03 September 2016

“နယ်စပ်ကိုပြန်ပို့ခံရတဲ့ MOU အလုပ်သမားတွေ ဘယ်ရောက်သွားကြလဲ”

                       
၂၀၁၆  စက်တင်ဘာလ ၃ ရက်

မြတ်ညို (အလွတ်သတင်းထောက်)

           အလုပ်လုပ်ကိုင်ခွင့် ၀တ်ပါမစ်မရှိဟုဆိုကာ ၂လနီးပါးထောင်ကျခံခဲ့ရသည့်တရားဝင် အလုပ်သမား ၃၄ ဦးကို ထိုင်းအာဏာပိုင်များက ယနေ့နေ့လည်ပိုင်းက ဘုရားသုံးဆူနယ်စပ်သို့ ပြန်လည်ပို့ဆောင်လိုက်ပြီးဖြစ်သည်။

          ပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်ထားသူ ၆ဦးနှင့်  MOU ဖြင့်လာသည့်အလုပ်သမား၂၈ ဦးတို့သည် ထိုင်းနိုင်ငံမြောက်ပိုင်း၊ လဘူရီခရိုင်၊ ဘန့်ခါနယ်မြေ တွင်ရှိသော V&K နာနတ်သီးစက်ရုံတွင် အလုပ်လုပ်နေရင်း အလုပ်လုပ်ကိုင်ခွင့် ၀တ်ပါမစ်မရှိဟုဆိုကာ၂လနီးပါးထောင်ချခံခဲရသူများဖြစ်ကြပါသည်။

   ၇.၇.၂၀၁၆ နေ့က နယ်မြေခံ ရဲများက ၀တ်ပါမစ် မရှိဟုဆိုကာ (စွမ်းတော်ဝင်၊ ရွှေနန်းရိပ်သာ၊ နှင်းပန်းဝါ၊ မိုးမိုးဖင်မလီ၊ မွန်ဘိမ်း၊ မေ၀င့်) အေဂျင်စီတို့မှ မ ၁၅ဦး+ကျား၁၃ဦး ပန်းရောင်ဘတ်ကဒ်ရှိသူကျား၃ဦး+ မ၃ ဦး ဘတ်ရှိသူ ၆ဦး(စုစုပေါင်း ၃၄ဦး) တို့ သည် ထောင်ထဲတွင် ၅၀ ရက်နှင့် ဘန့်ခါရဲစခန်းတွင် ၉ရက်ကြာမြင့်ခဲ့ပြီး ဘုရားသုံးဆူနယ်စပ်သို့ ယနေ့ပြန်လည်ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ပါသည်။

        ပြန်လည်လွတ်မြောက်လာသည့် ပဲခူးမြို့မှ ဝေလျှံထွန်း က“ကောင်မလေးတွေလည်းငိုကြ ယိုကြပေါ့။ ကျနော်တို့ ဘာပစ္စည်းမှပြန်မရခဲ့ဘူးလေ။ နယ်စပ်ရောက်တာနဲ့ ပွဲစားတွေလာခေါ်ကြတယ်။ ဘယ်သွားလို့ သွားမှန်း ကျနော်လည်းမသိဘူး။  အခုကျနော်တို့ ၈ ယောက်ပဲကျန်ပါတော့တယ်။ ကျနော်တို့က နေရပ်ကိုပြန်ဖို့ လမ်းစရိတ် လည်းမရှိ၊ နက်ဖြန်မှ ရဲစခန်းကိုသွားပြီး အကူညီတောင်းပါမယ်။ အလုပ်သမားတွေ အရေးပေါ်ဖုန်းဆက်ဖို့ အစိုးရမှာ ကြေညာထားတဲ့ နေပြည်တော် ဖုန်း ၆၇၄၃ ၀၁၈၄ နဲ့ ၆၇၄၃ ၀၂၈၄ ကို ဆက်ပါတယ်။ ကျနော်ပြော တာနဲ့ဖုန်းကိုချပစ်ပါတယ်။ ရန်ကုန်အရေးပေါ်ဖုန်း ၁၆၅၀ ၀၈၉ နဲ့ ၁၆၅၀ ၁၈၇ ကို ဆက်တော့ ဖုန်းမကိုင်ပါ။ ကျနော်တို့ တကယ်ဒုက္ခရောက်နေလို့ ဆက်သွယ်တာမရပါ။” ဟုပြောသည်။

