03 November 2015

“နားရွက်ကိုတကယ်ကိုက်ဖြတ်နိုင်မှတိုင်းပြည်မှာသူခိုးပျောက်မယ်”

      ၂၀၁၅ ခု နိုင်ဝင်ဘာ ၄ ရက်နေ့ထုတ် တို့ခေတ် အပတ်စဉ် သတင်းဂျာနယ်ပါ ဆောင်းပါးအား အွန်လိုင်း ပရိသတ်များအတွက် ကူးယူဖေါ်ပါသည်။                          
              ဒေါ်အောင်ဆန်းစုကြည် ဇွန်လ၁၉ ရက်နေ့က အသက်၇၀နှစ်ပြည့်ခဲ့ပြီ။ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက နှစ်စဉ် ဇွန်လ၁၉ ရက်ရောက်တိုင်း၊ မြန်မာအရေးလှုပ်ရှားတက်ကြွခဲ့ကြတဲ့ ကျနော်တို့တွေ ထိုင်းနိုင်ငံမှာ ဒေါ်စုမွေးနေ့တွေ အများ ကြီးကျင်းပခဲ့ကြတယ်။ ဒေါ်စု နဲ့နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မြန်မာသံရုံးရှေ့မှာ ဆန္ဒပြပွဲတွေ၊ ဆုတောင်းပွဲတွေ ငါးလွှတ်ပွဲတွေ ပြုလုပ်ခဲ့ကြတယ်။ ဒေါ်စု ကိုမင်းကိုနိုင်တို့ ကျောင်းသားခေါင်းဆောင်တွေ အားလုံးလွတ် မြောက်လာခဲ့ပြီမို့ အဲဒီလှုပ်ရှားမှုတွေ အဲဒီပွဲတွေ ထိုင်းမှာလုပ်မယ့်သူမရှိတော့ဘူး။

          ဒေါ်စုကို မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုခေါင်းဆောင်လို့ အများကသတ်မှတ်ကြသလို တချို့များဆိုရင် မြန်မာ့ ဒီမို ကရေစီခေါင်းဆောင်လို့တောင် တင်စားခေါ်ဝေါ်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးဆပ်မှုတွေကို နိုင်ငံတကာက အသိအမှတ်ပြုကြတာကြောင့် ကမ္ဘာအရပ်ရပ်မှာ နှစ်စဉ်ရွေးချယ်တဲ့ သြဇာတက္ကမရှိသူ ၁၀ဦးမှာဖြစ်စေ ဦးရေ ၁၀၀မှာ ဖြစ်စေ ဒေါ်စုက  ယနေ့တိုင် နံပါတ်ချိပ်နေတုန်းဖြစ်တယ်။ ဒါက လူသိရှင်ကြား အသိအမှတ်ပြုခံရမှုဖြစ်သလို နိုဘယ် ငြိမ်းချမ်းရေးဆုတံအပါအ၀င် ရာချီတဲ့ဆုတံဆိပ်ပေါင်းအများဆုံးရရှိထားတဲ့ အမျိုးသမီးတစ်ဦးအဖြစ်လည်းသိရှိရတယ်။ အရေအတွက်တော့ အတိအကျမသိပါဘူး။

           ဒေါ်အောင်ဆန်းစုကြည်ကို မလိုသူတွေက အမျိုးမျိုးစွတ်စွဲခေါ်ဝေါ်သမုတ်ကြတာတွေလည်းရှိပါတယ်။ လူတိုင်း အမှားမကင်းတာမို့ အမှားအယွင်းလုပ်ခဲ့မိတာတွေလည်း ရှိကောင်းရှိနိုင်မည်ပင်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာပြည်သူတွေကကော နိုင်ငံတကာခေါင်းဆောင်တွေကပါ ချစ်ခင်လေးစားချစ်ခင်ကြတယ်ဆိုတာ အငြင်းပွားဖွယ် မရှိ ပါဘူး။ “၂၀၁၅ ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၀င်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တွေဟာ ကိုယ်စားလှယ်လောင်းတွေအပြင် ဇနီး ၊ ခင်ပွန်း၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ဆေးခံရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခု ဇွန်လ၂၀ ရက်နေ့က .. အန်အယ်လ်ဒီ ဗဟိုကော်မတီအစည်းအဝေးဖွင့်လှစ်ပွဲမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

