20 June 2017

“အလုပ်သမားလောကပြောင်းလဲချိန်တန်ပြီ”



    
                           

        ပြည်တွင်းမှာ နေ့တွက်လစာ မရေရာ၊ တရုတ်ကိုးရီးယားဂျပန် အလုပ်ရုံအလုပ်သမားတွေအထုတ် ခံရ၊ ဆန္ဒပြပွဲမကြာခဏဖြစ်။ အလုပ် သမားအဖွဲ့ကိုဦးဆောင်သူတွေ အလုပ် ထုတ်ခံရတာတွေ နေ့တိုင်း ကြားနေရ တယ်။ ထောင်ကျသူကကျနဲ့ စိတ်မ ချမ်းမြေ့ဖွယ်။  

           မြန်မာအလုပ်သမားတွေသန်းချီပြီးနေ ထိုင်အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံမှာ ပတ်စပို့ကိစ္စ အိမ်ပြန်ခွင့်လက်မှတ်တွေနဲ့ မြန်မာတွေဟာ ဘန်ကောက်မြန်မာသံရုံးကိုလာကြရပါတယ်။ ပတ်စပို့ ထုတ်ေ ပးတဲ့သံရုံးနံဘေးပလက်ဖေါင်းမှာ မြန်မာအလုပ်သမားတွေ အစုလိုက်အပြုံလိုက်ထိုင်ကြ၊ လမ်းပေါ်မှာ ဓါတ်ပုံနဲ့မိတ္တူကူးစက်ကားကတန်းစီထား၊ လဲလျောင်းနေကြ၊ ကလေးတွေနဲ့လာကြ၊ ကွမ်းသွေးတွေ တဗျစ် ဗျစ်ထွေးကြနဲ့ ရှုတ်ပွနေတဲ့ အခင်းအကျင်းကို ထိုင်းလူမျိုးတွေမကြိုက်နှစ်ကြပါဘူးသံရုံး ပတ်စပို့ စခန်းမှာ ဓါတ်ပုံရိုက်ကူးခ ဘတ်ငွေ ၁၀၀ ပေးရပြီး ပတ်စပို့ထုတ်ယူခအဖြစ် ၁၂၀၀ ဘတ် ပေးရတယ်။ အလေး အပေါ့တစ်ခါသွား ၅ဘတ်ပေးရတယ်။


      နေထိုင်ခွင့်သက်တမ်းကုန်သွားကြတဲ့မြန်မာနိုင်ငံသားတွေဟာ ပတ်စပို့စာအုပ်လဲလှယ်ခွင့်ရရှိဖို့ အတွက် အနည်းဆုံး ၄လမှ၆လအထိကြာမြင့်ပါတယ်။ ဒီလိုကြာမြင့်တဲ့အတွက် အလုပ်သမားတွေ အခက်အခဲများ စွာကြုံကြရပါတယ်။ စာအုပ်လဲခွင့်ကျပြီဆိုပြန်တော့ စာအုပ်တွေလိုအပ်သလောက်မရောက်ရှိနိုင်ဖြစ်နေ တာကြောင့် အလုပ်သမားတွေကိုအခက်အခဲဖြစ်စေပါတယ်။  

        လက်ရှိမြန်မာတွေကိုင်နေကြရတဲ့ ပတ်စပို့စာအုပ်အဖုံးမှာ စာလုံးကမပီပြင်၊ သပ်ယပ်မှုကမရှိ။ ဒစ်ဂျစ်တယ်ခေတ်မှာ ဒီထက်မက သေသပ်လှပစွာပြောင်းလဲထုတ်ဝေသင့်ပါပြီ။ စာအုပ်မလောက်လို့ မထုတ်ရဆိုတာက ဒီခေတ်မှာမဖြစ်သင့်တော့ဘူး။

                                          “ပြဿနာအသစ်တက်ပြီ”
       မနေ့က မြန်မာသံရုံးပတ်စပို့ထုတ်ပေးတဲ့စခန်းမှာ တာဝန်ရှိ သူတွေက မျက်လုံးကိုစကင်ဖတ်ရမယ်။ လက်ဗွေဆယ်ချောင်းကို နှိပ်ရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အလုပ်သမားတွေကိုယ်တိုင် လာထုတ်မှပတ်စပို့ရမယ်လို့ မူဝါဒတစ်ခုပြောင်းလဲလာတယ်။ မျက်လုံးကိုစကင်ဖတ်တာနဲ့ လက်ဆယ်ချောင်းကို လက်ဗွေနှိပ် တာဟာ ခေတ်မီနည်းပညာ ဖြစ်တာမို့ကြိုဆိုပါတယ်။ 

     ဒါပေမယ့် ထိုင်းနိုင်ငံအနှံ့အပြားက မြန်မာအလုပ်သမားတွေ ကိုယ်တိုင်သံရုံးပတ်စပို့ထုတ်ပေးရေး ဌာနကိုလာဖို့ဆိုတာ….

