02 September 2016

“၅နှစ်ခန့်လုပ်အားခေါင်းပုံဖြတ်ခံနေရသည့်မိန်းကလေးငယ်ကိုMATနှင့်ထိုင်းအာဏာပိုင်များကယ်ထုတ်”


၂၀၁၆ ခု  သြဂုတ်လ ၂
မြတ်ညို (အလွတ်သတင်းထောက်)


          ၅နှစ်ကျော်ကြာ မိဘများနှင့်အဆက်အသွယ်ဖြတ်တောက်ခံခဲ့ရပြီး လုပ်အားခေါင်းပုံဖြတ်ခံနေရသည့် အသက် ၁၆ နှစ်အရွယ်မြန်မာအမျိုးသမီးငယ်တစ်ဦးအား MAT အဖွဲ့နှင့် ထိုင်းအာဏာပိုင်များပူးပေါင်း၍ ယနေ့ နေ့လည်က ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်မြို့ ဟိုတယ်တစ်ခုကကယ် ထုတ်နိုင်ခဲ့ပါသည်။

          ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ဘန့်ရွိုင်မီးပွိုင့်အနီး Phat Phangan ဟိုတယ်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၆နှစ်အရွယ် မအေးအေးစိုး အား၊ ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအထူးစုံစမ်းရေးဌာန(၁) မှ အကြီးအကဲ Mr.Komvich Padhanarath, Chief of Prevention and Suppression Div.1- Anti-Human Trafficking Center , Department of Special Investigation , Ministry of Justice. ၏ လမ်းညွန်ချက် နှင့် စူရတ်ဌာနီအခြေစိုက် ထိုင်းမြန်မာနယ်ခြားကော်မတီအကူညီဖြင့်၊ စူရတ်ဌာနီတွင် နေထိုင်သော MAT အဖွဲ့ ၏ အကြံပေး ရှေ့နေ ဦးအောင်မျိုးသန့် တို့က ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။

      ဖြစ်စဉ်မှာ မြိတ်မြို့ အင်းလေးမြိုင်ရပ်ကွက်၊ ခရေလမ်း၊ ဦးမောင်မြင့် တန်းလျားနေ၊ ဦးဘစံ+ဒေါ်အေးဝင်း တို့၏သမီးဖြစ်သူ မအေးအေးစိုး (၁၆ နှစ်-၂၀၁၆) အား ၂၀၁၁ ခုနှစ်ကတည်းက တရပ်ကွက်တည်းနေမခင်အေး ခေါ်ဆောင်လာသည့် မသန်းဌေး ဆိုသည့်အမျိုးသမီးက မော်လမြိုင်မြို့မှ ထမင်းဆိုင်တွင် အလုပ်လုပ်ပါက တစ်လကို ကျပ်ငွေ ခုနစ်သောင်းရမည်ဖြစ်ကြောင်း၊ တစ်လအလုပ်လုပ်၍မပျော်ပါက ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ပြောဆိုစည်းရုံးပြီး မအေးအေးစိုး ကိုခေါ်ဆောင်သွားခဲ့ပါသည်။ ထို့နောက်ပိုင်းမှစ၍ ဆက်သွယ်၍ မရရှိတော့ပါ။ ၁၇.၆.၂၀၁၆ နေ့မှာ စူရတ်မြို့မှ ပန်းရံအလုပ်သမားဇော်လတ် ဆိုသူမှတစ်ဆင့်အဆက် အသွယ်ရရှိခဲ့ပြီး မြန်မာအစိုးရလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့သို့ အကူညီတောင်းခံခဲ့ခြင်းဖြစ်ပါသည်။

       တနင်္သာရီတိုင်း၊ မြိတ်မြို့ လူကုန်တားတပ်ဖွဲ့မှ ရဲအုပ် အောင်ကျော်မြင့် နှင့် ကော့သောင်း လူကုန်တားတပ်ဖွဲ့မှ ဒုရဲအုပ်ကျော်လင်းသူ တို့က ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ၁၀.၈.၂၀၁၆ နေ့က မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့်ရေးသား၍ အကူညီတောင်းခံလာခဲ့ပါသည်။ သို့ဖြစ်၍ MAT အဖွဲ့က စုံစမ်းမှုများကို စတင်ပြုလုပ်ခဲ့ကြသည်။

         သတင်းအချက်အလက်များ အပြည့်အစုံရရှိသည့်အခါ ထိုအချက်အလက်များကို အင်္ဂလိပ်နှင့် ထိုင်းဘာသာတို့ပြန်ဆို၍ DSI အကြီးအကဲထံသို့ ပေးပို့၍ ကယ်ထုတ်နိုင်ရန်အစီအစဉ်များရေးဆွဲခဲ့ကြသည်။ သို့ဖြစ်၍ လာမည့် ၅.၉.၂၀၁၆ တနင်္လာနေ့တွင် သွားရောက်ကယ်ထုတ်ကြရန် ပြင်ဆင်ထားခဲ့ကြပါသည်။ 

