31 December 2012

“ စီးကရက်မီးခိုးတော့ခံနိုင်ရည်ရှိဖို့လိုမယ်”


               မြန်မာတွေရဲ့အမူအကျင့်၊ မြန်မာတွေ ရဲ့ အတွေးအခေါ်၊မြန်မာတွေရဲ့ အမြင်သဘော ထားတွေ အယင်အတိုင်းပဲလို့ပြောရမလား၊ ရိုးတွင်း   ခြင်ဆီထဲမှာ စိမ့်ဝင်နေတယ်လို့ဆိုရမလား၊ အမှန် တရား ပကတိ တရားကိုနည်း အမျိုးမျိုးနဲ့  ဖုံးကွယ် ချင် တဲ့ မြန်မာမှု ယဉ်ကျေးမှုတွေလား။ ချမ်းသာသူ၊ အာဏာရှိသူ၊ ဂုဏ်မြင့်သူတို့နဲ့  ဆက် ဆံတဲ့အခါ မျက်နှာ တစ်မျိုး၊သာမန်လူတွေနဲ့ ဆက်ဆံတဲ့ အခါ မျက်နှာတစ်မျိုး ကျင့်သားရနေတဲ့ စိတ်ထားလေးေ တွက ခေါက်ရိုးကျိုးနေပြီ။
            ဒီမိုကရေစီနိုင်ငံကို၊ ဒီမိုကရေစီစနစ်ကို ပြောင်းလဲဖို့ရန်အတွက် ကျွန်ုပ် တို့ မြန်မာနိုင်ငံသားများအားလုံး အထက်ပါ အမူအကျင့်က လုံးဝရုန်းထွက်ပြီး မိမိ လုပ်တဲ့အလုပ်၊ မိမိတွေးတဲ့အတွေးတွေဟာ ဘယ်လောက်အထိ မျှတမှုရှိတဲ့ဘက် ကိုပြောင်းလဲနေပြီလဲ။ ဘယ်လောက်ထိ မျှမျှတတ ကျင့်ကြံနိုင်ပြီ လဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြတယ်။ 

