22 April 2016

“ဘန်ကောက်မြန်မာသံရုံးရှေ့မှာ ရခိုင် စစ်ပွဲရပ်တန့်ရေးဆန္ဒပြ”



            

၂၀၁၆ ခု ဧပြီလ ၂၂
မြတ်ညို (အလွတ်သတင်းထောက်)


      ရခိုင်တွင်ဖြစ်ပွားနေသောစစ်ပွဲရပ်တန့်ရေးအတွက် ရခိုင်ရဟန်းသံဃာအချို့နှင့် ရခိုင်အလုပ် သမားများစုပေါင်း၍ ယနေ့နံနက်ကဘန်ကောက်မြန်မာသံရုံးရှေ့တွင်ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

           ရာချီသည့်လူအင်အားများဖြင့် “မြန်မာပြည်မှ စစ်ပွဲများချက်ချင်းရပ်၊ ရခိုင်လူမျိုးများအား ဆင်နွဲနေသောစစ်ပွဲများ .. ချက်ချင်းရပ်။ ရခိုင်ပြည်မှလူ့အခွင့်အရေးချိုးဖေါက်မှုများ..ချက်ချင်းရပ်။ တန်းတူအခွင့် အရေးမရှိရင် .. ဒီမိုကရေစီ မဖြစ်နိုင်ဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ..ချက်ချင်းစ ချက်ချင်းစ။ မြန်မာစစ်တပ်၏လူသားဒိုင်းကာအသုံးချမှု..ရှက်စရာရှက်စရာ”ဟူသည့် ကြွေးကြော်သံများဖြင့် နာရီဝက်နီးပါးခန့်ကြာ ဘန်ကောက်မြန်မာသံရုံးရှေ့တွင် ကြွေးကြော်ခဲ့ကြသည်။  

           ဆန္ဒပြပွဲကို ဦးဆောင်သူများက  မြန်မာလူမှုအသိုင်းအ၀ိုင်း ဟူသည့် နာမည်ဖြင့်  (အင်္ဂလိပ်နှင့်မြန်မာ) ကြေညာချက်တစ်စောင်ကိုထုတ်ပြန်ပြီး မြန်မာသံရုံးသို့ပေးပို့ခဲ့သည်။ အဆိုပါစာ၏  အနှစ်ချုပ်မှာ ရခိုင်စစ်ပွဲများကိုရပ်တန့်ရန် NLDအစိုးရပြည်ထောင်စုလွှတ်တော် အနေဖြင့် ပြည်တွင်းစစ်ချုပ်ငြိမ်းစေရေးအတွက် ရခိုင်ပါတီ၊ ရခိုင်အဖွဲ့အစည်းများလူထုများဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုအကောင်အထည် ဖေါ်ဆောင်သင့်ကြောင်းရေးသားထားသည်။

        
    ထို့အပြင် ရခိုင်နှင့်မြန်မာပြည်တနံတလျားတွင်ဖြစ်ပွားနေသော စစ်ပွဲများရပ်တန့်စေရန် အတွက်နိုင်ငံတကာနှင့် မြန်မာနိုင်ငံသားများအားလုံးနှင့် မြန်မာအစိုးရကဦးဆောင်၍ ငြိမ်းချမ်းေ ရးလုပ်ငန်းစဉ်များအား အကောင်အထည်ဖေါ်သင့်ကြောင်း တိုက်တွန်းထားသည်။

   ယခု ဆန္ဒပြပွဲသည်  NLD အစိုးရသစ် တက်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး
ရှေ့တွင် ပထမဦးဆုံးဆန္ဒပြပွဲဖြစ်သည်။