15 June 2017

“ဘက်စုံပြင်ဆင်ပြီးမှကျောက်ဖြူ SEZ ကိုအကောင်အထည်ဖေါ်ဆောင်သင့်”



       ..............................................................................................
2017 ဇွန်လ ၁၄ ရက်နေ့ထုတ် မြန်မာပို့စ်အပတ်စဉ်သတင်းဂျာနယ်ပါ ဆောင်းပါးအား အွန်လိုင်းပရိတ်
သတ်များအတွက် ကူးယူဖေါ်ပြတာဖြစ်ပါတယ်။
               


      စစ်တစ်ပိုင်းအစိုးရလက်ထက်ကစီစဉ်ခဲ့တဲ့ OBORစီမံကိန်းကို NLD အစိုးရလက်ထက်မှာလက်ခံ လိုက်ပါပြီ။ လေ့လာသုံးသပ်သူတွေကတော့ မြစ်ဆုံဆည်အတွက် ကျောက်ဖြူ SEZ ကို အစားထိုးပေး လိုက်ရတာဖြစ်တယ် လို့ဆိုပါတယ်။ လက်ရှိအနေအထားအရ ရမ်းဗြဲကျွန်းနဲ့ မာန်အောင်ကျွန်းဟာ တရုတ်တို့စီးပွားရေးလုပ်ကြမယ့် နေရာဖြစ်သွားပြီ။ 

        ဆင်းရဲတဲ့ရခိုင်ဒေသအတွက်ရောမြန်မာနိုင်ငံအတွက်ပါအထူးစီးပွားရေးဇုန်ဖေါ်ဆောင်တာကိုကြိုဆို
ရမှာ ဖြစ်ပေမယ့်၊ လက်ရှိလည်ပတ်နေပြီဖြစ်တဲ့ မြဒေးကျွန်းရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်ငွေ့ စီမံကိန်းရဲ့ ခါးသီးတဲ့အတွေ့ အကြုံတွေအရ အကောင်အထည်ဖေါ်ဆဲဖြစ်တဲ့ ကျောက်ဖြူ SEZ စီမံကိန်းကို ဒေသခံတွေ က လက်မခံလိုကြပဲ စိုးရိမ်ထိပ်လန့်စွာနဲ့ငြင်းပယ်နေကြတာဖြစ်ပါတယ်။

        တရုတ်ရဲ့“တစ်ခုတည်းသောရပ်ဝန်း၊ တစ်ခုတည်းသောလမ်းကြောင်း (One Belt One Road - OBOR)” ရဲ့အဓိက ကျောက်ဖြူအထူးစီးပွားရေးဇုန် SEZ ဆိုတာ ရန်ကုန်သီလ၀ါနဲ့ထားဝယ်ရေ နက်ဆိပ် ကမ်းတို့လိုပုံစံမျိုးမဟုတ်ပဲ တရုတ်လက်ထဲကို ၀ကွက်အပ်ထားရမယ့်သီးခြားနယ်မြေဖြစ်တယ်။ဒါကြောင့်   ကျောက်ဖြူSEZအတွက် သီးသန့်နည်းဥပဒေတစ်ခုခိုင်ခိုင်မာမာပြဌာန်းပြီး အမြဲတမ်းစောင့်ကြည့်ကြီး ကြပ်တဲ့အဖွဲ့တစ်ခုနဲ့ အကောင်အထည် ဖေါ်သင့်ပါတယ်။ 

         နိုင်ငံတကာကျွမ်းကျင်သူများပါဝင်တဲ့ အဲဒီလိုကြီးကြပ်ရေးအဖွဲ့မရှိပဲ ကျောက်ဖြူ SEZ ကို အကောင် အ ထည်ဖေါ်မယ်ဆိုရင် ရခိုင်ပြည်နယ်အစိုးရကော၊ ရခိုင်လူထုတွေပါ တရုတ်တွေလုပ်ချင်တာလုပ် ပွဲကြည့် ပရိတ် သတ်အဖြစ် ကြည့်နေကြရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင်အကျိုးမခံစားရတဲ့ ရခိုင်လူထုနဲ့အစိုးရကြား မှာ မမျှော် လင့်တဲ့ ဆိုးကျိုးတွေလည်းပေါ်ပေါက်လာနိုင်ပါတယ်။ 

