17 July 2013

“အီတာလျှံထိုင်း ကုမ္ပဏီမှ MOU အလုပ်သမား ၃ဦးအား ထိုင်းရဲဖမ်းဆီး”

               
   ဇူလိုင်   ၁၇     မင်းဘခက်
                   အီတာလျှံထိုင်းကုမ္ပဏီ ဆောက်လုပ်ရေးလုပ်ငန်းခွင် ညဆိုင်း မြန်မာပန်းရံအလုပ်သမား ၃ ဦးအားပတ် စပို့ လက်ဝယ်မရှိဟုဆိုကာ ယနေ့နံနက်၃နာရီက ဘန်ကောက်မြို့တွင်ထိုင်းရဲများကဖမ်းဆီးချုပ်နှောင် ထားကြောင်း သိရှိရသည်။

        အဆိုပါ အလုပ်သမား ၃ဦးတို့သည် အီတာလျှံ ထိုင်း ကုမ္ပဏီသို့ ၂၀၁၂ ခုနှစ် ဇွန်လ က လာခဲ့သည့် အလုပ်သမား ၄၂၄ ထဲမှ (တစ်နှစ်ကျော်ကြာ) အလုပ်သမားများ ဖြစ်ကြ သည်။ ဇူလိုင်လ ၁၇ ရက်နေ့ နံနက်၃နာရီအချိန်က  ဖလန်ကောက်နယ်မြေ ဖလုံချစ် Big C ကုန်တိုက်အသစ် ဆောက် လုပ်ရေးလုပ်ငန်းခွင်တွင် ညဆိုင်း အလုပ်ပြီး၍ နေထိုင်ရာ တန်းလျားသို့ ပြန်ရန်ကုမ္ပဏီ ကားပေါ်သို့တက်ရန် ပြင်ဆင်စဉ် ထိုင်းရဲများ ရောက်ရှိလာပြီး ကိုဝင်းနိုင်၊ ကိုသောင်းအေးနှင့် ကိုထွန်း ထွန်းဝင်း ဆိုသူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အခြားအလုပ်သမားများမှာ လုပ်ငန်းခွင် အတွင်း ပြန် လည်ဝင်ရောက် ထွက်ပြေး ခဲ့ကြရသည်။
    ဖမ်းဆီချုပ်နှောင်ခံနေရဆဲဖြစ်သော ကိုဝင်းနိုင် က“ကျနော်တို့ သံရုံးကိုရော အဘိုင်ကြီး ကိုပါ အကြောင်း ကြားပါတယ်။ ပတ်စပို့ရှာမရလို့ နက်ဖြန်မှ လာခဲ့မယ်လို့ ပြောပါတယ်။ တရားဝင်လာပြီးအလုပ်လုပ်ပါတယ်။
ထိုင်းပုလိပ်ဖမ်းလို့ ရဲစခန်းမှာ ၂ညအိပ်ရတယ်လို့ ဘယ်လို MOU လည်းတော့မသိတော့ဘူး” ဟုပြောသည်။
        အလုပ်သမားများ တစ်ချင်းစီ ပတ်စပို့အတွက် ၁၃၀၀၀ ဘတ်စီ အကျေ ပေးဆပ်ပြီး ဖြစ်သော်လည်း လက်ဝယ်ကိုင်ဆောင်ခွင့်မရရှိသဖြင့် ယခုကဲ့သို့ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းအလုပ်သမားများက ပြောသည်။

             အဆိုပါ အလုပ်သမားများအား တင်သွင်းထားသည့် သူမှာ တရားဝင်ကုမ္ပဏီ အမည်ပေါက်ခြင်း
မရှိပဲ ထိုင်းနိုင်ငံအတွင်းသို့ သိန်းချီ၍ အလုပ်သမားတင်သွင်းခွင့်ရရှိနေသည့် မဲဆောက်မြို့မှ အဘိုင်ကြီး ဆိုသူဖြစ်ကြောင်း၊ ဒီမန်း(အလုပ်သမားခေါ်စာ) အရဆုံးလူတစ်ဦးဖြစ်ကြောင်း အမည်မဖေါ်လို သည့် မြ၀တီ အခြေစိုက် MOU ကုမ္ပဏီ ဒါရိုက်တာ တစ်ဦးက ပြောသည်။
“MOU နဲ့ တင်သွင်းတဲ့လုပ်ငန်းကိုရပ်ထားပြီးတော့ ၃လလောက် စစ်ဆေးရေးလုပ်စေချင်တယ်။ ဘာတွေ
မှားနေလဲ၊ ဘာတွေလိုနေလဲ။ ဘာကြောင့် ပြဿနာတွေတက်နေလဲ၊ အစိုးရချင်းပို့တယ်လို့လည်း ခေါင်း
စဉ်တပ်ထားတယ်။ ပုလိပ်ဖမ်းတယ်ဆိုတာတော့ တစ်ခုခုတော့လွဲနေပြီ။ လူကြီးတွေလာလိုက်ရင်လည်း
အခြေခံကျတဲ့ အတွေ့အကြုံတွေကို နားထောင်ဖို့ အလေးနက်မထားကြဘူး၊ သူတို့ အဆင်ပြေတဲ့သူနဲ့
ပြောဆို စားသောက်ပြီး ပြန်သွားကြတာပဲ၊ MOU လုပ်စားတဲ့သူတွေလည်း လူကြီးတွေနဲ့ အတူသွားရတာ
နဲ့ ကို ပြစားနေရဲ့ဗျား” ဟု ရင်ဖွင့်သွားသည်။