               အလုပ်သမားနားလည်နိုင်တဲ့အဆင့်ထက် မြင့်တဲ့ စကားတွေများဖြစ် သွားမလား။ သီချင်းတစ် ပုဒ်ကြားခဲ့ဖူးတယ်။ “စီးကရက်ကို ကြိုက်တတ်ရင်၊ စီးကရက်မီးခိုး မျက်စိထဲ ၀င်တာလောက်တော့ ခံနိုင်ရည် ရှိရမယ်” ပြောချင်တာက မိမိလုပ်တဲ့လုပ်ရပ်အတွက် တာဝန်ယူနိုင်မှု၊ တာဝန်ခံနိုင်မှု ရှိဖို့လိုတယ် ဆိုတာ ပါပဲ။
    ၂၀၀၉ ကတည်းက ထိုင်းနဲ့ မြန်မာအစိုးရတို့ တရားဝင်အလုပ်သမား တင်သွင်းခွင့်  ကိုခွင့်ပြုလာခဲ့တယ်။
ရာချီရှိတဲ့ မြန်မာMOU ကုမ္ပဏီတွေဟာ သန်းချီရှိတဲ့ မြန်မာအလုပ်သမားတွေ တင်ပို့နိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြတယ်။ အကျိုးဆောင်လိုင်စင် ရရှိဖို့အတွက် နည်းအမျိုးမျိုးနဲ့ ကြိုးစားကြတယ်။ ၀န်ကြီးတွေ ညွှန်ချုပ်တွေဆီကို လက်ဆောင် ပဏ္ဍာအမျိုးမျိုးနဲ့ ချဉ်းကပ်ကြတယ်။  ကတော်တွေ စော်ကဲတွေ ပျော်မဆုံးမော်မဆုံး စားလို့မကုန်  ယူလို့မခမ်း ဟောတစ်ထုတ်၊ ဟောတစ်ထုတ်။
         MOU လုပ်ကိုင်ခွင့်တွေရဖို့အတွက်ပွဲစားတွေ ဟာ မြန်မာအရာရှိ တစ်ဦးဦး ထိုင်းကိုထွက်လာရင် လုပ်ကိုင်ခွင့်တစ်ခုရဖို့အတွက်ဘန်ကောက်မှာ ဈေး ညှိကြ၊ ကတော်တွေနောက်ကိုလိုက်ရတာကို က သူတို့ အတွက် ဂုဏ်ယူစရာဖြစ်နေတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အကောင်းဆုံးဂေါက်တံဆိုင်တွေ မှာ ရောင်းမလောက်အောင် ဖြစ်နေတယ်ဆိုတာ အရောင်းဆိုင်က မြန်မာ ၀န်ထမ်းတွေ ပြောပြလို့ သိရပြန်တယ်။
              ဂေါက်တံပဲဝယ်ဝယ်၊ ရွှေချောင်းပဲဝယ်ဝယ်၊ ကားပဲဝယ်ဝယ်၊ တိုက်ခန်းပဲဝယ်ပေးပေး ကျနော်တို့ 
မနာလိုစရာ ၀န်တိုစရာမလိုပါ။ သန်းချီရှိတဲ့ တရားမ၀င်အလုပ်သမားတွေကို MOU လုပ်ပေးလို့  သန်းပေါင်း
များစွာချမ်းသာနိုင်မယ့် လဒ်လာဘ် ကိုကြိုမြင်လို့လုပ်ကြတာကိုလည်း ကြိုဆိုပါတယ်။ ဒီလူတွေကို တင်သွင်း လို့ MOU နဲ့ပတ်သက်သူတွေ ကြီးပွားချမ်းသာမှုကိုခံစားကြသလို MOU နဲ့ တင်သွင်းလိုက်တဲ့ ကြောမွဲမြန်မာ အလုပ်သမားတွေရဲ့ လုပ်အားခ အပြည့်အ၀ရရှိရေး၊ ကျမ္မာရေး၊ လုံခြုံစိတ်ချရရေးနဲ့  အသက်အန္တရာယ်တို့ ကို ကာကွယ်စောင့်ရှောက်ပေးဖို့အတွက်လည်း တာဝန်ရှိသေးတယ်လို့ ခံယူထားဖို့ လိုပါမယ်။
    မြန်မာအလုပ်သမားတွေရဲ့လုပ်အားကို မြန်မာ MOUကုမ္ပဏီက ထိုင်းလုပ်ငန်းရှင်ကို အမြတ်ရရှိပြီးတော့
ရောင်းချလိုက်တယ်။ မြိုးမြိုးမျက်မျက်အမြတ်ကို ရရှိလိုက်တယ်။ ထို့အတူ မြန်မာအလုပ်သမားတွေကို
ထိုင်းနိုင်ငံအတွင်းသို့ တင်ပို့လိုက်တဲ့နေ့ရက်မှ စ၍ စာချုပ်သက်တမ်း ကုန်ဆုံးသည်အထိ အဲဒီMOU
ကုမ္ပဏီ ကလုံးဝ တာဝန်ယူရပါမယ်။ 
           အဲဒီအလုပ်သမားကို လူဖြစ်အောင်မွေးဖွားလိုက်တာဟာ မိဘဖြစ်ပေမယ့် ထိုင်းနိုင်ငံအတွင်းကို
အလုပ်သမားအဖြစ် လုပ်အားကို ရောင်းချလိုက်သူဟာ MOU ကုမ္ပဏီသာလျှင်ဖြစ်ပါတယ်။ မြန်မာအစိုးရ အနေဖြင့်လည်း အဲဒီကုမ္ပဏီ တင်သွင်းလိုက်တဲ့ လူပမာဏနဲ့ လျှော်ညီတဲ့ ကူညီစောင့်ရှောက်မှု ရန်ပုံငွေ အပြင် အသက်သေဆုံးခဲ့ပါက ထိုက်တန်တဲ့အသက်လျှော်ကြေး ပေးချေနိုင်အောင် MOU ကုမ္ပဏီကို
အာမခံ ငွေတွေ တင်ထားစေသင့်ပါတယ်။
            မိဘတွေ၊ ဇနီးမယားတွေဟာ ပြည်ပမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေဆီက ပြန်ပို့လာ မယ့် လုပ်အားခတွေကို အဲဒီMOU  ကုမ္ပဏီမှာ လာ ထုတ်နိုင်တဲ့ အဆင့်အထိ စနစ်တကျဖြစ်သင့်တယ်။  သတင်းအချက်အလက်နဲ့ အပြန်အလှန် ပစ္စည်း ပို့တာ အဆုံး နွေးနွေးထွေးထွေးရှိတဲ့ အနေအထား မျိုးဖြစ်သင့်တယ်။
     ခုက အဲဒီလိုမဟုတ်ဘူး။ ထိုင်းကိုရောက်လာတဲ့ MOU အလုပ်သမားတွေ မိမိလာတဲ့ ကုမ္ပဏီနာမည် ကိုသေသေချာချာမသိဖြစ်နေကြတယ်။ ကုမ္ပဏီတွေကလည်း ထိုင်းနိုင်ငံအထဲကို ပို့လိုက်တာနဲ့ အမြတ်ရပြီး ပြီ တာဝန်ကြေပြီလို့ထင်မှတ်နေကြတယ်။ ဒီအတိုင်းပဲဖြစ်နေတယ်။
            မြန်မာပြည်ဘက်မှာ ကုမ္ပဏီအမည်ပေါက်မရှိပဲ လူတွေပို့နေတာတွေ၊ ထိုင်းဘက်မှာလည်းထိုနည်း
၎င်းပဲ။ မြန်မာဘက်မှာ လူကြီးနဲ့ အဆင်ပြေရင် လုပ်လို့ဖြစ်သလို ထိုင်းဘက်မှာလည်း ထိုင်းပုလိပ်အရာရှိကြီး
တွေ ၀င်ရောက်လုပ်ကိုင်နေကြတယ်။ အမှန်တရားတွေ ပျောက်ကွယ်နေတယ်။ အတ္တတွေ၊ လောဘတွေ
အလွန်ကြီးနေကြတယ်။ ဗမာအလုပ်သမားတိုင်းက သူတို့ ရောင်းကုန်တွေဖြစ်နေတယ်။
 MOU နဲ့ လာတဲ့အလုပ်သမားတွေ အခက်ကြုံနေတာတွေ၊ ရိုက်သတ်ခံရတာတွေ၊ ပစ်သတ်ခံရတာတွေကို
ပြည်သူ့သတင်းထောက် အလုပ်သမားအကျိုးဆောင် တစ်ယောက်အနေနဲ့ အချက်အလက် စုဆောင်းပြီး
မြန်မာအာဏာပိုင်တွေ သိရှိအောင် ကျွန်ုပ်တို့ တင်ပြနေတာကိုပင်လျှင်  ကျော်သောင်း ၀င်ရှုပ်တယ်လို့
မြင်နေလို့ကတော့ မြန်မာအလုပ်သမားများအရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဟာ ထင်သလောက်
ခရီးပေါက်နိုင်မှာမဟုတ်ပါ။
       MOU နဲ့ ၂ နှစ် လုပ်အားရောင်းချ လိုက်ပြီး တဲ့နောက်မှာ အဲဒီအလုပ် သမားတွေ ဘတ်ငွေ ၁၃၀၀၀/၁၈၀၀၀  ပေးဆပ်ထားရတဲ့ ပတ်စပို့ စာအုပ် ကလေး နဲ့ လွတ်လွတ်လပ်လပ် လုပ် ကိုင် ခွင့်  ကို ဘယ်လိုဖန် တီးပေးနိုင် မလဲ၊ ၂နှစ်ပြည့်သွားတဲ့ အလုပ်သမားတွေ ကို နယ်စပ်ကိုပြန်ပို့ ထပ်ပြီး တစ်ခါ ထပ်ရောင်း၊ အဲဒီလိုများ လုပ်ကြအုံးမလား။ သို့တည်းမဟုတ်ဒီလူတွေ ကို ဒီလိုပဲ ရောင်းရန်ကုန် အဖြစ်မိမိတို့လက်ခုပ်ထဲမှာ ထားကြအုံးမလား။ 