       နိုင်ငံတကာ ဥပဒေပညာရှင်တွေကတော့ ဒီစီမံကိန်းမှာ တရားဥပဒေစိုးမိုးမှုကင်းမဲ့ပြီး၊ အထူးစီးပွားရေး ဇုန် အတွက်ဥပဒေကို လိုအပ်သလိုပြင်ဆင်ဖို့ တင်ပြထားကြတယ်လို့သိရပါတယ်။ ဘက်လိုက်မှုမရှိတဲ့ သုတေသီ  Renaud Egreteau  ရယ်နိုအာခီ ကတော့ သမိုင်းကိုသင်ခန်းစာယူတတ်ကြမယ်ဆိုရင် မြန်မာေ ခါင်းဆောင်တွေ ဟာ တရုတ်တို့ရဲ့ဆွဲဆောင်မှုကို တွန့်ဆုတ်ကြလိမ့်မယ်လို့ ASIA Time  သတင်းစာမှာရေး သားထားပါတယ်။

                                                   “ကမ္ဘာလွှမ်းခြုံစီးပွားရေး”
         OBOR လမ်းတည်ဆောက်ရေးခန့်မှန်းကုန်ကျစရိတ်ဟာအမေရိကန်ဒေါ်လာ သန်းထောင်ပေါင် ၉၀၀ မှ သန်း ကုဋေ ၁.၄ ထရီလီယံခန့်အထိဖြစ်ပါတယ်။ OBOR လမ်းကြောင်းထဲမှာ ကမ္ဘာကြီးရဲ့သုံးပုံနှစ်ပုံ လောက်ရှိတဲ့ လူဦးရေတွေက မှီခိုကြရပါမယ်။ ဒါ့အပြင် ကမ္ဘာ့လူဦးရေ ၇၀ ရာခိုင်နုန်းရဲ့လောင်စာစွမ်းအင် အရင်းအမြစ် သုံးစွဲမှုတွေကလည်း ဒီလမ်းကြောင်းပေါ်မှာပဲမှီတည်နေပါမယ်။

       တရုတ်ရဲ့ OBOR စီမံကိန်းသစ်ဟာ ၎င်းတို့ ထုတ်ကုန်တွေကို ကမ္ဘာသို့ရောင်းချနိုင်ရေးအတွက် ကုန်သွယ် ရေးလမ်းကြောင်းတည်ဆောက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံအရှေ့ဘက်ကနေ အာရှအလယ် ပိုင်း ထိုင်းမြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်တလျှောက်နဲ့ ဥရောပတောင်ပိုင်းကနေ ရုရှားဒေသအပါအ၀င် ဥရောပ တိုက်အနောက်ဘက် နိုင်ငံများအထိ ထုတ်ချင်းပေါက်သွားမှာဖြစ်ပါတယ်။

       ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံက စစ်တကောင်း၊ သီရိလင်္ကာနိုင်ငံက ကိုလံဘို၊ ပါကစ္စတန်က ကွာတာ တို့လို့ တရုတ်သင်္ဘောတွေဆိုက်ကပ်ခိုနားရာဖြစ်လာပါမယ်။ 

                                               “ပေးတိုင်းမရ-ယူတတ်မှရမှာ”
      OBOR စီမံကိန်းဟာ စိန်ခေါ်မှုဖြစ်သလို အခွင့်အလမ်းလည်းဖြစ်ပါတယ်။ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်ရင် မြန်မာ နိုင်ငံက ကမ္ဘာ့လူဦးရေရဲ့ရာခိုင်နှုန်း ၆၀၊ ၇၀ လောက်ရှိတဲ့ဈေးကွက်မှာအကျိုး အမြတ်ရှာဖွေနိုင် မှာဖြစ်ပြီး စိန်ခေါ် မှုကို ရင်မဆိုင်နိုင်ရင်တော့ အခွင့်အလမ်းအကျိုးအမြတ်ဟူသမျှတို့ကို တရုတ်တို့က ယူသွားမှာဖြစ်ပါတယ်။ 