            မည်သို့မှမသွားနိုင်ပဲကျန်နေခဲ့ကြသူများ စစ်ကိုင်းတိုင်း မုံရွာမှ ခင်မာအေး၊ရန်ကုန်တိုင်းမှ မချိုချိုဝင်း မကွေးတိုင်း၊ စေထုတ္တရာမှ ချစ်ကိုကို၊ ပဲခူးတိုင်းကျောက်တံခါးမှ စိုးသက်ထွန်း၊ ပဲခူးမြို့မှ ဝေလျှံထွန်း၊ ရခိုင်ပြည် နယ် မြောက်ဦးမြို့နယ်မှ ဦးအောာင်စောသန်းနှင့် သား မောင်ကျော်နိုင်နှင့်၊ ရခိုင်ပြည်နယ်။ မင်းပြားမြို့နယ်မှ ဘိုသောင်း ဆိုသူတို့ဖြစ်ကြပါသည်။

        အလုပ်သမားတို့ထံမှ အေဂျင်စီများနှင့် V&K နာနတ်သီးစက်ရုံမှ ၀တ်ပါမစ်ဖို့ဟုဆိုကာ ဘတ်ငွေ ၂၀,၅၀၀ စီဖြတ်တောက်ထားပြီဖြစ်ကြောင်း အလုပ်သမားများကပြောသည်။

      အလုပ်သမားများမိမိငွေဖြင့် ဘတ်ငွေ ၆၀၀ အကုန်ခံ၍ သွေးစစ်ပြီးဖြစ်ကြောင်းလည်း ပြောကြပါသည်။ ထို့အပြင်ပတ်စပို့များကို အလုပ်ရုံမှသိမ်းဆည်းထားသဖြင့် ယနေ့ပြန်လည်ပေးအပ်သည့်အခါ ရက်၉၀ တံဆိပ်တုံးမထုပဲ ထားရှိသဖြင့်နေထိုင်ခွင့်ကုန်နေသည်ဟု ပြောကြသည်။

          ထောင်ချခံခဲ့ရသည့် အလုပ်သမားများနှင့် စဉ်ဆက်မပြတ်အဆက်အသွယ်ရှိနေသည့် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“အလုပ်သမားတွေဆီက တိုက်ရိုက်အကျိုးအမြတ်ရယူထားကြတဲ့ အေဂျင်စီပွဲစားနဲ့ အလုပ်သမားတွေအတွက် အစိုးရကလွှတ်ထားတဲ့ အလုပ်သမားသံအရာရှိတို့ဟာ တရားဝင် MOU နဲ့လာတဲ့ ဒီအလုပ်သမားတွေ ခါးတစ်ထည်ကိုယ်တစ်ခုနဲ့ အခုလိုပြန်သွားခဲ့ရတဲ့အထိ တာဝန်မဲ့ဖို့မကောင်းပါဘူး။ အလွန်ရက်စက်ရာကျပါတယ်။ နယ်စပ်ကိုအလုပ်သမား(မ ၁၈၊ ကျား၁၆ ဦး) ပြန်ပို့ခံရတယ်။ ဘယ်သူတွေဘာဖြစ်သွားမလဲဆိုတာ သားသမီးချင်းကိုယ်ချင်းစာဖို့ ကောင်းပါတယ်။ အခု အလုပ်သမား ၈ ယောက် ထမင်းစားရဖို့အတွက်တော့ ကျနော်ကူညီထားပြီ။ ဒီအလုပ်သမားတွေ နေရပ်ပြန်ရောက်ဖို့အတွက် ကျနော်နည်းလမ်းရှာရအုံးမယ်”ဟုပြောသည်။

         ထိုင်းမြန်မာနယ်စပ်မြို့များဖြစ်သော မယ်ဆိုင်၊ မြ၀တီ၊ဘုရားသုံးဆူနှင့် ကော့သောင်းမြို့တို့တွင် ထိုင်းနှင့် မလေးရှားတို့သို့ လူကုန်သည့် ဂိုဏ်းအမြောက်အမြားရှိသဖြင့် ယခု ပြန်ပို့ခံရသူများအတွက် အထူးစိုးရိမ်မိ ကြောင်း ဦးကျော်သောင်းကပြောသည်။

         ဇွန်လကုန်က နိုင်ငံတော်အတိုင်ပင်ခံနှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ
သို့ကြွရောက်လာခဲ့စဉ်က ဘန်ကောက်မြန်မာသံရုံးတွင်း အစည်းဝေးတွင် ပြည်ပရောက် မြန်မာနိုင်ငံသား များကိုကာကွယ်စောင့်ရှောက်ရန် အစိုးရတွင်တာဝန်ရှိကြောင်း၊ တာဝန်မယူနိုင်ရင် အစိုးရလုပ်၍မဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် သန်းချီရှိသည့် ထိုင်းရောက်အလုပ်သမားများက အထူးအားတက်ခဲ့ကြရသော်လည်း၂လ လွန် မြောက်သွားသည့်တိုင်အောင် မည်သည့်ထူးခြားမှုမှ မရှိသေးကြောင်း MAT အဖွဲ့က ထောက်ပြပြောဆိုသည်။