       အလုပ်သမားတွေ ဘတ် တစ်သောင်း နှစ်သောင်း အဖြတ်ခံပြီး ပြန်ရလာမယ့် ပတ်စပို့စာအုပ်က ထိုင်းကိုဝင်လာတဲ့ ကုမ္ပဏီကလွဲရင် အခြားဘယ်နေရာမှာမှ တရားဝင်အလုပ်လုပ်လို့အရဘူး။ အဲဒါကို အလုပ်သမားတွေမသိကြဘူး။ MOUစနစ်ကြီးက မြန်မာအလုပ်သမားတွေကိုပါကင်နဲ့ ထုတ်ပြီး ရောင်းချလိုက်တာနဲ့ 
တူနေတယ်။ နယ်စပ်မှာ ၀ယ်ပြီးထိုင်းနိုင်ငံအတွင်းမှာ ကြိုက်လောက်ခိုင်း။ ကြိုက်သလိုလုပ် အလုပ်မခံရင် နယ်စပ်ပြန်ပို့....MOU  စည်းကမ်းချက်က ကျနော်တို့ အလုပ်သမား အရေး ဆောင်ရွက်သူတွေ အနား တောင် မကပ်နိုင်အောင် တားမြစ်ချက်ပဲ။ ၂နှစ်ပေါင်းဘယ်နှစ်လီရောင်းမလဲ။  ဒီအလုပ်သမားတွေကို ဘယ်တော့လောက်ကို လွတ်လပ်တဲ့ အလုပ် သမားအဖြစ် သတ်မှတ်ပေးကြမလဲ။   ဒီလိုမမျှမတ ဖြစ်နေတဲ့ကိစ္စကို ထိုင်းနဲ့ မြန်မာအစိုးရတို့ အလေးနက်ဖြေရှင်းသင့်တယ်။ စဉ်းစားသင့်တယ်။ 

မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်းကောင်း မွန်မွန်မပေါ်ပေါက် သရွေ့ မြန်မာအ လုပ် သမားတွေဟာ ထိုင်းမှာ ဆက်လက်ပြီး လုပ်အားရောင်းကုန် လူရောင်းကုန် ဖြစ်နေကြရဦးမှာ။
                                                                                           ကျော်သောင်း