    OBOR စီမံကိန်းမှာ ဒေသခံလုပ်ငန်းရှင်တွေက သဲ/ကျောက်/အုတ် ဆောက်လုပ်ရေးကန်ထရိုက်တွေ လုပ်ကြ၊ ဆင်းရဲသားတွေက ဆောက်လုပ်ရေးနဲ့စက်ရုံအလုပ်သမားအဖြစ်ဝင်လုပ်ဖို့လောက်ကိုပဲ မြန်မာ အစိုးရနဲ့ ဒေသခံ ရခိုင်တွေစဉ်းစားထားလို့မဖြစ်ပါ။ 

      အဓိကစိန်ခေါ်မှုဆိုတာက OBOR လမ်းပေါ်ကအကျိုးအမြတ်ရရှိဖို့အတွက် မြန်မာနဲ့ရခိုင်ဒေသခံတွေမှာ ငွေ ကြေးအရင်းအနှီးကဘယ်လောက်ရှိနေပြီလဲ၊ အခန်းကဏ္ဍအလိုက်ကျွမ်းကျင်တဲ့လုပ်သားထုဘယ် လောက် ရှိနေပြီလဲ။ ဘာတွေစိုက်ပျိုးထုတ်လုပ်နိုင်ပြီလဲ၊ ကုန်ပစ္စည်းတွေထုတ်လုပ်ဖြန့်ချိဖို့ ဗမာနဲ့ရခိုင်ဒေသ ခံတွေမှာနည်း ပညာတွေ ဘယ်လောက်တတ်မြောက်ထားပြီလဲဆိုတာပါပဲ။

          ဘောလုံးစကားနဲ့ပြောရရင် ကျောက်ဖြူ SEZ ဟာ တိုင်းနဲ့ပြည်နယ်ပြိုင်ပွဲအဆင့်မဟုတ်ပဲ ကမ္ဘာ့အဆင့် ပြိုင်ပွဲဖြစ်ပါတယ်။ အစိုးရနဲ့မြန်မာပညာရှင်အဆင့်တွေဟာ ကမ္ဘာအဆင့်မှာ ၀င်ကစားနိုင်တဲ့ ခန္ဓာကြံ့ခိုင်မှု၊ နည်းစနစ်အဆင့်အတန်းနဲ့ အတွေ့အကြုံကောင်းတွေရှိနေကြပြီလားဆိုတာ မိမိကိုယ်ကို စိစစ်ကြဖို့လိုပါမယ်။
      
                                          "အကျိုးနဲ့အပြစ်တန်းညှိပေးပါ"
       ကျောက်ဖြူမြဒေးကျွန်းရေနံနဲ့သဘာဝဓါတ်ငွေ့ပိုင်းလိုင်းက နှစ်စဉ်အခွန်ဘဏ္ဍာငွေ ၁၃ ဒသမ ၈သန်း ရရှိ ပါမယ်။ မြဒေးကျွန်းဆိပ်ကမ်း တည်ဆောက်ရေးအတွက်မြေငှါးခ တစ်နှစ်အတွက် အမေရိကန်ဒေါ်လာ ၆သန်း ရရှိပါတယ်။  ပိုက်လိုင်းက ရေနံစိမ်းတစ်တန်ဖြတ်သန်းခ၊ ၁ဒေါ်လာစီနုန်းနဲ့ နှစ်စဉ်တန် ချိန်ပေါင်း ၂၁ သန်းတို့ အတွက် ၀င်ငွေရရှိမှာဖြစ်ပါတယ်။ သဘာဝဓါတ်ငွေ့အတွက်နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ဘီလျံ ရရှိမှာဖြစ်တယ်။ ပထမအနှစ် ၃၀ အတွက် ဒေါ်လာ သန်းပေါင်း ၃၀၀၀ ရရှိမှာဖြစ်ပါ တယ်။ စီမံကိန်းကာ လတွေကုန်ဆုံးသွားတဲ့ အခါ ဆက်စပ်ပစ္စည်းတွေ အားလုံးကို မြန်မာကရရှိထား လိုက် မှာဖြစ်တယ်လို့ CSR အစီရင်ခံစာထုတ်ပြန်ပွဲမှာ မြန်မာတရုတ်ချစ်ကြည်ရေးအသင်းဥက္ကဌ ဦးစိန်ဝင်းအောင် ကပြောပါတယ်။


