03 November 2015

“MOU အလုပ်သမားလေးဦးအခက်အခဲရှိ”

                                  
၂၀၁၅ ခု နိုင်ဝင်ဘာ ၃
ဆန်းဦး+စောမောင်

             တိုးတက်ချမ်းသာအေဂျင်စီဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် မြန်မာအလုပ်သမား၎ဦးအခက်ကြုံ လျှက်ရှိနေကြောင်းသိရှိရသည်။

  အလုပ်သမား၎ဦးတို့မှာ ရခိုင်လူငယ်တစ်ဦးနှင့် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ကြာအင်းကြီးကျေးရွာမှ အလုပ်သမား၃ဦးတို့ဖြစ်ကြပါသည်။ အလုပ်သမားတစ်ဦးလျှင် ကျပ်ငွေ ၃၈၀,၀၀၀ ပေးခဲ့ရပြီး လျှပ်စစ်ဓါတ်ကြိုး ထုတ်လုပ်သည့်အလုပ်ရုံတွင် လုပ်ရမည်ဟုဆိုကာ စာချုပ်ချုပ်ဆိုလာခဲ့ကြောင်း အလုပ်သမားများကပြောသည်။

             အလုပ်သမားတစ်ဦးက “ကျနော်တို့ ခု ထိုင်းတောင်ပိုင်း နခိုစီဌာမရ နယ်က သစ်စက်တစ်ခုကိုရောက် နေပါတယ်။ ကျနော်တို့ကို သစ်တုံးတွေထမ်းရမယ်လို့ပြောပါတယ်။ ကျနော်တို့ စာချုပ်ပါအတိုင်း ဓါတ်ကြိုးပဲ လုပ်ချင်ပါတယ်။ မလုပ်ချင်ရင် ပတ်စပို့စာအုပ်ကို ဘတ်ငွေ ၈,၀၀၀ ပေးပြီးရွေးရမယ်ဆိုလို့ အသိတွေဆီက ချေးပြီးဘတ် ၈,၀၀၀ ပေးထားရတယ်။ ဒီနေ့ စာအုပ်တွေ မရွေးရင် ပန်းရံဆိုဒ်ကို ပို့မယ်လို့ပြောတယ်” ဟု ပြောသည်။

အလုပ်သမားများအား အခန်းတစ်ခန်းထဲတွင်ထားရှိပြီး ရောင်းစားခံရသည့်ပုံစံမျိုးဖြစ်နေကြောင်းပြောသည်။


      ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားမျာအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“ MOU ကိစ္စနဲ့ပတ်သက် ပြီး၊ အလုပ်သမားသံအရာရှိတို့၊ ၀န်ကြီးတို့ ညွန်ချုပ်တို့အပြင် လွှတ်တော်ကိုပြောပြော၊ သမ္မတဆီစာပို့ပို့ ဘာမှ အရေးမယူဘူး။  အေဂျင်စီတွေယုတ်မာသမျှ အလုပ်သမားတွေခံနေရတယ်။ MOU တရားဝင်ဆိုတဲ့ တံဆိပ်ကြီး ကပ်ထားတော့ မတရားမှန်းသိနေပေမယ့် လုပ်ရကိုင်ရတာ ခက်ခဲပါတယ်။ MOU စနစ်က အလုပ်သမားတွေ အတွက် ရုန်းမရအောင် နှိပ်ကွတ်ထားတဲ့စည်းကမ်းချက်တွေနဲ့ဖြစ်တယ်။ စကားထဲတောင် ထည့်မပြောချင်အောင်ပါပဲ”ဟုပြောသည်။