07 November 2015

“ငါးဖမ်းလှေတွင်လူကုန်ကူးခံရသူ၁ဦးကိုကယ်တင်”


၂၀၁၅ ခု နိုဝင်ဘာ ၇ ရက်
ကိုခွန်


         ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၇၀ ကျော်အကွာတွင်ရှိသော၊ စမုတ်ဆုံခါခရိုင်၊ မဲခေါင်ငါးဖမ်း လှေဆိပ်တွင် တစ်နှစ်ကျော်ကြာ ရောင်းစားခံနေရသူတစ်ဦးအား ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူး ရဲတပ်ဖွဲ့ AHTD နှင့် MAT အဖွဲ့တို့ပူးပေါင်းကယ်တင်နိုင်လိုက်သည်။

        မဲခေါင်လှေဆိပ်၊ ထိုင်ချွန်လှေအမှတ် ၂ အစိမ်ရောင် လှေပေါ်တွင် မှ ၁နှစ်နှင့် ၄လကြာ ရောင်းစားခံခဲ့ရ သူမှာ ဧရာဝတီတိုင်း၊ ဖျာပုံမြို့၊ ၁၀ရပ်ကွက်၊ ၁၀လမ်းမှ ဦးဟုတ်ကျင်+ဒေါ်ဝင်းကြည်တို့၏ သားအသက် ၃၁ နှစ်အရွယ်ရှိ ပြည့်ဖြိုးအောင် ဆိုသူဖြစ်သည်။

ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT၏ နိုင်ငံခြားဆက်ဆံရေးနှင့်ရုံးတာဝန်ခံ ကိုစိုင်းအေး က“ကျနော်တို့ကို ဆက်သွယ်လာသမျှ လူကုန်ကူးခံရသူတွေကို လွတ်အောင် တတ်နိုင်သမျှ ကယ်ထုတ်ပါတယ်။ ကျနော်တို့က နှစ်ပေါင်းများစွာ လူကုန်ကူးမှုကို တတ်စွမ်းသမျှ လုပ်နေကြတာကြောင့် ထိုင်းဘု ရင့်ရဲတပ်ဖွဲ့အထူးကွန်မင်ဒို၊ ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့AHTD တို့နဲ့အထွေ အထူးပြောစရာ မလိုအောင် ယုံကြည်မှုရရှိပြီးသားဖြစ်ပါတယ်။ ကျနော်တို့က  သတင်းအချက်အလက် ခိုင်မာအောင် ပင်ပန်းခံပြီး လုပ်ကြပါတယ်။ အဓိက ကတော့ ထိုင်းအစိုးရလူကုန်ကူးမှုအထူးထောက်လှမ်းရေး DSI နဲ့ မြန်မာသံရုံးအလုပ် သမားကူညီစောင့်ရှောက်ရေးကော်မတီအတွင်းရေးမှူးနဲ့သံအမတ်ကြီးတို့ကလည်းဝိုင်းဝန်းကူညီပေးကြလို့ဖြစ်ပါတယ်” ဟုပြောသည်။

           ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့ AHTD က လှေပိုင်ရှင်အား စစ်ဆေးဆဲဖြစ်သည်။ ပြည့်ဖြိုးအောင် အား ဘတ်ငွေ ၁၈,၀၀၀ ပေးချေပြီး မြန်မာပြည်သို့ ယနေ့ပြန်သွားခဲ့ပြီဖြစ်သည်။

      MAT အဖွဲ့သည်ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၁၁ ခုနှစ်တွင်လူကုန်ကူးခံရသူပေါင်း ၅၀ဦး၊ ၂၀၁၂ ခုနှစ်တွင် ၂၉၂ဦး၊၂၀၁၃ ခုနှစ်တွင် ၂၆၄ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၂၀ဦးနှင့် ၂၀၁၅ခုနှစ်တွင် ၂၅ ကြိမ်ကယ်တင်မှုတွင် ၁၈၄ ဦး တို့အား ကယ်ထုတ်နိုင်ခဲ့ပြီးလူကုန်ကူးသူပေါင်း ၁၆ဦးကိုဖမ်းဆီးနိုင်ခဲ့ပါသည်။