         မြဒေးကျွန်းဆိပ်ကမ်းသို့ တစ်ပါတ်ကို ၃ ရက် ရေနံတင်တဲ့ သင်္ဘောကြီးတွေ ၀င်ထွက်သွားလာနေ ပါပြီ။ ၂၀၁၇ ခုနှစ်မေလ ပထမပတ်ကစပြီး မြဒေးကျွန်းရေနံတင်ဆိပ်ကမ်းက တရုတ်နိုင်ငံသို့ပို့လွှတ်နေ ပြီးဖြစ်ပါတယ်။  NLD အစိုးရနုတ်ဆိတ်နေပေမယ့် တရုတ်ကတော့ ( မြန်မာနိုင်ငံမှတစ်ဆင့် ပိုက်လိုင်းနဲ့ တင်ပို့ထားတဲ့ ရေနံစိမ်း တွေကိုချက်လုပ်မယ့် ယူနန်ရေနံချက်စက်ရုံကိုယခုလအတွင်း စတင်လည်ပတ် မှာဖြစ်ပြီးထွက်ကုန်တွေကိုမြန်မာ အပါအ၀င် အရှေ့တောင်အာရှနဲ့တောင်အာရှနိုင်ငံများသို့ တင်ပို့ရောင်း ချမယ်) လို့ ၂၀၁၇ ခု ဇွန်လ ၅ ရက် နေ့ ထုတ် China Daily သတင်းစာမှာဖေါ်ပြလိုက်ပြီဖြစ်ပါတယ်။

       လက်ရှိအနေအထားအရ ရေနံတင်သင်္ဘောကြီးတွေဝင်ရောက်လာနေတာကြောင့် တရုတ်နဲ့မြန်မာ အစိုးရအတွက် ဒေါ်လာငွေတွေတဖွဲဖွဲဝင်နေကြပြီဖြစ်ပေမယ့်၊ ဒေသခံရခိုင်တံငါသည်တွေ ပိုက်ချငါးဖမ်း မလုပ်ရတော့ ဘူး။ ဒေသခံရခိုင်တွေ ရပ်တည်ရေးစတင်ခက်ခဲနေကြပြီလို့ဆိုနိုင်ပါတယ်။ သားသမီးတွေ ကျောင်းမတက်နိုင် တော့ပဲ မီးဖိုချောင်က မီးခိုးပါတိတ်သွားရင် ရခိုင်တွေအနာဂတ်ပျောက်သွားပါမယ်။ ဒေသခံရခိုင်တွေဟာ နေနံ တင် သင်္ဘောကြီးတွေဝင်လာတာကိုကြည့်ပြီး မသေချာတဲ့မိမိတို့အနာဂတ် အတွက်ငိုနေကြရပြီဖြစ်ပါတယ်။

      ရေနံစည်သန်းချီပြီးတင်လာတဲ့ ရေနံတင်သင်္ဘောကြီးတွေဝင်လာတာကို လာရောက်ရင်းနှီးမြှုပ်နှံတဲ့ တရုတ်နဲ့ နိုင်ငံတော်အစိုးရော ဒေသခံရခိုင်တွေကပါ ၀မ်းပန်းတသာပျော်ရွှင်နေကြရမယ့် သားရွှေအိုး ထမ်းလာတဲ့စီမံခန့်ခွဲမှု မျိုးကို ဉာဏ်ပညာကြီးမြင့်တဲ့ စံပြခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည် က အမြော်အမြင် ကြီးမားစွာနဲ့ စီမံခန့်ခွဲနိုင်လိမ့်မယ်လို့မျှော်လင့်နေကြပါတယ်။