သို့ရာတွင် ယမန်နေ့က အနီးကပ်စောင့်ကြည့်နေသည့် ကိုဇော်လတ်က ဦးအောင်မျိုးသန့်  အား မအေးအေးစိုး ကို ခိုင်းစားနေသည့် မသန်းဌေး က အခြားနေရာသို့ခေါ်ယူသွားတော့မည်ဖြစ်ကြောင်း။ အကယ်၍ မခေါ်ယူစေ လိုပါက ဘတ်ငွေ ၁၅,၀၀၀ ပေး၍ ယူထားလိုက်နိုင်ကြောင်း ပြောဆိုလာခဲ့သည်။

      သို့ဖြစ်၍ MAT အဖွဲ့က DSI နဲ့ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် ထံသို့ ချက်ခြင်းဆက်သွယ်၍ နောက်ဆုံး အခြေအနေကိုတင်ပြခဲ့သည်။

ဦးအောင်မျိုးသန့် က“ DSI ကအကြီးအကဲနဲ့ ဘန်ကောက်ကMAT အဖွဲ့သားတွေက တနင်္လာနေ့မှလာကြမယ်။ ဒီမှာအခြေနေက ချက်ခြင်းအပြောင်းအလဲဖြစ်လာတယ်။ အချိန်မမီလိုက်ရင် ဘယ်ကိုခေါ်သွားလို့ခေါ်သွားမှန်းမသိဖြစ်သွားမယ်။ ဒါကြောင့် DSI အကြီးအကဲ Komvich က နယ်ခြားကော်မတီနဲ့ချိပ်ဆက်ပေးတယ်။ ခုတော့ လုပ်အားခလည်းမရပဲ နှစ်ပေါင်းများစွာ အလုပ်လုပ်နေရတဲ့ ကလေးမလေးကိုတော့ ကယ်ထုတ်နိုင်ခဲ့ပြီ။ ဒီက လေးမလေး မိဘဆီကို ဘယ်တော့ပြန်ရောက်မလဲ မသေချာတဲ့အခြေအနေအတွက်တော့ စိတ်မကောင်းဘူး” ဟုပြောသည်။

            မအေးအေးစိုး အား ကယ်ထုတ်ပြီးနောက် စူရတ်ဌာနီအမျိုးသမီးကယ်ဆယ်ရေးစခန်းတွင်း၌ ထိုင်းစစ်တပ်၊ ထိုင်းအစိုးရလူကုန်ကူးမှုတပ်ဖွဲ့များနှင့် အစည်းဝေးလုပ်ကြ၍  စစ်ဆေးခဲ့ကြသည်။ စစ်ဆေးချက်များအရ မအေးအေးစိုး ကို မသန်းဌေး ခေါ်ဆောင်လာမှုပေါ်ပေါက်ခြင်း၊ မအေးအေးစိုး အား တရားဝင်နေထိုင်ခွင့်တစ်စုံ တစ်ရာပြလုပ်မပေးထားခြင်း၊ ဤမျှ ငယ်ရွယ်သည့် မိန်းကလေးငယ်ကို ထိုင်းနိုင်ငံသို့ ခေါ်ဆောင်လာခြင်းများ ပေါ်ပေါက်ခဲ့ပါသည်။

        မအေးအေးစိုး က “သမီး ထိုင်းကိုရောက်လာတာ ၆နှစ် ၇နှစ်လောက်ရှိပါပြီ။ သမီးလား.ကရဘီမှာ ပန်းရံ၊ ဆီအုန်းခြံ၊ ကာရာအိုကေဆိုင်တွေမှာ အလုပ်လုပ်ခဲ့ရတယ်။ စူရတ်ကိုပြောင်းလာတာတော့ ကြက် မွေးခြံမှာ လုပ်ရတယ်။ အခု ဒီဟိုတယ်မှာ အလုပ်လုပ်တာ တစ်လကျော်ပဲရှိပါသေးတယ်။ သမီးလုပ်အားခကို ဒေါ်သန်းဌေး ပဲယူပါတယ်။ သမီးကို မုန့်ဖိုး ငါးဆယ်၊ တစ်ရာပဲပေးဖူးပါတယ်။ သမီးအမေတို့ကို ကျပ်ငွေ သုံးသိန်းပေး ထားခဲ့တယ်လို့ပြောပါတယ်။ ခုသမီးလွတ်လာတော့ ငိုလည်းငိုချင်တယ်။ ပျော်လည်းပျော်တယ်ရှင့်” ဟုပြော သည်။


   ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့များ၊ ထိုင်းစစ်တပ်များ၊ ထိုင်းနယ်ခြားစောင့်စစ်တပ်၊ 
ဘန်ကောက် မြန်မာသံရုံး တို့နှင့် ပူးပေါင်း၍ ၂၀၁၆ ခုနှစ်တွင် လူကုန်ကူးမှုနှိမ်နင်းခြင်း ၂၃ ကြိမ်တွင် လူကုန်ကူးခံရသူပေါင်း ၃၁၂ ဦးတို့ကို ကယ်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးသူပေါင်း ၉ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ပါသည်။