"
ကျမတို့ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်တဲ့နေရာမှာ အရင်တုန်းကမလုပ်ဖူးတဲ့ မထားဖူးတဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေထားမှာဖြစ်ပါတယ်၊ ဥပမာအားဖြင့်ဆိုရင် ကိုယ်စားလှယ်လောင်းများအားလုံးဟာ မိမိတို့ရဲ့မရွှေ့ပြောင်း နိုင်တဲ့ ပစ္စည်းများစာရင်း၊ မိမိတို့ရဲ့ဇနီး၊ ခင်ပွန်းများရဲ့မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများစာရင်း၊ မိမိတို့ရဲ့ ၁၈နှစ် အောက်သား သမီးများနာမည်နဲ့ရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများစာရင်းကို တင်သွင်းရမှာဖြစ်ပါတယ်"

ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်တဲ့အခါ ရွေးကောက်ပွဲပြီး တိုင်းပြည်အကျိုးအတွက် ဘယ်လောက်များ တာဝန် ထမ်းဆောင်ပေးနိုင်သလဲဆိုတဲ့ အရည်အချင်းသတ်မှတ်ချက်အပေါ် အခြေခံရွေးချယ်သွားမှာဖြစ်ပြီး ရွေးချယ်တဲ့အခါ ပါတီ ၀င်တွေသာမကပဲ အပြင်က အရည်ချင်းရှိပြီး တိုင်းပြည်အကျိုး အလုပ်အကျွေးပြုလိုသူတွေကိုလည်း ဖိတ်ခေါ်သွားမယ်လို့ ပြောပါတယ်။

                                                  “နားရွက်ကိုကိုက် ထိပ်တန်းတက်ပါ ပြည်မြန်မာ”
          ငယ်ငယ်က  စာတစ်ပုဒ်ဖတ်ဖူးမှတ်ဖူးတယ်။ သူခိုးကြီးတစ်ဦး ကြိမ်ဖန်များစွာခိုးမှုကျူးလွန်နေခဲ့ရုံမက နန်းတွင်း ရတနာတိုက်ကိုပါ ကျူးကျော်ခိုးဝင်တာကြောင့်  ဘုရင်က သတ်စေလို့ အမိန့်ပေးတယ်။ သေခါနီးလူကို ပေးနေကျ အခွင့် အရေးဖြစ်တစ်ခုဖြစ်တဲ့ ဘယ်သူနဲ့တွေ့ချင်သလဲဆိုတော့ သူခိုးကမိခင်နဲ့တွေ့ချင်တယ်ဆိုတာကြောင့် လူသတ်ကုန်းမှာ မိခင် ကို ခေါ်ပေးရတယ်။ သူခိုးက သူမိခင်ကို ….အမေ တိုးတိုးလေးပြောခဲ့ချင်လို့ အနားကိုကပ်ပါလို့ပြောတယ်။ မိခင်ဖြစ်သူက  သေခါနီး သူ့သားဘာများမှာမလဲလို့ နားကိုကပ်ပေးလိုက်တဲ့အခါ၊ သူခိုးက သူမိခင်ရဲ့ နားရွက်ကို ကိုက်ဖြတ်လိုက်တယ်။ အနီးအနားမှာရှိနေကြတဲ့ လူတွေအားလုံး သူခိုးရဲ့ လုပ်ရပ်ကို မင်သက်အံ့သြကုန်တယ်။ သူခိုးက တအံ့တသြနဲ့ ဖြစ်နေတဲ့ လူတွေကို ပြောလိုက်တာက “ကျနော် မခိုးတတ်အောင် ကျနော်နားလည်အောင် ပြောမပြခဲ့ မဆုံးမခဲ့တဲ့အတွက် မိခင်ကို သင်ခန်းစာပေးတာပါ” တဲ့…။