                                            “ဘယ်လောက်သိထားပြီလဲ”
      လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့၊ မြန်မာအစိုးရနဲ့ လွှတ်တော်တို့ဟာ ကျောက်ဖြူ အထူး စီးပွားရေးဇုန်နဲ့ပတ်သက်ပြီးတော့ ဘယ်လောက်အထိသဘောပေါက်ပြီလဲ၊ ဘယ်လောက်အထိ နားလည်ပြီလဲ၊ ဘယ်လောက်အထိပြင်ဆင်ထားပြီလဲ၊ ဘယ်လောက်အထိ သုတေသနလုပ်ထားပြီလဲ၊ အမြော်အမြင်ရှိရှိနဲ့တွေး ခေါ်ထားသလဲဆိုတာအဓိကျပါတယ်။ အစိုးရနဲ့လွှတ်တော်အားနည်းရင်နည်း သလိုအခွင့်အလမ်းမဖြစ်ပဲနဲ့ဆိုးကျိုး တွေဖြစ်လာနိုင်တယ်လို့ ထောက်ပြပါတယ်။

        ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင် ကတော့ ကျောက်ဖြူ_ကူမင်း ရထားလမ်းကိုပင် အမြန် ဆုံးအကောင်အထည်ဖေါ်ဖို့ လိုတယ်လို့ ဒီဗွီဘီ ဒီဘိတ်မှာပြောသွားပါတယ်။

          ကျောက်ဖြူဒေသခံပြည်သူ့လွှတ်တော်အမတ်ဦးဘရှိန်က“OBOR ဘယ်လောက်ကြီးကျယ်လဲဆိုတာ ကို ရခိုင်ပြည်သူတွေလည်းမသိသလို ကျနော်တို့ကိုယ်တိုင်လည်းမသိဘူး။ မြဒေးကျွန်းမှာမြေတွေ သိမ်း လိုက် တယ်။ လမ်းလုပ်ပေးလိုက်တယ်။ စါသင်ကျောင်းကလေးဆောက်ပေးလိုက်တယ်။ ဒါကိုသူတို့ကပြ တယ်။ ဒါပေမယ့် မြေ ကိုသာလုပ်တတ်၊ လယ်ရှိမှလုပ်စားတတ်တဲ့ ရခိုင်ကျေးလက်လူထုတွေမှာ အလုပ် လက်မဲ့ဖြစ်သွားတယ်။ အကျိုး ဆက် ဘယ်လောက်အထိဆိုးဝါးသွားသလဲဆိုတာ အခြားလူတွေမသိကြ ဘူး။ မြေဧကလေးထောင်ကျော်ကို ကျေးရွာအုပ်စု ၆ခုက သိမ်းမယ်ပြောတယ်။ အစိုးရကဘယ်နေရာတွေ ကိုလုပ်မယ်လို့ တရားဝင်ပြောဖို့လိုနေပါ သေးတယ်။ အထူးသဖြင့် လယ်မြေတွေနဲ့ တဆက်တစပ်တည်းရှိ တဲ့ တောင်ကုန်းလေးတွေရှိတယ်။ စားကျက် မြေတွေရှိတယ်။ လယ်သမားတွေဟာ မိရိုးဖလာ အစဉ်အ ဆက် ဒီလိုပဲပိုင်ဆိုင်လုပ်စားလာခဲ့ကြတာ။ တရားဝင် စာရွက်စာတမ်းတွေမရှိကြဘူး။ အဲဒါတွေကို အယင် အစိုးရအာဏာပိုင်တွေက မြေလွတ်တွေဆိုပြီး ရောင်းစားဖို့ အတွက်ပြင်ထားကြတယ်။ ဒါတွေကို အခုအစိုး ရ ကစီစစ်ဆောင်ရွက်တာမျိုးမရှိသေးဘူး။ ဒါမျိုးမဖြစ်သင့်ဘူးလို့ VOA သတင်းဌာနကိုပြောဆိုထားပါတယ်။ 

