28 July 2013

“မဟာချိုင်မှ ဘတ်ငွေလေးသိန်းကျော် လိမ်လည်မှုအား ပူးပေါင်းဆောင်ရွက်သူများကိုင်တွယ်”

   ဇူလိုင်လ ၂၈ မြတ်ညို(အလွတ်သတင်းထောက်)
           မဟာချိုင်မြို့ ငါးသေတ္တာအလုပ်ရုံတစ်ခုမှ အလုပ်သမား ၄၂ဦးတို့ထံမှ ပတ်စပို့လုပ်ပေးရန် အတွက် ဘတ်ငွေ လေးသိန်းကျော် ယူဆောင်ပြီး နောက် အလုပ်ထုတ်ခြင်းခံခဲ့ရသည့် ပြဿနာအား အလုပ်သမားအရေးပူးပေါင်းဆောင်ရွက်သူများက ကိုင်တွယ်ဖြေရှင်းနေပြီဖြစ်ကြောင်း သိရှိရသည်။
         မဟာချိုင်မြို့ ဖလန်းဆောင်လမ်းမကြီး ငါးသေတ္တာ အလုပ်ရုံတစ်ခု တွင် အလုပ်သမား ကန်ထရိုက်တာဝန်ယူထားသည့် မဟာချိုင် လေးထပ် ရဲစခန်းမှ ထိုင်းရဲတစ်ဦးသည် ပတ်စပို့လုပ်ပေးရန်ဟု ဆိုကာ အလုပ်သမားတစ်ဦးစီထံမှ ဘတ်ငွေ ၁၁၂၀၀ စီဖြတ်တောက်ထားခဲ့ကြောင်း အလုပ်သမားများကပြော သည်။  အလုပ်ရုံကလည်း ပတ်စပို့မရှိသူ များဟုဆိုကာ ဇူလိုင်လ ၁၆ ရက်နေ့က အလုပ်သမားများအား အလုပ်ရုံမှ အလုပ်ထုတ်ပစ်လိုက်ပြန် သည်။

            ဘန်ကောက် မြန်မာသံရုံးအလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း ၏ အကူညီကို ရယူလျှက် ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED မှ ရှေ့နေတို့ဖြင့်တိုင်ပင်လျှက် ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT သည် ပြီးခဲ့သည့် ဇူလိုင်လ၂၆ ရက်နေ့က မဟာချိုင် အလုပ်သမားရုံးသို့ သွားရောက် ဖြေရှင်းခဲ့ကြသည်။
              မဟာချိုင် ကျဟာငန်းမှ အလုပ်သမားအရာရှိ၏ လမ်းညွန်ချက်အရ အဆိုပါ အလုပ်သမား ၄၂ ဦးတို့အား မိမိတို့၏ ငွေဖြင့် ပတ်စပို့လုပ်ကိုင်ချိန်အမီ နက်ဖြန်တွင် ပြုလုပ်ကြမည်ဖြစ်သည်။ ထို့နောက် လုပ်အားခ မရပဲ အလုပ်ထုတ်ပယ်ခံခဲ့ရသူ ၇ဦးအတွက် လုပ်အားခနှင့် ဘတ်ငွေ လေးသိန်းကျော် လိမ် လည်မှု အတွက် အမှုဖွင့်ရန်ပြင်ဆင်နေကြောင်းသိရှိရသည်။
              MAT အဖွဲ့ မဟာချိုင် တာဝန်ခံ ကိုခိုင်ကြီး က “မဟာချိုင်မှာ  အလုပ်ရုံအတော်များများတွေမှာ ဆပ်ကန်ထရိုက်အလုပ်တွေများတယ်။ လုပ်ငန်းရှင်က တိုက်ရိုက် မကိုင်တွယ်ဘူး။ ခံရတာက မြန်မာအလုပ် သမားတွေဖြစ်တယ်။ အလုပ်ရုံမှားသလား၊ ပုလိပ်မှားသလားဆိုတာကိုတော့ မကြာခင် အဖြေမှန်ရအောင် ကျနော်တို့လုပ်မှာဖြစ်တယ်။ အနိုင်ကျင့်တာက များလွန်းတယ်” ဟုပြောသည်။
             လေးထပ်ရဲစခန်းသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ်တွင် နည်းမျိုးစုံညစ်ပတ်လျှက် ငွေညှစ်ရာတွင် အထူးနာမည်ကြီးသော ရဲစခန်းဖြစ်ကြောင်း ကိုယ်တိုင်ခံဖူးကြသည့် မဟာချိုင်မှ အလုပ် သမားများ ကပြောသည်။ မဟာချိုင်ရဲများတွင်  မြန်မာဘာသာပြန် ပွဲစားများမွေးလျှက် ရဲစခန်းအောက် ဘက်တွင် တရားမ၀င် အချုပ်ခန်းတစ်ခု ဖန်တီးထားလျှက် မြန်မာအလုပ်သမားများအား ဖမ်းဆီး၍ နေ့စဉ် ငွေကြေးများတောင်းခံလေ့ရှိကြောင်း အလုပ်သမားများကပြောသည်။