(၁) အလုပ်ရှင်က ခွင့်ပြုမှသွားလို့ရတယ်။
(၂) နယ်ကျော်တာနဲ့ ထိုင်းပုလိပ်က ဖမ်းစားတယ်။
(၃) အလုပ်ရှင်က အလုပ်ထုတ်ပစ်နိုင်တယ်။
(၄) လာတဲ့အလုပ်သမားတွေကို ပတ်စပို့စခန်းက မထုတ်ပေးနိုင်ခဲ့ရင် နစ်နာသူက အလုပ်သမားဖြစ်တယ်။ ဘန်ကောက်မှာ ဘယ်မှာတည်းခိုနေရမလဲ၊ 

       အစိုးရဖြစ်စေချင်တာလည်းဖြစ်အောင်၊ အလုပ်သမားတွေလည်းလွယ်ကူချောမွေ့အောင် ဒီထက် ကောင်းတဲ့ အစီအမံကောင်းတွေကို မြန်မာအလုပ်သမားဝန်ကြီးဌာနဲ့နိုင်ငံခြားရေးဌာနအနေနဲ့ ချမှတ်သင့် ပါတယ်။

                                                 “အပြစ်ကင်းတဲ့အရာရှိများ”
         စင်္ကာပူမှာတိုက်ပေါ်က ပြုကျလို့ ခါးရိုးကျိုးသွား တဲ့ မတင်တင်နွယ် ဆိုသူနဲ့ ဇွန် ၁၂ ရက် က ကွန်ဒို ၁၈ထပပေါ်
ါ်က ခုန်ချပြီးသေဆုံး သွား ခဲ့တဲ့ မဇင်မာဦး တို့ရဲ့မူရင်းအသက် ဟာ ၁၅ နှစ်ပဲရှိပါသေး တယ်။ စည်းကမ်းကြီးပါတယ်ဆိုတဲ့ စင်္ကာပူနိုင်ငံမှာ အိမ်ဖေါ်အလုပ်သမကို ၂၃နှစ်ပြည့်မှလက်ခံပါတယ်။ ဒီအသက် ၁၅နှစ်အရွယ်မြန်မာမိန်းကလေးတွေကို အသက် ၂၃နှစ်ပြည့်အောင် ဘယ်သူတွေပတ်စပို့ထုတ်ပေးခဲ့သလဲ။ စင်္ကာပူဆိုတာ လေယာဉ်နဲ့သွားမှရောက်တဲ့အရပ်ဒေသပါ။ ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှာ အခြားဌာနတွေကို မပြောလိုတော့ပေမယ့် လေကြောင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အလုပ်သမားဝန်ကြီး ဌာ နသတင်းပို့ဆောင်ရေးစင်တာတွေရှိပါတယ်။

  
     ခါးရိုးကျိုးသွားတဲ့ မတင်တင်နွယ် သတင်းက ဟိုးလေးတကျော်မဖြစ်ခဲ့ပေမယ့် မဇင်မာဦး ခုန်ချသေဆုံး တဲ့ သတင်းတက်လာတဲ့အခါ တာဝန်မကျေခဲ့တဲ့ တာဝန်ရှိသူတွေ လန့်နိုးသွားတယ်။ မီဒီယာတွေမှာအင် တာဗျူးပေးတာက စင်္ကာပူမှာ မြန်မာအိမ်ဖေါ် လေးသောင်း၊ ထိုင်းမှာနှစ်သောင်းရှစ်ထောင်လောက်ရှိ တယ်လို့ မြန်မာသံရုံးတွေက စာရင်းပို့ထားတာရှိတယ်တဲ့။ သတင်းနားထောင်တဲ့ ကရင်မတွေရည်နေ တာအူခွေ့နေတယ်။

                                               “ခုတ်ရာတခြားရှရာတစ်ခြား”
          အာဏာရှင်အစိုးလက်ထက်ကတည်းကလွဲလာလိုက်ကြတဲ့အလွဲ NLD အစိုးရထိတိုင်လွဲကြတုန်း။ တတ်ယောင်ကား ခေါက်ရိုးကျိုး ဗျူရိုကရက်တွေ လုပ်သမျှလွဲတဲ့ဒဏ်ကို မြန်မာနိုင်ငံသားတွေ အလူးအလှိမ့် ခံနေကြရအုံးမလား။ 