                                        “အစဉ်အလာကောင်းမရှိခဲ့တဲ့တရုတ်”
    OBOR စီမံကိန်းရဲ့ ကနဦးလုပ်​ငန်း​တွေအဖြစ်​ ​ကျောက်​ဖြူမြဒေးကျွန်းကနေ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ် တရုတ်နိုင်ငံယူနန်ပြည်နယ်အထိ ၇၉၃ ကီလိုမီတာရှည်တဲ့ သဘာ ဝဓာတ်​​ငွေ့ ပိုက်​လိုင်းစီမံကိန်းကို အ​ကောင်​အထည်​​ဖော်​ထားပြီးဖြစ်​ပါတယ်​။  ပိုက်လိုင်းဖြတ်သန်းရာ တလျှောက် ဒေသခံ တွေမြေယာတွေအသိမ်းခံခဲ့ရတာကြောင့်အလုပ်လက်မဲ့ဖြစ်ခဲ့ကြရတယ်။ ကျောက်ဖြူ မြဒေးကျွန်း ရေနံတင်ဆိပ် ကမ်းတည်ဆောက်တုန်းက တရုတ်လုပ်သားတွေကိုခေါ်လာတယ်။ မြန်မာပြည် ကကုမ္ပဏီတွေကလည်း နီးစပ်ရာ ဗမာလုပ်သားတွေကိုခေါ်လာတယ်။ ဒေသခံရခိုင်တွေဟာ အလုပ်ကြမ်း တွေအတွက် လိုအပ်တဲ့အခါမှာပဲ နေ့စားဝင်လုပ်ကြရတာဖြစ်ပါတယ်။ မလိုတဲ့အခါ ဒေသခံတွေအလုပ် မလုပ်ကြရပါဘူး။ 

        လူ့အခွင့်အရေးအဖွဲ့တွေက ပွင့်လင်းမြင်သာမှုမရှိတဲ့ ကျောက်ဖြူ SEZ ကြောင့် ဒေသခံတွေဖယ်ရှား ခံရ တဲ့ကိစ္စ၊ သဘာဝပတ်ဝန်းကျင်တွေပျက်စီးတဲ့ကိစ္စတွေကို ထောက်ပြပြောဆိုခဲ့ကြပေမယ့် လုံးဝဂရုမ စိုက်ခဲ့ပဲ သူတို့စီမံကိန်းဖြစ်ဖို့ကိုပဲ အာရုံစိုက်လုပ်ဆောင်ခဲ့ပါတယ်။

           မြန်မာနိုင်ငံမှာရောင်းချနေတဲ့ နိုင်ငံခြားပစ္စည်းတွေအားလုံးထဲမှာ တရုတ်ကလာတဲ့ပစ္စည်းဟူသမျှ အညံ့ ဆုံးဆိုတာ မြန်မာတိုင်းသိကြပါတယ်။ တရုတ်တွေလာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေကြတဲ့ လက်ပံတောင်းတောင်၊ ရှမ်းပြည်နယ်က မြေအုတ်စက်ရုံနဲ့နီကယ်စက်ရုံတွေမှာ ပြဿနာတွေတက်နေ တာကိုအားလုံး အသိဖြစ် ပါတယ်။ ဒါ့အပြင် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ မြေငှါးပြီး ဖရဲ၊ သခွား၊ငှက်ပျောတွေလာ စိုက်တယ်၊ တရုတ်တွေပြန်သွားတဲ့အခါ အဲဒီမြေတွေဟာ ဘာမှစိုက်လို့ပျိုး လို့မရတော့တာကို မြေပိုင်ရှင် တောင် သူလယ်သမားတွေ လက်တွေ့ခံစားနေကြပြီ။  
   
       ဗီယက်နမ်မှာက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုဖိတ်ခေါ်ပေမယ့် အာမခံမှုနဲ့ဖြစ်တယ်။ တရုတ်တွေ တစ်စုံ တစ်ခုကို စိုက်ပျိုးထုတ်လုပ်ပြီးတဲ့အခါ နဂိုမူလရှိနေတဲ့ မြေဆီမြေလွှာနဲ့သဘာဝပတ်ဝန်းကျင်ထက် မနိမ့်ကျစေရုံ သာမကစိမ်းလမ်းစိုပြေတဲ့ သဘာဝပတ်ကျင် အသစ်အဆန်းဖြစ်ပေါ်နေခဲ့ရမယ်ဆိုတဲ့ ခံဝန် ကတိနဲ့နိုင်ငံတကာ ကျွမ်းကျင်သူတွေကိုသက်သေထားပြီး စာချုပ်ချုပ်ဆိုလုပ်ကိုင်ပါတယ်။ ဆိုလိုတာက တရုတ်တွေလာရောက်ရင်း နှီးမြုပ်နှံလို့ သူတို့အကျိုးကျေးဇူးဖြစ်ထွန်းသွားသလို ကျန်ခဲ့မယ့်ဒေသခံမြေ ဟာလည်း ပိုပြီးတော့ အရည်အသွေး မြင့်တဲ့မြေကြီးကိုရရှိလိုက်မှာဖြစ်ပါတယ်။ 


