07 November 2015

“မြန်မာအရိုးစုနှင့်အတူ လူကုန်ကူးဂိုဏ်းခေါင်းဆောင်လင်မယား၂ဦးကိုဖမ်းမိပြီ”

                        
၂၀၁၅ နိုဝင်ဘာ ၇ ရက်
ကိုတီး


        မြန်မာပေါင်းများစွာတို့အား နှစ်ပေါင်းများစွာ သတ်ဖြတ်၊ညှဉ်းပန်းနှိပ်စက်၊လူကုန်ကူးသည့် ကတန် ငါးဖမ်းလှေဆိပ်မှ ထိုင်းဂိုဏ်းခေါင်းဆောင် ဇနီး မောင်နှံတို့အား ယနေ့နံနက်စောစောက စီးနင်းဝင်ရောက် ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်းသိရှိရသည်။  

            ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၆၄ ခန့်အကွာ ထိုင်းနိုင်ငံတောင် ဘက်အစွန်မလေးရှား နယ်စပ် တရန်ပြည်နယ်၊ ကတန်မြို့ ငါးဖမ်းလှေဆိပ်တွင် ဆယ်စုနှစ်နှင့်ချီ၍ လူကုန်ကူး၊သတ်ဖြတ်နေသည့် ထိုင်းဂိုဏ်း ခေါင်းဆောင်အမျိုးတို့ဇနီးမောင်နှံတို့အား ထိုင်းစစ်တပ်နှင့်ဒေသခံထိုင်းအာဏာပိုင်းများပူးပေါင်း၍  ဖမ်းစီးနိုင်ခဲ့ခြင်းဖြစ်သည်။

       ထိုင်းစစ်တပ်၊နယ်မြေအာဏာပိုင်များနှင့်အဖွဲ့စုံတို့သည် နံနက် ၅နာရီအချိန်က လူကုန်ကူးမှုဂိုဏ်းခေါင်း ဆောင်၏နေအိမ်အား စီးနင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်ဇနီးမောင်နှံကိုဖမ်းမိခဲ့သော်လည်း အဓိက လူသတ်သမားတစ်ဦးဖြစ်သူ မြန်မာအခေါ် ဘဲခြမ်းကြီး(ခ)လီယန်း တို့မှာ ရှောင်တိမ်းလွတ်မြောက်နေပါသည်။

          မြန်မာအလုပ်သမားများ က မေစောဟုခေါ်သည့် အဆိုပါ ထိုင်းအမျိုးသမီးကြီးထံတွင် ဆယ်စုနှစ်နှင့်ချီ၍ လူကုန်ကူးခံခဲ့ရသူများကိုယ်တိုင် လိုက်လံပြသ၍ ဖမ်းဆီးခြင်းဖြစ်သည်။
အဓိကသက်သေဖြစ်သူ ကိုရန်နိုင် က“မနက်၅နာရီလောက်မှာ ပွဲစားမကြီး မေစောအိမ်ကို ၀ိုင်းကြပါတယ်။ သူတို့လင်မယား၂ယောက်လုံးကိုဖမ်းမိပါတယ်။ အိမ်ပြန်ဖို့ လုပ်အားခတောင်းတဲ့လူတွေကို သတ်ပြီး ပစ်ချတဲ့ ရေတွင်း၂တွင်းရှိပါတယ်။ ဒီရေတွင်းက ပင်လယ်ကို မြေအောက်က လက်သွယ်ထားတဲ့လှိုင်ခေါင်းရှိပါတယ်။ အလောင်းတွေကို ဒီကပဲဖျောက်ဖျက်တာပါ။ ဒီရေတွင်းကို ရေတွေစုတ်ထုတ်ပါတယ်။ လူဦးခေါင်းတစ်ခုနဲ့ အရိုး စုအချို့တွေ့ပါတယ်။ မြေတူးစက်တွေနဲ့ ခြံထဲမှာ အလောင်းဖျောက်ဖျက်တာတွေကို မြေလှန်ရှာပါတယ်” ဟု ပြောသည်။

          ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးထောက်လှမ်းရေ Mr.Komvich Padhanarath Chief of Prevention and Suppression Div. 1Anti-Human Trafficking Center , Department of Special Investigation , Ministry of Justice ၏ ဦးဆောင်စီစဉ်မှုဖြင့် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင်၊ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT တို့က  ကတန်လှေဆိပ်တွင် ၃နှစ် ကျော်ကြာရောင်းစားခံနေရသော ကိုရန်နိုင် နှင့်၁၅နှစ်ကြာရောင်းစားခံခဲ့ရသူ ကုလား(ခ) ကျော်သူ အား ၁၀၊ ၁၀၊၂၀၁၅ေ န့တွင် DSI နှင့် MAT တို့ ပူးပေါင်းကယ်တင်နိုင်ခဲ့သည်။ ၎င်းတို့၂ဦး တို့၏ ဆက်သွယ်မှုဖြင့် အောက်တိုဘာ၂၀ ရက် နေ့က ၄နှစ်မှ ဆယ်နှစ်ကျော်ကြာရောင်းစားခံနေရသူ နောက်ထပ် ၁၂ကို ထပ်မံ ကယ်ထုတ်နိုင်ခဲ့ကြပါသည်။

      ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MATမှ အချက်အလက်ပေးပို့၍ အကူညီ တောင်းခံထားခဲ့သည့် ဖယ်ကိုကာလှဆိပ်မှ လှေအမှတ်၃၄၊ ၁၉၊ နှင့် ၀န်နစ်၂ (လှေ၃စီး) တို့ ဆိုက်ကပ် လာခဲ့ သဖြင့် လှေ၃စီးပေါ်မှ ပဲ့နင်း၃ဦးကိုဖမ်းဆီးခဲ့သည်။ လုပ်ငန်းရှင် ၈ဦးတို့ကိုလည်းခေါ်ယူစစ်ဆေးခဲ့ကြသည်။ လူကုန်ကူး ခံနေကြရသော မြန်မာ၉ဦးကို ကယ်ထုတ်နိုင်ခဲ့ကြပါသည်။ ထိုအလုပ်သမားများအား နေရပ်သို့ ပြန်လိုက ပြန်ခွင့် ပြုမည်ဖြစ်ပြီး မိမိသဘောဖြင့် အလုပ်လုပ်လိုပါက ဆက်လက်လုပ်ကိုင်ခွင့်ပြုမည်ဟု အာဏာပိုင်များကဆိုသည်။

          ယခုဖမ်းဆီးမိသည့် ဖယ်ကယ်ကိုကာ လှေဆိပ်မှ ၀န်နစ်လှေအမှတ်၂ မှ  ထိုင်းလူမျိုးပဲ့နင်းသည်မြန်မာအတော်များများအား သတ်ဖြတ်ထားသူဖြစ်ကြောင်း ကိုရန်နိုင်တို့က မျက်မြင်ထွက်ဆိုကြသည်။

         MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ဒီဂိုဏ်းခေါင်းဆောင်တွေဖမ်းဆီးနိုင်ဖို့အတွက် ကျနော်တို့ လပေါင်းများစွာ၊နေ့စဉ်နေ့တိုင်း သတင်း အချက်အလက်စုဆောင်းနေခဲ့ကြရပါတယ်။ ကြားထဲမှာလည်း သက် သေတွေကို ကားထဲကနေ လက်ညှိး ထိုးခိုင်းပြီး ဓါတ်ပုံတွေရိုက်ကူးတာတွေ၊ သေချာအောင် စုံစမ်းတာတွေ အများကြီးလုပ်ခဲ့ကြရပါတယ်။ မနေ့ညနေကတည်းက DSI က ခေါ်ပါတယ်။ ဒီလောက်ဝေးတဲ့ခရီးကို ကျနော်တို့ အခေါက်ခေါက်အခါခါ သွားဖို့ စရိတ်မတတ်နိုင်ဘူးလေ။ ကျနော်တို့ကယ်ထားတဲ့သူတွေကိုပဲ လိုအပ်တာတွေ ကိုဖုန်းနဲ့ပြောပေးနေရတာပေါ့။ ဘာပဲဖြစ်ဖြစ် ကတန်လှေဆိပ်မှာ လူကုန်ကူးဂိုဏ်းတွေ၊ လူကုန်ကူးခံရတဲ့ မြန်မာ တွေ ရှိနေအုံးမှာဖြစ်ပေမယ့် ကတန်လှေဆိပ်မှာ မြန်မာတွေကို သတ်ချင်သလိုသတ်တဲ့အလေ့အထတော့ လျှော့နည်းသွားပါလိမ့်မယ်” ဟုပြောသည်။

          ကတန်လှေဆိပ်တွင် လူသတ်မှုနှင့်လူကုန်ကူးမှုးမြန်မာဂိုဏ်းခေါင်းဆောင် ကိုမျိုးအား ၂၀၁၃ ခု သြဂုတ်လ ၁ ရက်နေ့က မြန်မာသံရုံးအလုပ်သမားကူညီ စောင့်ရှောက် ရေးကော်မတီနှင့်အတူDSI,AHTD,MAT တို့ ပူးပေါင်း၍ ရာဘာခြံတစ်ခုထဲတွင် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြသည်။