16 March 2013

“ငါးဖမ်းလှေအလုပ်သမား ၁၅ ဦး အား ပူးပေါင်းအဖွဲ့များကယ်တင်”

              
၂၀၁၃ မတ်လ  ၁၆
ကိုတီး
           ထိုင်းနိုင်ငံတောင်ပိုင်း ကတန်လှေဆိပ်တွင် ၆လမှ၁နှစ်ကြာသည်အထိငါးဖမ်းလှေပေါ် တွင်  ရောင်း စားခံခဲ့ရသည့် မြန်မာ အလုပ် သမား ၁၅ ဦးတို့အား လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်း အဖွဲ့တို့က ကူညီကယ် တင်နိုင် ခဲ့သည်။

           မတ်လ ၁၀ ရက်နေ့တွင် အဆိုပါ လှေလုပ် သားများအား နယ်မြေ လူကုန်ကူး မှု တိုက်ဖျက်ရေး အဖွဲ့နှင့် ဒေသခံရဲတို့က ထိန်းသိမ်းထားခဲ့သော်လည်း ထိုင်းအစိုးရ လူကုန်ကူးမှုအထူး တိုက်ဖျက်ရေး ထောက်လှမ်းရေးတပ်ဖွဲ့ DSI နှင့် ကူညီသူ များမှာ မတ်လ ၁၅ ရက်နေ့ကမှ ကတန်ရဲစခန်းသို့ သွားရောက်ခဲ့ကြရသည်။


       ဖမ်းဆီးသည့်နေ့တွင် ၁၄ ဦးသာရရှိခဲ့သော်လည်း ယမန်နေ့က တစ်ဦးထပ်မံ လွတ်မြောက်လာခဲ့သဖြင့် ၁၅ ဦးဖြစ်သွားခြင်းဖြစ်သည်။ ငါးဖမ်းလုပ်သားများကို အခန်း ထဲတွင် ထည့်ထားပြီး စောင့်နေရသည့် လူကုန် ကူးသည့်အဖွဲ့ဝင် အေးမြင့် ဆိုသူကိုပါ ဖမ်းဆီနိုင်ခဲ့သည်။

            ငါးဖမ်းလှေအမှတ်(၂၀) တွင် ၆လခန့် ရောင်းစားခံနေခဲ့ရသည့် မန္တလေး တိုင်း တောင်သာမြို့နယ်၊ ဆွမ်းလွတ်ကျေးရွာ မှ အသက်၃၃ နှစ်အရွယ် မောင်တိုး ဆိုသူသည် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MAT အဖွဲ့သို့  ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က ဆက်သွယ်လာခဲ့သည်။

MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ခက်ခက်ခဲခဲ ကျနော်တို့စုဆောင်းရတယ်။ နေရာက မလေးနယ်စပ်ကိုရောက်သွားပြီး ဖုန်းဆက်ရတာ မကြားတချက်ကြားတချက်နဲ့ ပင်လယ်ထဲက လူနဲ့ စကားပြောရတာ။ ရသမျှ သတင်းအချက်အလက်တွေကို ထိုင်းအစိုးရ လူကုန်ကူးမှု အထူးထောက် လှမ်းရေးအဖွဲ့ DSI ကို ပို့တယ်။ မြန်မာအလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း ရဲ့ အကူညီတချို့  ကို ရယူရတယ်။

  ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED နဲ့ညှိနှိုင်းကြ တယ်” ဟုပြောသည်။
             အလုပ်သမား ၁၅ဦးအနက် ၁ဦးမှာတစ်နှစ်ကျော်ကြာမြင့်ပြီး၊ လှေပေါ် သို့ရောက် ကာစ အလုပ် သမား ၄ဦး နှင့် ကျန်သူများမှာ ၆လခန့် တစ်ပြားမှ မရရှိပဲ အလုပ်လုပ်နေကြရသူများဖြစ်ကြသည်။

   မောင်တိုး က “ ကျနော် ဦးကျော်သောင်း ကို ဆက်သွယ်လို့ ရကတည်းက လွတ်
မြောက် မယ်ဆို တာ ယုံကြည်တယ်။ ကျွန်အဖြစ် ရောင်းစားခံနေရာကလွတ်မြောက်
အောင် ကယ်တင်ပေးခဲ့ကြသူတွေကို ကျနော်တို့ တစ်သက်လုံး မမေ့ပါ ။ ရောင်းစားခံ ထားရတဲ့သူတွေ ထိုင်းပင်လယ်ထဲမှာ အများကြီးပါ” ဟု ပြော သည်။

    လိုအပ်သည့် စစ်ဆေးချက်များအား စစ်ဆေးမေးမြန်းခြင်းများ ယနေ့တွင် ပြီးစီးသဖြင့် ရက်ပိုင်းအတွင်းဘန်ကောက်မြို့အနီး နွန်ထဘူရီတွင်ရှိသော အစိုးရ ကယ်ဆယ်ရေး စခန်း တွင် လအနည်းငယ်နေရပြီးမှ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအစိုးရ တို့က နေရပ်ရင်း သို့ ပြန်ပို့လေ့ရှိသည်။