30 April 2016

ရွှေ့ပြောင်းအလုပ်သမားမူဝါဒများ ပြုပြင်ပြောင်းလဲရန် အစိုးရသစ်ကို အကြံပြု




By ဒီဗွီဘီ 30 April 2016 

ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူတွေရဲ့ အစည်းအဝေးနဲ့ အလုပ်သမားအဆင့် ၀န်ကြီးများ အစည်း အဝေးတွေကို  နေပြည်တော်မှာ လာမယ့် ဧပြီ ၃၀ ကနေ မေလ ၂ ရက်နေ့အထိ ကျင်းပဖို့ ရှိနေပါတယ်။

     အဲဒီအစည်းအဝေးမှာ  ထိုင်းနိုင်ငံရောက် အလုပ်သမားအရေး လှုပ်ရှားဆောင် ရွက် နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့  ထည့်သွင်းဆွေးနွေးစေလိုတဲ့ အချက်တွေ ကြိုတင်ပေးပို့ထားကြဖို့   မြန်မာနိုင်ငံအလုပ်သမားညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ညွှန်ကြားထားပါတယ်။

        ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ်အနေနဲ့တော့ ထိုင်းနိုင်ငံကို မြန်မာအလုပ် သမားတွေ စေလွှတ်ရာမှာမိမိနိုင်ငံသားအလုပ်သမားတွေကိုမှန်ကန်ကောင်းမွန်စွာကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ မူဝါဒတွေ ချမှတ်စေလိုကြောင်း အဖွဲ့ချုပ် ဒါရိုက်တာ ဦးကျော်သောင်းက ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းမှာ မြန်မာအလုပ်သမားတွေ ၃သန်းကျော်ရှိတယ်၊အရင်အစိုးရတွေလက်ထက် က  သူတို့ လုပ်အားခပြဿနာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာတွေ အကာအကွယ် မပေးနိုင် ခဲ့ဘူး။ ၂၀၀၃ ခုနှစ်က နှစ်နိုင်ငံအစိုးရပေါင်းပြီး အမ်အိုယူစနစ်နဲ့ အလုပ်သမားတွေကိုတင်ပို့တာ ၂ သိန်းကျော်ရှိတယ်။ အဲဒါတရားဝင်လူကုန်ကူးတဲ့ ပုံစံပေါက်နေတယ်လို့ပဲ ပြောချင်တယ်။ အလုပ်သမားတွေ စေလွှတ်ပြီးရင် တကယ့်လုပ်ငန်း ခွင်ထဲမှာ သူတို့ဘယ်လိုနေ၊ ဘယ်လိုထိုင် ပြီး ဘယ်လိုအခက်အခဲ တွေ ရှိတယ်ဆိုတာ ၂ နိုင်ငံလုံး ကွင်းဆင်းစစ်ဆေးသင့်တယ်။ အစိုးရ သစ်လက်ထက် မှာ ပိုပြီးကောင်းမွန်တဲ့ အလုပ်သမား ဆိုင်ရာမူဝါဒတွေ ချမှတ်သင့်တယ်လို့ ကျနော် တို့ အကြံပြုထားပါတယ်။

             ဒါ့အပြင် ထိုင်းနိုင်ငံထဲမှာ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်စေတဲ့ အစီအစဉ်ဟာ လုပ်ငန်းစဉ်တွေ များပြားရှုပ်ထွေးပြီး အလုပ်သမားတွေ အလိမ်ခံရတာ၊ အနိုင်ကျင့် ခံနေရတာေ တွ ရှိနေကြောင်း၊ အဲဒီမတိုင်ခင် အရင်ထုတ်ပေးတဲ့ ပန်းရောင်ကတ်မှာ နယ်မြေထွက်ခွာခွင့် ကန့်သတ်တာကလွဲလို့ ပိုပြီးအဆင်ပြေတဲ့အတွက် ခရီးသွားလာ ခွင့်၊လေယာဉ်စီးခွင့်တွေပေးဖို့ အကြံပြုတောင်းဆိုထားတယ်လို့လည်းပြောပါတယ်။

              မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ ဒုဥကဌ ဦးအောင်ကျော်ကတော့ ပန်းရောင်ကတ် တွေဟာ ခရီးသွားလာခွင့်မရှိတဲ့အပြင် အလုပ်အ ကိုင်/အလုပ်ရှင် ပြောင်းလဲခွင့်လည်း မရှိတဲ့အတွက် ဒီပန်းရောင်ကတ် ပြန်ကိုင်ဆောင်စေမှုကို ရှုတ်ချကြောင်း၊ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် ကတ်၊ ဗီဇာခ၊ ပတ်စပို့လုပ်ခ၊ အလုပ်သမားမှတ်ပုံ တင် အစရှိသော လုပ်ငန်းစဉ် အဆင့်တိုင်းအတွက် ကုန်ကျစရိတ်ကို အစိုးရထံအမှန် တကယ်   ပေးသွင်းရသော ပမာဏအတိုင်း ပေးသွင်းရဖို့၊  အလုပ်သမားရပိုင်ခွင့်နဲ့ အခွင့်အရေးတွေမှာ ခွဲခြားမှုမရှိဘဲ အလုပ် သမားတိုင်း တန်းတူ ရရှိရေး ဆွေးနွေးပေးဖို့ အကြံပြုထားကြောင်း ဒီဗွီဘီ ကို ပြောသွားပါတယ်။

          ဒါ့အပြင်ထိုင်းနိုင်ငံရောက် နေရပ်ကိုပြန်တဲ့ မြန်မာအလုပ်သမားတွေကိုထိုင်းရဲဂိတ်တွေ က ငွေတောင်းတာနဲ့ မြန်မာဘက်ခြမ်းမှာနယ်ခြားစောင့်တပ်ဘက်က ငွေထပ် ကောက်တဲ့ကိစ္စတွေကိုလည်း  နှစ်နိုင်ငံအစိုးရတွေကထိရောက်စွာအရေးယူ ဆောင်ရွက်ပေးစေလိုတယ်လို့လည်း မြန်မာအလုပ်
သမားအရေးကူညီပေးနေတဲ့ အဖွဲ့တွေကပြောပါတယ်။