      မြန်မာတွေသက်သာမယ့် CI စခန်းဆိုတာလည်း အစိုးရဆီ မှာ ဘတ်ငွေ၂သန်း (ကျပ်ငွေသိန်း ၇၀၀) အာမခံတင်ထားပေ မယ့် လုပ်ချင်တာလုပ်နေကြပေမယ့် အရေးယူမယ့်သူမရှိဘူး။ စခန်းတွေကိုလာတဲ့ မြန်မာအလုပ်သမားတွေ ခယူ(စီနီယာခ) သက်သာအောင်နဲ့ မဟာချိုင်ပုလိပ်တွေ ဖမ်းစားခံရတာက သက်သာအောင် မွန်ဘိုင်းကားနဲ့လုပ်မယ်ဆိုလို့ အလုပ်သမားေ မျှာ် လင့်ခဲ့ကြပေမယ့် ခုထိဘာမှဖြစ်မလာ။ အလုပ်သမားဝန်ကြီး အနေနဲ့ မြန်မာအလုပ်သမားတွေမြန်ကောင်း သက်သာစေတဲ့ ရွှေ့လျား (မွန်ဘိုင်းကား) အစီအစဉ်ကိုအလျှင်အမြန်ဆောင်ရွက် သင့်ပါတယ်။

                                          “ထိုင်းအဆင်သင့်ပြင်ဆင်မှု”
       လာမယ့်လကုန်ပတ်မှာ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဥပဒေအသစ် ထိုင်းအစိုးရထုတ်ပြန်ပါမယ်။ စမ်းသပ်ပညာပေးကာလ ၃လသတ်မှတ်ထားပါတယ်။ အယင် ဥပဒေအဟောင်းမှာ တရားမ၀င် အလုပ်သမားကိုခိုင်းစေတဲ့လုပ်ငန်းရှင်ကို ဒဏ်ငွေ ဘတ်တစ်သိန်း၊ ထောင်ဒဏ် ၃လ ချမှတ်ခဲ့ပေမယ့် အခု ဥပဒေအသစ်မှာ ပြစ်ဒဏ် ၄ဆကနေ ၈ဆအထိ တိုးထားပါတယ်။ အလုပ်ရှင်တွေဟာ သူတို့ခိုင်းစေတဲ့ အလုပ်သမားတွေကို ၄ယောက်ဆန့်တဲ့အခန်းမှာ ၄ယောက်ထက် ပိုမထားရဘူး။ သောက်သုံးရေအစားအစာ သန့်ရှင်းမှုကအစ လုပ်ငန်းရှင်က ဂရုစိုက်ပေးရမှာဖြစ်ပါတယ်။ 

     ကူးစက်ရောဂါ တစ်ခုခုဖြစ်ပွားတာနဲ့ ချက်ခြင်းသတင်းပို့ရပါမယ်။ အလုပ်ရှင်နဲ့ အလုပ်မတူတဲ့ အလုပ် သမားတွေကို ဖမ်းဆီးပြန်ပို့ခံရပါမယ်။ MOU အလုပ်သမားတင်သွင်းမယ့် ထိုင်းပွဲစားကုမ္ပဏီတွေကို ဘတ် ၅သန်း စီတင်ခိုင်းထားပါတယ်။ လူကုန်ကူးမှုကိစ္စရပ်တွေအတွက် ထိရောက်ပြင်းထန်စွာ ပူးပေါင်းဆောင် ရွက်ဖို့အတွက် အလုပ်သမားအရေးဆောင်ရွက်သူတွေကို ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။

                                               “မြန်မာဘက်ကအိုးပုတ်ချိုးရုပ်”
      ထိုင်းမှာ အလုပ်သမားသံအရာရှိ ၅ ယောက်ရှိတယ်။ အလုပ်သမားသံအရာရှိ ၅ယောက်ရှိနေရုံနဲ့
ထိုင်းရောက်အလုပ်သမားတွေ နေ့တဓူဝအခက်အခဲတွေ ပြေလည် ကြရဲ့လား။ အဲဒီလေ့လာမှုကို ဘယ်သူလုပ်ပေးမလဲ။ ဘာနဲ့တိုင်း တာကြမလဲ။ မြန်မာအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေဟာ အလုပ်သမားအရေးဆောင်ရွက်သူတွေ၊ အလုပ်ရုံကအလုပ်သမား ကိုယ်စားလှယ်တွေနဲ့ လုံလောက်တဲ့ အချိန်ပေးပြီး သတင်း အချက် အလက်ယူတာမျိုးတွေ လုပ်ဖို့သင့်ပါတယ်။

