27 April 2013

“စမူပါကန် ခေါင်ဒဲန်လှေဆိပ်မှ မြန်မာအလုပ်သမား ၁၁ ဦးလွတ်မြောက်၊ ပွဲစားများထွက်ပြေး”



    
၂၀၁၃  ဧပြီ ၂၆ 

ကိုတီး
                ဘန်ကောက်မြို့အနီးစမူပါကန် ခေါင်ဒဲန်  ငါးဖမ်းလှေဆိပ်မှ (လုံထစ်) ငါးဖမ်းလှေ များတွင် လူကုန်ကူးခံနေကြရသော   မြန်မာအလုပ်သမား ၁၁ ဦးတို့ကို လူ ကုန် ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး အဖွဲ့တို့ ယမန်နေ့ က ကယ်တင်နိုင်ခဲ့ကြသော်လည်း ပွဲစားအချို့မှာထွက်ပြေး လွတ်မြောက်သွား ခဲ့ကြ သည်။
         ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူး တပ်ဖွဲ့ AHTD,မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ( အလုပ်သမားညွှန်ကြားရေးမှူး ဦးနိုင်ထွန်း) ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ ဖြိုးရေးဖေါင်ဒေးရှင်း FED နှင့် ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT
အဖွဲ့ တို့  ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
        ဧပြီလ၂၄ ရက်နေ့က ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ၂၀၀ကျော် အကွာတွင်ရှိသောခြုံဘူရီ မြို့နယ်၊ ဘော်ထောင် ကျေးရွာ တွင် နေထိုင်ကြသည့်   တောင်ကြီးရှမ်း ဇနီးမောင်နှံတို့က  ရေထဲမှ ဆင်ပြေး လွတ်မြောက်လာသည့်  ကိုမင်းလှိုင် ဆိုသူတစ်ဦး အား သွားရောက် ခေါ်ယူ ကယ်တင်ထား ခဲ့သည်။
၎င်းတို့က ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP ဖုန်းသို့ ဆက်သွယ် အကူညီတောင်းခံခဲ့ရာUNIAP မှ မြန်မာအရာရှိက MAT အဖွဲ့ ဖုန်းနံပတ်ကို ပေးလိုက် သည်ဟု ဆိုသည်။ 
ဧပြီလ ၂၅ ရက်နေ့တွင် MAT အဖွဲ့က ကိုမင်းနိုင် အားသွားရောက်ခေါ်ဆောင်ခဲ့သည်။ ထို့နောက် ဧပြီ ၂၆ရက်နေ့တွင် ကိုမင်းနိုင် လမ်းပြခေါ်ဆောင်လျှက် ခေါင်ဒဲန် ငါးဖမ်းလှေ ဆိပ်မှ အလုပ်သမားများကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

