30 June 2015

“အသက်သေဆုံးမှုအတွက် လှေပိုင်ရှင်က ဘတ်ငွေရှစ်သောင်းပေး၍အမှုပိတ်သိမ်း” "သွေလန့်တတ်သူများမကြည့်ပါနှင့်"

                          
၂၀၁၅ ဇွန်လ ၃၀

ကိုတီး
           
     ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်၊ နခိုစီဌာမရမြို့နယ်၊ ခနုန်ငါးဖမ်းလှေဆိပ် ဖက်ကဆင်ဖယ်တွင် ပန်ကာခုတ်မိ၍ သေဆုံးခဲ့သည့် မြန်မာအလုပ်သမား၏ မိခင်ဖြစ်သူထံသို့ လှေပိုင်ရှင်က ဘတ်ငွေ ရှစ်သောင်းပေး၍ အမှုကြေးအေးခိုင်းကြောင်း သိရှိရသည်။

         ဇွန်လ၂၇ ရက်နေ့က မြန်မာနိုင်ငံ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံမြို့နယ်၊ ကြက်ရစ်တွင်း ကျေးရွာမှ အဖ ဦးအေးဝင်း+ဒေါ်ဟင်စိန် တို့၏သား အသက်၃၈ နှစ်အရွယ် (ပိုက်ဆရာ) ကိုဉာဏ်ဝင်း သည် ငါးဖမ်းလှေ အမှတ်(၂၅) ရပ်နား ထားစဉ် ပန်ကာတွင် အမှိုက်များညိကပ်နေသလားဟု ရေထဲသို့ဆင်း၍ စစ်ဆေးနေစဉ် စက်ဆရာက ငါးဖမ်းလှေ၏ စက်ကို ဂီယာ ထိုးမိခဲ့သည်။ ထို့ကြောင့် ကိုဉာဏ်ဝင်း၏ ကြောပြင်တွင် ကြီးမားသည့်ပြရှ ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့သည်။

          ငါးဖမ်းလှေတွင် မြန်မာအလုပ်သမား၅ဦးပါရှိပြီး မွန်းလွဲ ၃နာရီခန့်က ရေထဲသို့ ဆင်းသွားခဲ့ပြီး ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံတွေရခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက MAT အဖွဲ့သို့ပြောသည်။

          သေဆုံးသူ၏မိသားစုများက မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MATသို့ ဆက်သွယ်၍ အကူညီတောင်းခံလာခဲ့ပါသည်။

MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“သေမှုသေခင်းလည်းဖြစ်၊ ကျနော်တို့နဲ့ အလှမ်းဝေးတဲ့နေရာဖြစ်နေတာ တို့ကြောင့် လုပ်သင့်လုပ်အပ်တာတွေကို ဘယ်လိုလုပ်ပါ။ ဘယ်ကိုသွားပါ ဆိုပြီး အကြံပေးခဲ့ပါတယ်။ အမှုကိုသာ တောက်လျှောက် စိစစ် ဖေါ်ထုတ်ကြမယ်ဆိုရင် အချိန်တွေကြာသွားနိုင်တယ်။ စရိတ်စကတွေလည်းအများကြီး ကုန်ကျသွားနိုင်ပါတယ်။ ဘာပြောပြော မိခင်ဖြစ်သူက တရားနဲ့ဖြေပြီး သေဆုံးသွားသူအတွက် အလှူအတန်း လုပ်လို့ရရုံဘတ်ငွေရှစ်သောင်းရရင် ပြီးရင်ပြီးရော သဘောထားလိုက်ပုံပါပဲ။ အယင်နှစ်ပေါင်းများစွာက လှေဆိပ်တွေမှာ သေဆုံးခဲ့ကြတဲ့ မြန်မာအလုပ်သမားတွေအများကြီးပဲ။ ခု ကျနော်တို့ လုပ်ပေးနိုင်သမျှ မြန်မာတွေအတွက် အကျိုးရှိတယ်လို့ပြောလို့ရပါတယ်” ဟုဆိုသည်။ 

    အလောင်းကိုယနေ့ညနေ၌ ခနုန်လှေဆိပ်ဘုန်းတော်ကြီးကျောင်းဝင်းတစ်ခုထဲတွင် မီးသဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။ ခနုန်းငါးဖမ်းလှေဆိပ်တွင် ဒေသခံ ထိုင်းရဲများနှင့် မြန်မာပွဲစားတို့ ပူပေါင်း၍ ငါးဖမ်းလှေသို့ မြန်မာအလုပ်သမားများကို ရောင်းစား လေ့ရှိသဖြင့် MAT အဖွဲ့ မကြာခဏ သွားရောက်ကယ်ထုတ်ရကြောင်း သိရှိရသည်။