          ကမ္ဘာပေါ်မှာကျွန်အထုတ်လုပ်ဆုံး၊ အလုပ်သမားတင်ပို့ ဆုံးဖြစ်နေတဲ့ မြန်မာနိုင်ငံက အလုပ်သမားဝန်ကြီးဌာနမှာ ပြည်ပ ထွက်ခွာအလုပ်သမားတွေအတွက်ရော ပြည်တွင်းကိုလှိမ့်ဝင်နေတဲ့ တရုတ်နဲ့ အခြားနိုင်ငံကအလုပ်သမားတွေအတွက် ဘာမူဝါဒတွေချ မှတ်ထားပြီလဲ။ ချမှတ်ထားတဲ့မူဝါဒကို ဘယ်သူတွေအကောင်အ ထည်ဖေါ်ကြမလဲ။ စမ်းသပ်ကာလကဘယ်လောက်လဲ။ နောက် ၃နှစ်မှာကော ဘယ်လိုမူဝါဒ အသစ်အဆန်းတွေနဲ့ အကောင်အထည်ဖေါ်မလဲဆိုတာကိုနိုင်ငံကိုကြေညာ သင့်ပါတယ်။

          ကုမ္ပဏီထောင်ထားသူက  ILO ညီလာခံမှာ မြန်မာအ လုပ်သမားကိစ္စတင်ပြ၊ ပြည်တွင်းပွဲတွေကျင်းပ၊ အလွတ်ကျက် ပြောကြတာတွေကို အလုပ်လုပ်နေကြတယ်လို့ထင်နေကြရင် တော့ တက်တက်စင်လွဲပြီပေါ့။ နှစ်ပေါင်း၅၀လွဲခဲ့ပြီ။ တိုင်းပြည် ကနုနု မုန်တိုင်းကထန်ထန် ကြားကာလမှာ ပြည်တွင်းမှာ ဆရာ ကြီး ၀င်လုပ်နေသူတွေကိုမေးကြည့်စမ်းပါ။ ထိုင်းနိုင်ငံမှာနှစ်ပေါင်း ဘယ်လောက်လုပ်ခဲ့ပြီလဲ။ ထိုင်းအိမ်တိုင်းနီးပါးမှာရှိနေကြတဲ့ မြန်မာအိမ်ဖေါ်တွေအတွက် တနင်္ဂနွေတစ်ရက်နားရက် ရအောင် ဆောင်ရွက်နိုင်ခဲ့သလားလို့။ သိတာနဲ့အကောင်အ ထည်ဖေါ်နိုင် မှုဟာ သီးခြားစီပဲဖြစ်ပါတယ်။

      အာဏာရှင်အစိုးရမလုပ်ခဲ့တာတော့ထားတော့။ အသွင်း ပြောင်း ဦးသိန်းစိန် အစိုးရလက်ထက် ၅နှစ် တာကာလမှာ ပြည်တွင်းပြည်ပအလုပ်သမားဥပဒေ၊ နည်းဥပဒေတွေဘာတွေလက်တွေ့ကျကျ ချမှတ်နိုင်ခဲ့ကြသလဲ။ ချမှတ်တဲ့မူဝါဒတွေ၊ ဘာတွေအောင်မြင်ခဲ့သလဲ။ အခု NLD အစိုးရ တစ်နှစ်ကျော်ကာလအတွင်းမှာကော ဘာတွေလုပ်ထားကြပြီလဲ။ နောက် ၃နှစ်ကျော်ကာလ အတွက်ကော အလုပ်သမားထုတွေအတွက် ဘာမျှော်လင့်ရမလဲဆိုတာကို လူထုရွေးချယ်တင်မြှောက်ထားတဲ့ NLD အစိုးရက ချပြဖို့လိုအပ်ပါပြီ။ 

      ဘယ်သောအခါများ အဖိနှိပ်ခံဘ၀က မြန်မာ များလွတ်နိုင်ပါမလဲဆိုတဲ့ စေတနာနဲ့ရေးတာမို့လို့ အလုပ်လုပ်ရကောင်းမှန်းမသိ၊ အလုပ်လုပ်ပိုင်ခွင့်ကို ရပိုင်ခွင့်အနေနဲ့သာစွဲမြဲစွာ မှတ်ယူထားကြတဲ့ အဘ နဲ့ အမတို့ စိတ်ဆိုးကြရင် မတတ်နိုင်ဘူး။ အလုပ်သ မားလောက ပြောင်းလဲချိန်တန်ပြီမို့လို့ပါ။   

                         ကျော်သောင်း