာရီခန့်တွင် မခင်သန်းဝေ၊ မခင်မာဝင်းနှင့် ကိုသန်းဝင်း ဆိုသူတို့ အငှါးကားဖြင့် အလုပ်စမတ်ရမည့် အလုပ်ရုံသို့ လာခဲ့  ကြစဉ် ရဲက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ရဲစခန်းတွင် ညနေစာ မစားရပဲ တစ်ညအိပ်ခဲ့ကြရသည်။ ၎င်းတို့ ၃ဦး အကူညီတောင်းခံလာခဲ့သည်ကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT က အဆိုပါ ရဲစခန်း၏ ဖုန်းနံပါတ်ကို ဆက်သွယ်၍ ပြန်လည်လွှတ်ပေးရန် ပြောဆိုခဲ့သည်။

          သို့သော် အဆင်မပြေခဲ့ပါ။ ထို့ကြောင့်MAT အဖွဲ့က မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက် ရေးကော်မတီမှ အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း ကို ဖုန်းဆက်သွယ်၍ အကူညီတောင်းခံခဲ့ကြ ပါသည်။ ၎င်းက ထိုရဲစခန်းသို့ အကျိုး အကြောင်း မေးမြန်းစုံစမ်းပြီး ပြန်လည်လွှတ်ပေးရန် မေတ္တာရပ်ခံခဲ့သော်လည်း ပြန် မ လွှတ်ပေးနိုင်ကြောင်း ရဲစခန်းမှ ပြန်ပြောလာသည်ဟု ဆိုသည်။

                     ထို့ကြောင့် ဦးနိုင်ထွန်း သည် ရဲဘက်ဆိုင်ရာ အကြီးအကဲများထံသို့ ဆက်လက် မေတ္တာရပ်ခံအကူညီတောင်းခံခဲ့ဟု သိရှိရသည်။

             MAT အဖွဲ့၏ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ကိုစိုင်းအေး က “ ကျနော်တို့ ရုံးက ၂ယောက်သွားတယ်။ ကျနော်တို့က အလုပ်သမားတွေကူညီသူတွေဖြစ်ကြောင်း ၊ ဒီအလုပ်သမားတွေဟာ စာရွက်စာတမ်းတွေ ပြည့်စုံကြသူတွေဖြစ်တာကြောင့်   ပြန်လည်လွှတ်ပေးဖို့ အကူညီတောင်းခံကြောင်း ပြောပြခဲ့တယ်။ ဒါပေမယ့် သူတို့ ကငြင်းဆန်ခဲ့တယ်။ ကျနော်တို့လူကြီးကလည်း ညွန်ကြားရေးမှူးကို ဆက်ပြီး အကူညီ တောင်းလိုက်တော့ ရဲစခန်းမှူးဆီကို ဖုန်းတွေ တလစပ်ဝင်လာတယ်။ ရဲအရာရှိ မျက်နှာတွေ ပျက်နီရဲ လာတယ်။ အလုပ်သမားတွေကို ဖမ်းလာတဲ့ပုလိပ်ကို ချက်ခြင်းခေါ်တယ်။ ကျနော်တို့ကို ဘယ်လို့ လုပ်ကြ မလဲလို့ ချိုချိုသာသာ ပြန်မေးလာ တယ်” ဟုပြောသည်။

    အလုပ်သမား တစ်ဦးလျှင် ဘတ်ငွေ ၁၀၀ စီပေးခဲ့ရပြီး လွတ်မြောက်လာစဉ် ကိုမြင့်စိုး ဆိုသူမှာ ပတ်စပို့ရှိလျှက်နှင့် ဖမ်းဆီးခံရပြီး ရဲစခန်းသို့ ရောက်ရှိလာခဲ့ပြန် သည်။ MAT ရုံးကို ဆက်လက်အကူညီတောင်း ခံလာ သဖြင့် ထိုသူကိုပါ တပါ တည်းခေါ်ထုတ်လာခဲ့နိုင်သည်။

ကိုမြင့်စိုး က “ ကျနော်အလုပ်သွားစမတ်တာ၊ ကျနော့်ကို ဘတ်ငွေတစ်သောင်းပေး ရမယ် ဆိုပြီးခေါ်လာ တယ်။ ဒီပတ်စပို့တို့ ၀တ်ပါမစ်တို့လုပ်တာ ဘတ်ငွေနှစ်သောင်းလောက် ကုန်တယ်။ အကြွေးတောင် မကျေ သေးဘူး။ ဆိုတော့ ဒီ ပတ်စပို့က ကျနော်တို့ မြန်မာအလုပ်သမားတွေ ကို ပုလိပ်ဖမ်းမစားအောင် တောင် အကာအကွယ်မရနိုင်ဘူးလား။ ထိုင်းနဲ့ မြန်မာအစိုးရတို့ ဖိဖိစီးစီး စီစဉ်ပေးသင့်ပါ တယ်” ဟုပြောသည်။

ရဲစခန်းတွင် ညနေစာ ထမင်းမစားခဲ့ရပဲ တစ်ညအိပ်ပြီး ပြန်လည်လွတ်မြောက်လာ သူတစ်ဦးဖြစ်သည့်မခင်မာဝင်း က ရဲစခန်း၏ အပေါ်ထပ် အချုပ်ခန်းတွင် သူမတို့ကဲ့သို့ ပတ်စပို့ရှိလျှက်နှင့် ဖမ်းဆီးချုပ်နှောင်ထားသည့် မြန်မာအလုပ်သမား ၂၀ ဦးခန့် ရှိကြောင်း ပြောဆိုသွားပါသည်။