04 November 2015

နိုင်ငံသားစိစစ်ရေးအတွက် မြန်မာအလုပ်သမားများထံ ငွေကောက်ခံသူကို ဖမ်းဆီး


By ဒီဗွီဘီ
5 November 2015

 ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ အလုပ်သမားကတ်ရရှိရေး နိုင်ငံသားစိစစ်ဖို့ လိုအပ်တာကို အခွင့်ကောင်းယူပြီး ငွေကောက်ခံနေတဲ့ ပွဲစား ၂ ဦးကို ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီးလိုက်တယ်လို့ သနေရှင်းသတင်းမှာ ဖော်ပြပါတယ်။

ဘန်ကောက် ကျတူးကျတ်နယ်မြေမှာ နေထိုင်သူ ပါ့အွေ့ ခေါ် အဖိန်းယာမီးဆုမ်မတ် (အသက် ၆၂ နှစ်) နဲ့ ပထုန်ဌာနီခရိုင် လမ်လုတ်ကာမြို့မှာ နေထိုင်သူ နိုင်းအားကွန်း ကလိုင်းလိုတ် (အသက် ၅၂ နှစ်) တို့ ၂ ဦးဟာ အလုပ်သမားကတ်ရရှိရေး အကျိုးဆောင်အေဂျင်စီတွေ နဲ့ မြန်မာသံရုံး နိုင်ငံသား စိစစ်ရေးဌာန ကြားမှာ ဆက်သွယ်ဆောင် ရွက်နေတာဖြစ်ပါတယ်။


လုပ်ငန်းလျင်မြန်ချောမွေ့ဖို့ အလုပ်သမားတဦးကို ဘတ် ၂၅၀ နှုန်းကျ ကောက်ခံခဲ့ကြောင်း၊ ငွေမပေးရင် လုပ်ငန်းကို ကြန့်ကြာအောင် အချိန်ဆွဲထားကြောင်း သက်ဆိုင်ရာ အကျိုးဆောင် ကုမ္ပဏီနဲ့ အလုပ်သမား ရှာဖွေခန့်ထားရေးရုံးက တိုင်ကြားထားတဲ့အတွက် ဖမ်းဆီးခဲ့တာလို့ ပထုန်ဌာနီ ဒုစရိုက် နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူး အခရာတေချ ဖိမွန်းဆီက နိုဝင်ဘာလ ၄ ရက် သတင်းစာရှင်းလင်းပွဲ မှာ ပြောကြား ခဲ့ပါတယ်။

တာဝန်ရှိသူတွေဟာ သူတို့ ၂ ဦးထံမှ မြန်မာအလုပ်သမားဆိုင်ရာ အထောက်အထား စာရွက်စာတမ်း
တွေကို သက်သေအဖြစ် သိမ်းထားသလို နိုင်းအားကွန်းထံမှလည်း ပစ္စတို ၃ လက်၊ သေနတ်ပြောင်းရှည် ၃ လက် နဲ့ ကျည်ဆန် ၆၈၀ တောင့်ကိုပါ ဖမ်းမိခဲ့တယ်လို့ သတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။

နိုင်းအားကွန်းဟာ သူ့ကိုယ်သူ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက ခန့်ထားတဲ့ ကိုယ်စား လှယ်လို့ပြောဆိုပြီး ပါ့အွေ့ကတော့ သူ့ရဲ့ အတွင်းရေးမှူးဖြစ်ကာ သူတို့ဟာ အထူးသဖြင့် ၄ နှစ် ဗီဇာကုန်အလုပ်သမားတွေ၊ ၂ နှစ် တကြိမ် သက်တမ်းတိုးဖို့ လိုအပ်တဲ့ အလုပ်သမားတွေ ဗီဇာတိုးပေးရေး၊ အလုပ်သမားသက်တမ်း တိုးရေးတွေအတွက် ကြားခံ ပို့ဆောင်ပေးနေတာ ၄ နှစ်လောက် ရှိသွားပြီလို့ ရဲအုပ်က ပြောပါတယ်။
ဒီလုပ်ငန်းစဉ်မှာ ထိုင်းဘက်က ဌာနဆိုင်ရာဝန်ထမ်း တချို့ရော ၊ မြန်မာဘက်က ၀န်ထမ်း တချို့ပါ ပူးပေါင်းပါဝင်ကြောင်း သတင်းရထား တဲ့အတွက် ကွင်းဆက်တွေ ဆက်လက် စုံစမ်းထုတ်ဖော်သွားမယ်လို့ အဆိုပါသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

http://burmese.dvb.no/archives/120327#.Vjw_-VH1gSc.facebook