       ဒီမိုကရေစီတိုင်းပြည်တွေမှာ နိုင်ငံအုပ်ချုပ်မင်းလုပ်ကြမယ့် အမတ်လောင်း၊ သမ္မတလောင်းတွေဟာ ရွေးကောက်ပွဲ မ၀င်ခင် သူတို့ပိုင်ဆိုင်မှုတွေကို အတိအကျ တင်ပြရတယ်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကစပြီး ကျနော်ကြားခဲ့ မှတ်သားခဲ့ဖူးပါတယ်။ ခု ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီအမတ်လောင်းတွေကို ကြေညာလိုက်ပြီ။ တနည်းအားဖြင့် နားရွက်ကို ကိုက်ဖြတ်ပစ်မယ်ဆိုပြီးကြေလိုက်ပြီဖြစ်ပါတယ်။ ဒီအစဉ်အလာကောင်းတွေကိုသာ NLD ပါတီက စံပြအဖြစ် လိုက်နာခဲ့ပြီး အခြားပါတီတွေကပါ လုပ်ဆောင်ကြရင်တော့ ကျနော်တို့မျှော်လင့်နေကြတဲ့  “xxx  ထူးမြတ်တဲ့ စံဌာနီ  xxx  လွတ်လပ်တဲ့ မြန်မာပြည်xxx” ဖြစ်ရတော့မှာတော့ ဧကန်မလွဲတော့ဘူး။ ထမင်းငတ်နေသူတွေ ထမင်းဝလာတော့မှာ မြေကြီးလက်ခပ်မလွဲတော့ဘူး။

          တိုးတက်ချင်ပါတယ်ဆိုတဲ့ မြန်မာတွေ၊ တိုင်းပြည်ကိုချစ်လှချီရဲ့လို့ ပြောကြသူတွေ၊ ဘာကိုရှုတ်လို့ချုပ်မှန်းမသိတဲ့ အချုပ်အခြာဆိုတဲ့သူတွေနဲ့၊ နိုင်ငံတော်….နိုင်ငံတော် ဆိုတာ….ဘာကိုပြောလို့ ပြောမှန်းမသိတဲ့ တိုင်းချစ်ပြည်ချစ်တွေ မျိုးချစ်ပြည်ချစ်ကြီးတွေ၊ ဒို့တာဝန်အရေးသုံးပါးကို အမှန်တကယ် နားလည်သဘောပေါက်ပြီး နားရွက်ကိုဘယ်လောက် အကိုက်ခံရဲမလဲဆိုတာ ၂၀၁၅ ရွေးကောက်ပွဲမ၀င်ခင် မြင်ချင်စမ်းပါဘိ။

              ဘာကြောင်လဲဆိုတော့ လက်တစ်လုံးအလိုမှာကယ်တင်ရင်း ကယ်တင်ရင်း တိုင်းပြည်က အသူရကယ်နက်တဲ့  ချောက်နက်ကြီးထဲကို ကျရောက်သွားပြီး ကယ်တင်ရှင်တွေမှာပဲ ထားမကုန်အောင်နဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် သုံး ဖြုန်းမကုန်အောင် ချမ်းသာသွားကြလို့ဖြစ်ပါတယ်။ ဒီမျိုးချစ်တွေ တိုင်းပြည်ကယ်တင်ချင်တွေဟာ မိမိတို့အတွက် ချမ်းသာ အောင် စွမ်းဆောင်သလို မဟုတ်ရင်တောင် တိုင်းပြည်မမွဲအောင် လုပ်နိုင်စွမ်းခဲ့ကြရင် မြန်မာတွေဟာ ခုလောက်အထိ ကမ္ဘာမှာ မျက်နှာငယ်စရာမရှိပါဘူး။

      ကမ္ဘာ့အမွဲဆုံး စါရင်းဝင်နေတဲ့မြန်မာပြည်၊ တောတွေပြောင်၊ တောင်တွေ ချိုင့်ဝှမ်းဖြစ်၊ မြေပေါ်မြေအောက်၊ ရေပေါ် ရေအောက်ရှိသမျှ သယံဇာတတွေသာမက မြန်မာမတွေကို တရုတ်မယားတွေအဖြစ်ရောင်းစားခံနေရတဲ့ မြန်မာပြည်။ ကမ္ဘာမှာကျွန်အထုတ်လုပ်ဆုံးဖြစ်နေတဲ့ မြန်မာပြည်ကို နားရွက်အပြတ်နဲ့ အစမ်းသတ်ခံလာတဲ့ NLD တိုင်းချစ်ပြည်ချစ် အမတ်တွေကသာလျှင် ပြုပြင်ပြောင်းလဲနိုင်မယ်လို့  ယုံကြည်မျှော်လင့်နေကြပါတယ်။ တိုင်းပြည်ကို ဘယ်လောက်ချစ် သလဲ၊ ကိုယ်ကျိုးမရှာပဲ တိုင်းပြည်နဲ့လူမျိုးအတွက် ဘယ်လောက်အလုပ်မလဲဆိုတဲ့ စံပြခေါင်းဆောင်တွေ ဘယ်လောက် ရှိမလဲဆိုတဲ့ ညွန်းဆိုချက်ပင်။ ကိုယ်ကျိုးရှာ/မရှာကို လွယ်ကူစွာသိရှိနိုင်မယ့် အဖြေထုတ်ပြီးသား ပုစ္ဆာတစ်ခုလို့ ပြောချင် ပါတယ်။

