15 July 2013

“ငါးဖမ်းလှေပေါ်တွင် ရောင်းစားခံနေရသူ ၇ဦးအား ကယ်တင်”


     ဇူလိုင်လ ၁၄   ခရမ်းသားလေး
        ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၅၀ ခန့်အကွာတွင်ရှိသော ခြုံဘူရီခရိုင်၊ ချောင်းစမေးစံ  ငါးဖမ်း   လှေဆိပ်၊ ဝေတာဇင် တံတား ငါးမန်းလှေ အမှတ် ၉ ပေါ်တွင် ရောင်း စား ခံနေရ သည့် မြန်မာ အလုပ်သမား ၇ဦးအားပူးပေါင်းအဖွဲ့တို့က ကယ် ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

               အဆိုပါ အလုပ်သမား၇ဦးတို့မှာကရင်ပြည် နယ်မှတစ်ဦး၊ ဧရာဝတီတိုင်းမှ တစ်ဦးနှင့် ကျန်ငါးဦးမှာ ပဲခူးမှဖြစ်ကြပါသည်။ ထိုသူတို့ ငါးဖမ်းလှေပေါ်တွင်   ရောင်း စားခံနေရကြောင်း ဘန်ကောက်မြို့တွင် ပညာသင်ကြားနေသော စာသင်သား သံဃာတစ်ပါး က ဘန်ကောက် မြန်မာသံရုံး  အလုပ်သမားသံအရာရှိ ထံသို့အကူ ညီတောင်းခံခဲ့သည်။ အရာရှိက ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသာများအဖွဲ့MAT သို့ ဇွန်လ ၃၀ ရက်နေ့တွင် ထပ်ဆင့်အကူညီေ တာင်းခံခဲ့သည်။

               MAT အဖွဲ့သည် ငါးဖမ်းလှေ၏ သတင်းအချက်အလက်များအား ကရင် အလုပ်သမားတစ်ဦး ကကူညီခဲ့သည်။ ထို့နောက် ပူးပေါင်းဆောင်ရွက်သူများဖြစ် ကြသော ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့ AHTD ,ထိုင်းတော င်ပိုင်အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED နှင့် MAT တို့ ညှိနှိုင်း
လျှက် ဇူလိုင်လ ၁၄ ရက် နေ့ နံနက် ၂ နာရီတွင် ငါးဖမ်းလှေဆိပ်သို့ သွားရောက် ကူညီခဲ့ကြခြင်းဖြစ်သည်။

            ပဲခူး မှ ကိုမြင့်နိုင် က “ ဘန်ကောက်ကို MOU နဲ့ လုပ်ဖို့စောင့်နေတာ လပေါင်းများစွာ ကြာလာ တော့ ဒီလို လူကုန်ကူးခံခဲ့ရတော့တာပဲ။  ကျနော်တို့ သုံးလနီးပါး ငါးဖမ်းလှေမှာလုပ်ခဲ့ရပါတယ်။ နေ့ရော ညပါ အလုပ်လုပ်ရတယ်။ ခဏလေးပဲ အိပ်ရတယ်။ မလုပ်တတ်လို့ အရိုက်ခံရတာ ၂ ယောက်မျက်ခုံး ကွဲ နေတယ်။ခုထိအနာမကောင်းသေးဘူး။စမေးစံငါးဖမ်းလှေတိုင်းမှာကျနော်တို့ မြန်မာ အလုပ် သမားတွေ ရောင်းစားခံနေရပါတယ်။ ဖုန်းမဆက်ရဘူး။ ဘယ်သူ့ကို အကူညီတောင်းရမှန်းလည်းမသိဘူး။ လှေဆိပ် တစ်ခုလုံး လူကုန်ကူးခံနေရသူတွေပါ။ ကူညီပေးကြပါခင်ဗျာ” ဟု ပြောသည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ထိုင်းမှာလူကုန်ကူးခံ ရတဲ့သတင်း အချက်အလက်တွေကိုကျနော် တို့လို အဖွဲ့အစည်း သေးသေးလေးတွေက သတင်း အချက်အလက်တွေ စုဆောင်း ပေးရုံလောက်ပဲ လုပ် သင့်ပါတယ်။ လူအင်အား၊ ပစ္စည်းအင်အား၊ ငွေအင်အား အလွန်လိုအပ်ပါတယ်။

ကျနော်တို့ အခက်အခဲ အများကြီး ထဲက တွန်းပြီး လုပ်နေကြတာဖြစ်ပါတယ်။ အမှန်က ကုလသမဂ္ဂ လူကုန်ကူးမှုအဖွဲ့တွေ နဲ့ မြန်မာ အစိုးရ၊ ပြီးတော့ နိုင်ငံတကာ အင်ဂျီအို အဖွဲ့ကြီးတွေက ထိထိရောက်ရောက် လုပ်ဖို့ကောင်းပါတယ်။ ခုဟာက ပြောင်းပြန်ဖြစ်နေတယ်။ သူတို့တွေက အချက်အလက်စုရုံ၊ ဘာသာပြန်ရုံနဲ့ အစီရင်ခံစာ ထုတ်ဝေ တဲ့ အဆင့်ပဲ ဖြစ်နေတယ်။လူကုန်ကူးမှုတွေ တဖြည်းဖြည်း တိုးလာနေတယ်။ အလွန်စိုးရိမ်ဖို့ကောင်းပါတယ်”  ဟုပြောဆိုသွားသည်။