                                               “သီရိလင်္ကာလို မဖြစ်ဖို့လိုတယ်”
       သီရိလင်္ကာအစိုးရက မြို့တော် ကိုလမ်ဘိုရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ Hambantota ဆိပ်ကမ်းကို တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီက ဒေါ်တစ်ဘီလျံကျော်ရင်းနှီးမြှုပ်နှံပြီး ၉၉ နှစ်အထိ လုပ်ကိုင်ခွင့်ပြုခဲ့ပါ တယ်။ Hambantota ဆိပ်ကမ်းအပြင် စက်မှုဇုန်လည်း တရုတ်က တည်ဆောက် မှာဖြစ်တာကြောင့် မြို့တော်ကိုလမ်ဘို ရဲ့ အရှေ့တောင်ဘက် ၂၄၀ ကီလိုမီတာအကွာက ဒေသခံရွာသား ထောင်ပေါင်းများစွာ ကို ဖယ်ရှားပစ်ဖို့လည်း ပါဝင်နေပါတယ်။  

     သီရိလင်္ကာပြည်သူတွေဒေါသထွက်ဆန့်ကျင်ကြရတဲ့ အကြောင်းရင်းက သီရိလကာင်္အစိုးရက သဘာဝ ဓါတ်ငွေ့ ၆၀ရာခိုင်နုန်းနဲ့ သဘာဝအရင်းမြစ်တွေကို တရုတ်ပြည်ဘက်ကို ရောင်းချပေးခဲ့တာကြောင့်ဖြစ်ပါ တယ်။  ၂၀၁၇ ခုနှစ်ဇန်န၀ါရီလအတွင်း ဒီစီမံကိန်းဖွင့်ပွဲမှာ စီမံကိန်းကိုဆန္ဒပြတဲ့ သီရိလင်္ကာပြည်သူတွေကို မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး ဖြိုခွင်းခဲ့တယ်လို့ ဘီဘီစီသတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။ 

    Hambantota ဆိပ်ကမ်းနဲ့ စက်မှုဇုန်စီမံကိန်းကို ကန့်ကွက်သူတွေက ဆိပ်ကမ်းနဲ့ စက်မှုဇုန်နယ်မြေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကိုလိုနီအဖြစ်ပြောင်းလဲသွားမယ်လို့ပြောခဲ့ပါတယ်။
         မြန်မာအစိုးရနဲ့ရခိုင်နိုင်ငံရေးအုပ်စုတွေ အထူးသတိပြုရမှာက CITIC ကုမ္ပဏီဆိုတာ ကျောက်ဖြူSEZ ကို လုပ်ခွင့်ရထားတဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီဖြစ်နေလို့ပါပဲ။ 

                                            “ပြင်ဆင်ချိန်ယူဖို့လိုသေးတယ်”
       မြေကွက်လက်ဝယ်ရှိထားကြသူတွေနဲ့ အများပိုင်ကုမ္ပဏီထူထောင်ထားကြတဲ့ ဗမာနဲ့ ရခိုင်လုပ်ငန်း ရှင်တွေ ကတော့ ကျောက်ဖြူ SEZ ကို အလျှင်အမြန်အကောင်အထည်ဖေါ်ချင်နေကြပါတယ်။ ဒါပေမယ့် ပညာလည်းမ တတ် အဆင်းရဲဆုံးလည်းဖြစ်နေတဲ့ ရခိုင်လိုဒေသမှာ ကမ္ဘာ့ကိုလွှမ်းခြုံမယ့်ဧရာမလုပ်ငန်း ကြီးတစ်ခုကို အလျှင် အမြန် လက်ခံအကောင်အထည်မဖေါ်သင့်ပါ။ လုံးဝလက်မခံသင့်ဘူးလို့တောင် ပညာရှင်တွေအကြံပြုကြတယ်။      