             စစ်အာဏာရှင်အုပ်ချုပ်လာတဲ့ကာလတလျှောက်လုံး မြန်မာနိုင်ငံက ဥပဒေဟာ အုပ်ချုပ်သူတွေက လိုက်နာ စရာမလိုပဲ  အုပ်ချုပ်ခံလူတန်းစားတွေအတွက် သတ်မှတ်ထားတဲ့ပုံစံမျိုးဖြစ်နေတဲ့ (ဘုရင်စနစ်အုပ်ချုပ်ပုံလိုဖြစ်နေတဲ့) မြန်မာပြည်ရဲ့ တရားစီရင်ရေးဥပဒေကို ပိုင်ဆိုင်မှုကိုပြရမယ့်ကြေညာချက်က ပြောင်းပြန်လှန်ပစ်ဖို့ တာစူလိုက်တာဖြစ် တယ်လို့ ဆိုနိုင်ပါတယ်။

         အဖြူအမဲ အတိုအရှည် အဆိုးအကောင်း၊ အနိမ့်အမြင့်နိယာမ လောကသဘာဝအရ NLD ပါတီမှာလည်း အခွင့်ထူး ခံများရှိနေသည်ပင်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားထဲမှာ ဒီလိုလူတွေဟာ တိုင်းပြည်မျက်နှာကိုကြည့် ပြီး ပါတီရဲ့ဂုဏ်သိက္ခာတို့ကိုကြည့်ပြီး ဂုဏ်သိက္ခာရှိရှိ နောက်ဆုတ်ကြဖို့လည်း တိုက်တွန်းသွားခဲ့တာကို သတိပြုမိပါတယ်။ ရန်ကုန်တဘက်ကမ်း ဒလဘက်အခြမ်းမှာ နေထိုင်တဲ့ နိုင်ငံကျော်မျက်လှည့်ပညာရှင် မစ္စတာတော့ပ်ရဲ့အိမ်ခြံမြေကွက်ကို “မတရားရချင်တဲ့ ရပ်ကျေးNLD ဥက္ကဌ က …ငါ NLDကွ” လို့ ပြောဆို သောင်းကျန်းခဲ့လို့ မစ္စတာတေ့ပ်သတင်း စာရှင်းလင်း ပွဲလုပ်ခဲ့ရတာကြုံဖူးတယ်။ ဘင်္ဂါလီတွေက နိုင်ငံသားမဟုတ်သေးပဲ NLD ပါတီကဒ်တွေနဲ့ လုပ်စားနေတာတွေကိုလည်း မကြာခင်ကရှင်းထုတ်တာ သတိပြုမိတယ်။ “စံပြဆိုဒါစံပြ လုပ်ရပ်ကိုလုပ်နိုင်မှစံပြဖြစ်တာ” မို့ ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ တကယ် နားရွက်ကိုကိုက်ဖြတ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

          ၂၀၁၄ နှစ်ကုန်ခါနီးမှာ ကြားလိုက်ပါတယ်။ လွှတ်တော်အမတ်တွေ အစိုးရအဖွဲ့တွေရဲ့ပိုင်ဆိုင်မှုတွေကို တင်ပြရမယ် လို့ နိုင်ငံတော်သမ္မတကြီးက နင်လားငါလား ကြေညာပြီးတော့ ပလုံဖြစ်သွားသလိုမျိုး မဖြစ်ပါစေနဲ့လို့ ဆုတောင်းလိုက်ရပါ တယ် အန်တီစု။    ။ သာဓုတစ်ကြိမ်ခေါ်လိုက်ပါတယ်ခင်ဗျား။

       

                                           မောင်မောင်မြတ်ညို (အလွတ်သတင်းထောက်)