04 October 2013

“သတ်ဖြတ်ခံရတဲ့မြန်မာအလုပ်သမားလျှော်ကြေးရ”


 အောက်တိုဘာလ ၄   မြတ်ညို(အလွတ်သတင်းထောက်)
          ဘန်ကောက်မြို့အနီး မဟာချိုင် ထိုင်းလုံးစီ ငါးသေတ္တာ အလုပ်ရုံမှ မြန်မာ အလုပ် သမားတစ်ဦးအား ထိုင်းအလုပ်သမား၂ဦး ဓါးဖြင့်ထိုးသတ် သေဆုံးမှုအတွက် နစ်နာကြေး ဘတ်ငွေသုံးသိန်းကျော် ယမန်နေ့ က ရရှိပြီဖြစ်ကြောင်းသိရှိရသည်။
       ဇူလိုင်လ ၃၁ ရက်နေ့က အလုပ်ရုံသို့အသွား နံနက်ပိုင်းတွင် အလုပ်ရုံအနီး အရောက်တွင် စကား အနည်းငယ်များထားကြသည့် ထိုင်းအလုပ်သမား၂ဦးက အသက် ၁၉နှစ် မောင်အာကာစိုး ကို ဓါးဖြင့် ထိုးသတ်ခဲ့ကြခြင်းဖြစ်ကြောင်း ဦးလေးတော်စပ်သူ ဦးသန်းထွန်းနိုင် ကပြောသည်။
“ထိုင်းအမျိုးသမီးတစ်ယောက်နဲ့ အလုပ်ထဲမှာ နဲနဲစကားများထားကြတယ်။ ကလေး အလုပ်ကိုသွားတဲ့ မနက် ပိုင်း အလုပ်ရုံရောက်ခါနီးမှာ ဆိုင်ကယ်စီး ထိုင်း၂ယောက်ဓါး နဲ့ ထိုးသတ်ခံရတာဖြစ်တယ်။ ရဲ ထွက်ဆိုချက်လည်း ဒီအတိုင်းပဲ ဖြစ်တယ်။ ဒီကိစ္စကို အစအဆုံးအကူညီးပေးတဲ့ MAT အဖွဲ့ မဟာချိုင် တာဝန်ခံ ကိုခိုင်ကြီး ကိုအထူးကျေး ဇူးတင်ပါတယ်” ဟု သေဆုံးသူ ၏ ဦးလေးကပြောသည်။


လူသတ်သမားကိုမူ ထိုင်းရဲများက ယနေ့တိုင်ဖမ်းဆီးနိုင်ခြင်းမရှိပေ။ ပကန်ချီဝစ်ခေါ် အသက်အာမခံကုမ္ပဏီမှ ဘတ်ငွေ သုံးသိန်း နှင့် ပကာစာခွန်းခေါ် လူမှုဖုံလုံရေးဌာန ကဘတ်ငွေ ၄၀,၅၇၂ အပြင် အလုပ်ရုံမှ  ဘတ်ငွေ နှစ်ထောင် ရရှိခဲ့ခြင်းဖြစ်သည်။  


အလုပ်သမားသေဆုံးမှုကိုအစအဆုံးလိုက်လံ ကူညီပေး ခဲ့သူ ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများ  အဖွဲ့MAT မဟာချိုင် တာဝန်ခံ ကိုခိုင်ကြီးက “ထိုင်းနိုင်ငံမှာ ဗမာ တစ်ယောက်ကို ထိုင်း တစ်ယောက်ထိုးသတ်၊ပစ်သတ်တာ လိုက်တာ ခွေး တစ်ကောင် ကြက်တစ်ကောင် လောက်တောင် အရေးမပါဘူး။ သတ်ချင်တိုင်း သတ် ပစ်လို့ရသလို ကိုဖြစ်နေတာ။ ဒါပေမယ့် ခုဟာကဒီကလေး  မှာ တရားဝင် အလုပ် သမားဖြစ်နေတယ်။ သူ့မှာ စာရွက် စာတမ်းေ တွ အပြည့်အစုံရှိနေတယ်။ အလုပ်ရုံ မှာလည်း ပကာစာခွန် မှန်မှန်ကန်ကန်လုပ်ထားတယ်။ ကျနော်အချိန်မီ လုပ်သင့် တာတွေလုပ်လိုက်တယ်။ ကံကောင်းတယ်ပြောရမှာပေါ့ဗျာ” ဟုပြောသည်။
            ပကန်စာခွန်း(လူမှုဖူလုံရေး)နှင့် ပကန်ချီဝစ်(အသက်အာမခံ) တို့သည် မူအားဖြင်ကောင်းမွန်သည့်စနစ်ဖြစ်သည်။ သို့ရာတွင် အဆိုပါ ပကန်စာခွန်း၊ ပကန်ချီဝစ် ဟူသည့်ခေါင်းစဉ်ဖြင့် အလုပ်ရုံ အတော်များ များတို့တွင် မြန်မာအလုပ် သမားများထံမှ  ဖြတ်တောက်နေသော်လည်း အစိုးရထံသို့ ထိုဖြတ်တောက်ငွေ များ မရောက်ရှိပဲ အလုပ်ရုံတာဝန်ရှိသူများ ဖြတ်စားနေခြင်းများရှိသဖြင့် ထို ပကာစာခွန်းနှင့် ပကန်ချီဝိ ကို  မြန်မာအလုပ်သမားများက အယုံအကြည် မရှိဖြစ်နေကြသည်။ 
အချို့အလုပ်ရုံတို့တွင် ရာပေါင်းများ စွာသော မြန်မာအလုပ်သမားများအား work permit (အလုပ်လုပ်ခွင့်လက်မှတ်)  အတုများပြုလုပ် ထားကြောင်းလည်းသိရှိရသည်။ သို့ရာတွင် မည်သည့်အဖွဲ့အစည်းကမျှ  အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။
           ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် အလုပ်ပြောင်းရွှေ့သွားပါကလည်း အလုပ်သမားများ ထံမှ   ဖြတ်တောက်ထားသည့် အဆိုပါ ငွေများမှာ  ဆုံးရှုံးခံခဲ့ရခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ကြောင်း MAT အဖွဲ့ ကဝေဖန်ပြောဆိုသည်။