           ဘန်ကောက်မြို့အနီး စမူပါ ကန် ခေါင်ဒဲန် ထိုင်လုံမစ် ငါးဖမ်းလှေ ဆိပ် လှေအမှတ် ၁မှ ၆ဦး ၊လှေအမှတ် ၉မှ ၃ဦး နှင့်လှေအမှတ် ၂၉ တို့မှ တစ် ဦး ဖြစ်ကြသည်။
      လှေအမှတ်၁တွင်ရှစ်လကျော်ကြာ  ရောင်းစား ခံခဲ့ရသည့် ရခိုင်လူငယ် ကိုဇေါ်နိုင် ထွန်း က “ကျနော် တို့ကို ကန်ချနဘူရီ ၀ိုင်တ, နာနတ်သီး စက်ရုံမှာ လုပ်ရ မယ် ဆိုပြီး ထားဝယ်မြို့နယ်၊ ပကာရီရွာမှ ကိုမျိုးထွန်း က ပို့လိုက်တာပါ။ အဲဒီစက် ရုံက စောလခီး ဆိုတဲ့ ကရင်ပွဲစား တစ်ဦးက ကျနော်တို့ကို ငါးဖမ်းလှေကို ရောင်းလိုက် တာပါ။ ပိုက်အလုပ် မတတ်ခင် ၄လလောက်က ပိုက်ဆရာတွေ ရိုက်နှက်တာ ခံရ တယ်။ နောက် တတ်သွားမှ အရိုက်မခံ ရတော့ တာ”ဟုပြောသည်။ ဧရာဝတီတိုင်း မှအလုပ်သမား ၄ဦးကိုလည်း မြ၀တီပွဲစား မှ တစ်ဆင့် ၀ိုင်တစက်ရုံသို့ ပို့ဆောင် ခဲ့ကာ စောလခီး ကပင် ငါးဖမ်းစက်လှေသို့ ရောင်းချခဲ့ခြင်းဖြစ်သည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ ရဲအင်အားနဲ့ ကျနော်တို့ အင်အားက နည်းတယ်။ ရဲသုံးယောက်ကျနော်တို့အဖွဲ့ က၃ ယောက်ဖြစ်တယ်။ ပွဲစားတွေ မိသင့် လျှက်မမိဘူး။ ရေးထဲကို ၂ယောက်ဆင်းပြေး သွား တယ်။ တစ်ယောက်က အိမ်တွေ ကြားထဲဝင်ပြေးတာ ကျနော်တို့လိုက်ကြတယ်။ခြံစည်းရိုးကို ကျော်ပြေးသွား တယ်။ သူတို့က ဒီမှာနေတာ၊ ၀င်ပေါက်ထွက်ပေါက် အကုန်သိတယ်” ဟုပြောသည်။
             ထိုင်းနိုင်ငံတွင် ကျင့်သုံးနေသည့် လူကုန်ကူးမှု အတွေ့အကြုံအရ အမှုမဖွင့် လိုသည့် အလုပ်သမား များမှာ မိမိနေရပ်ရင်းသို့ မြန်မြန်ပြန်သွား ခွင့်ရရှိကြသည်။ အစိုးရသက်သေအဖြစ် အမှုဖွင့်ကြသူအချို့နှင့် အသက်မပြည့်သည့် ၁၈ နှစ်အောက် ကလေးအလုပ်သမားများမှာ အနည်းဆုံး ၆လမှ ၉လအထိ ကယ်ဆယ်ရေး စခန်း ထဲတွင် ၀င်ငွေ မရှိပဲ အချိန်ကြာတတ်ကြသည်။ 

လူကုန်ကူးမှုကျူးလွန်သည့် ပွဲစားများ နှင့်တရားမ၀င် အလုပ်သမားများ ကို ခိုင်စေသည့် လုပ်ငန်းရှင်များနှင့်လှေပိုင်ရှင်များမှာမူ တစ်ရက်မှပင်အကျဉ်း ကျခြင်း၊ အပြစ်ပေး အရေး ယူခံခြင်းမျိုး မကြားဖူးကြောင်း MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြော သည်။

           ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATသည် ထိုင်းအစိုးရလူကုန်ကူး မှုအထူး စုံစမ်းရေး အဖွဲ့ DSI,ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့ AHTD,ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့UNIAP,မြန်မာသံရုံးအလုပ်သမားကူညီစောင့်   ရှောက်ရေးကော် မတီနှင့် ထိုင်းတောင် ပိုင်းအခြေ စိုက်  FED တို့ နှင့် ပူးပေါင်းလျှက် ၂၀၁၃ ခု နှစ်ဇန် န၀ါရီလမှ ဧပြီလ အတွင်း လူကုန်ကူးမှုပေါင်း ၁၆ ကြိမ်အတွင်း လူကုန်ကူးခံရသူ ၈၀ဦးကို ကယ်ထုတ်   နိုင်ခဲ့ပြီး ရိုက်နှက်သည့် ပိုက်ဆရာနှင့်ပွဲစား ၇ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ပြီးဖြစ်သည်။
 
         MAT နှင့် ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သည့်  ၂၀၁၂ ခုနှစ်အတွင်း လူကုန်ကူး မှုပေါင်း ၁၉ ကြိမ် အတွင်း ရောင်းစားခံထားရသည့် အလုပ်သမား ၂၉၂ ဦးအား ကယ်ထုတ်နိုင်ခဲ့သလို ပွဲစား ၉ ဦးတို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း MAT နှစ်ချုပ် လူကုန်ကူးမှုအစီရင်ခံစာအရ သိရှိရသည်။