         တရုတ်ရဲ OBOR စီမံကိန်းကြီးမှာ ရေလမ်း၊ ကားလမ်း၊ ရထားလမ်းတွေနဲ့ တကမ္ဘာလုံးကိုလွှမ်း ခြုံအောင် ကြိုပမ်းနေမှုရဲ့ပြဿနာအတိမ်အနက်ကိုကြိုတင်မြင်နိုင်စွမ်းတဲ့ ကမ္ဘာ့ဘဏ်၊ အိန္ဒိယနဲ့ဂျပန်နိုင် ငံတို့ ပူးပေါင်းဖို့   တွန့်ဆုတ်နေကြတာကိုလည်း မြန်မာအစိုးရနဲ့ ရခိုင်အသိုင်းဝိုင်းတို့ကသတိပြုသင့်ပါတယ်။

        ကျောက်ဖြူSEZ ကိုမဖြစ်မနေတည်ဆောက်ကြရတော့မယ်ဆိုလျှင်၊(၁) ကျောက်ဖြူSEZအတွက် သီးသန့် ဥပဒေနဲ့နည်းဥပဒေတစ်ခုအခိုင်အမာရှိရပါမယ်။ (၂) ကျောက်ဖြူSEZ တစ်ခုလုံးရဲ့အခန်း ကဏ္ဍေ ပါင်းစုံအတွက် မရှိမဖြစ်တဲ့အရည်အသွေးတွေကို ဒေသခံတွေကို ကြိုတင်ဖြည့်ဆည်းသင်ကြားပေး ထားဖို့ လိုပါ တယ်။ (၃) လယ်သိမ်းခံ လယ်သမားတွေအတွက် အနာဂတ်မပျောက်စေရေးအတွက် အာမခံတဲ့ဖြေ ရှင်းခြင်း။ (၄) ရေနံတင် သင်္ဘောကြီးဖြစ်စေ၊ ဂက်စ်ရေနံပိုက်လိုင်းဖြစ်စေ ပေါက်ကွဲမီးလောင်မှုဖြစ်ပေါ်ခဲ့ရင် ဆိုးကျိုးအနည်းဆုံးဖြစ် အောင် ထိထိရောက်ရောက်ကာကွယ်နိုင်မယ့် အစီအမံများရှိခြင်း။ 

        တို့ကို စနစ်တကျ အချိန်ယူပြင်ဆင်ပြီးမှသာ ကျောက်ဖြူ SEZ ကို အကောင်အထည်ဖေါ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ မြေကွက်ရောင်းချရေးနဲ့ ကန်ထရိုက် လုပ်ရမယ့်အခွင့်အလမ်းလောက်ကိုသာကြည့်ပြီး အလျှင်အမြန် အကောင် အထည် မဖေါ်သင့်ပါဘူး။ 

         လိုအပ်ချက်ဟူသမျှမပြည့်စုံပဲ ကျောက်ဖြူ SEZ ကို အကောင်အထည်ဖေါ်လိုက်မယ်ဆိုရင်ရခိုင်ဒေသ မှာ မိုးခေါင်၊ ရေရှား၊ ရာသီဥတုဖေါက်ပြန်၊ မုန်တိုင်းတွေကျ၊ ငလျှင်တွေလှုပ်၊ ရွံ့မီးတောင်တွေပေါက်ကွဲပြီး သဘာဝ ပတ်ဝန်းကျင်တွေအားလုံးပျက်စီးပြီးသွားနိုင်ပါတယ်။ ဒါ့အပြင် အစာကွင်းဆက်တွေပျက်စီးကာ ရခိုင်မြစ်ချောင်း တွေထဲမှာ ငါးပုဇွန် ကဏန်းတွေလုံးဝ ပျောက်ကွယ်သွားပြီး ငတ်မွတ်ခေါင်းပါးကပ်ဆိုက်ခြင်း အန္တရာယ်ခံစားကြ ရမည်ကို ရင်လေးမိကြောင်းတင်ပြလိုက်ပါတယ်။

                                                  မောင်မောင်မြတ်ညို