25 September 2016

"၂ခါပြန်လူကုန်ကူးခံရဆဲမြန်မာများအား MAT အဖွဲ့ကယ်တင်"



                              
၂၀၁၆ ခု စက်တင်ဘာလ ၂၅ ရက်
စိုင်းအောင်သန့်
               ဒုတိယအကြိမ်ထပ်မံလူကုန်ကူးခံရဆဲမြန်မာမိသားစု၎ဦးနှင့် လူငယ်တစ်ဦးတို့အား ၂ နေရာစီမှ ကယ် ထုတ်လာခဲ့ရကြောင်း MAT အဖွဲ့ကပြောသည်။

       မလေးရှားနယ်စပ်ကတန်မြို့ဖက်ကဆင်ငါးဖမ်းလှေဆိပ် လှေအမှတ်(၁၁)(၉) နှင့် (၇)တို့တွင် ၃နှစ် ကျော်ကြာ ရောင်းစားခံခဲ့ရသည့် မော်လမြိုင်မြို့သီရိမြိုင်ရပ်ကွက်မှ အသက် ၃၃ နှစ်အရွယ် ကိုကျော်သူရ ဆိုသူအား MAT အဖွဲ့က ၂၀၁၃ ခုနှစ်က ကယ်ထုတ်ခဲ့သည်။ ၎င်းသည် ဇနီးဖြစ်သူနှင့်အတူ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၃၀၀ ကျော်အကွာတွင်ရှိသော လုဘုရီနယ်မြေ ပန်းရုံဆိုဒ် တစ်ခုတွင် အခြေချ အလုပ်လုပ်ကိုင်နေရာ အလုပ်အဆင် မပြေသဖြင့် တရားဝင်နေထိုင်ခွင့် ပန်းရောင် ဘတ်ကဒ်ကို သက်တမ်းမဆက်နိုင်ဖြစ်နေခဲ့သည်။ 

       ထိုအခြေအနေကြောင့် သူ့အား ပွဲစားများက ငါးဖမ်းလှေတွင် အလုပ်လုပ်ရန် စည်းရုံးခြင်းကိုမကြာ ခဏခံနေရသဖြင့် MAT  အဖွဲ့သို့ ဆက်သွယ်အကူညီတောင်းခံလာခဲ့သည်။  သို့ဖြစ်၍ ကိုကျော်သူရနှင့်အတူ ဇနီးနှင့် ကလေးငယ် ၂ဦးတို့၏အချက်အလက်များကို ထိုင်းအလုပ်သမတစ်ဦး၏ အကူညီဖြင့်ရယူခဲ့ကြသည်။ ထိုနောက် ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအထူးစုံစမ်းရေး DSI မှ  Mr.Komvich Padhanarath  Chief of Prevention and Suppression  Div. 1 Anti-Human Trafficking Center , Department of Special Investigation , Ministry of Justice ထံသို့ ဆက်သွယ်၍ သတင်းပေးပို့တင်ပြအကူညီတောင်းခံခဲ့သည်။ 

         တစ်ပြိုင်တည်းတွင် ယနေ့နံနက်က ဘန်ကောက်မြို့မြောက်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာတွင် ရှိသော ပထုံဌာနီခရိုင် လလွန်ကယောက်နယ်မြေ ဓါတ်ဆီဆိုင်တစ်ခုမှ မြန်မာအလုပ်သမားတစ်ဦးက ဖုန်းဆက်အကူညီတောင်းခံလာခဲ့သည်။ မော်လမြိုင်မြို့ဇေယျာသီရိရပ်ကွက်မှ အဖ ဦးမောင်မောင်+ဒေါ် သန်းဝင်း တို့၏သား အသက် ၂၅ နှစ်အရွယ် ညီညီစိုး  ဆိုသူသည် လူကုန်ကူးခံရသူများလက်ထဲမှ ထွက်ပြေးလာကြောင်း အကူညီတောင်းခံလာခဲ့သည်။

        ညီညီစိုးသည် ဘန်ကောက်မြို့အနီး မဟာချိုင် ၀တ်ချလုံလှေဆိပ်မှ တစ်ဆင့် အင်ဒိုနီးရှားနိုင်ငံ ဗာဂျီးနီး ယားကျွန်းတွင် ၂နှစ်ကျော်ကြာ ရောင်းစားခံခဲ့ရပြီး ယမန်နှစ်က မြန်မာအစိုးရနှင့် ကမ္ဘောဇ ဘဏ်တို့၏ ကူညီ မှုဖြင့် ပထမဦးဆုံးပြန်လည်ပို့ဆောင်ပေးသည့် ၁၂၅ ဦးအသုတ်တွင် ပါဝင်ခဲ့သည်ဟုဆိုသည်။ ၎င်းသည် အလုပ်အကိုင်မရှိသဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာစဉ် ထပ်မံ၍ လူကုန်ကူးခံရမည့် အန္တရာယ်ကြုံ တွေရသဖြင့် MAT အဖွဲ့သို့ အကူညီတောင်းခံလာခဲ့ခြင်းဖြစ်ပါသည်။

MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က "ဒီအလုပ်သ မားတွေခရီးသွားလာခွင့် စာရွက်စာတမ်းတွေကို နက်ဖြန်မှ သံရုံးကိုသွားပြီး အကူညီတောင်းခံပါမယ်။  ပြီးရင် မြ၀တီလူကုန်တားတပ်ဖွဲ့စိတ်ကတစ်ဆင့် နေရပ် ရင်းမော်လမြိုင်ကို ပြန်ပို့ဖို့ ဆက်လက်အကူညီတောင်းခံ သွားပါမယ်။ ဒီနှစ်ထဲမှာ လူကုန်ကူးမှုတွေပိုမိုများပြားနေ တာကြောင့် ငွေကြေးအင်အားမရှိတဲ့ ကျနော်တို့လို အဖွဲ့ အစည်းသေးသေးလေးအနေနဲ့ အခက်အခဲကြုံတွေ့လာ   ရပါတယ်။ ဒါပေမယ့် လူကုန်ကူးခံနေရတဲ့မြန်မာတွေကို ကျနော်တို့ အတတ်နိုင်ဆုံးဆက်လက်ကူညီ သွားမယ်" ဟုပြောသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် ထိုင်းအစိုးရလူကုန်ကူးမှု တိုက်ဖျက်ရေးအထူးတပ်ဖွဲ့များ၊ မြန်မာအစိုးရလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့များနှင့် မြန်မာသံရုံး၏
အကူညီတို့ဖြင့်၂၀၁၆ ခုနှစ်တွင် လူကုန်ကူးမှုပေါင်း ၂၆ကြိမ်  အောင်မြင်မှုတွင် လူကုန်ကူးခံရသူပေါင်း ၃၂၆ ဦးကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးဂိုဏ်းသားပေါင်း ၉ဦးတို့ကို ဖမ်းဆီးတရားစွဲဆိုနိုင်ခဲ့ပါသည်။