27 December 2012

"၂၀၁၂ ခုနှစ်အတွက် MAT လူကုန်ကူးမှုတိုက်ဖျက်ရေးအစီရင်ခံစာ"












PO.BOX ( 21)
BANG BON OFFICE
BKK 10151  
THAILAND
ရက်စွဲ။     ။ ၂၀၁၂ ခု ဒီဇင်ဘာ ၂၇ ရက်

                ကျွန်ုပ်တို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် ၂၀၁၂ ခုနှစ်အတွင်း ခေါင်းပုံဖြတ်
ခံရသည့် အလုပ်သမားများအတွက် လုပ်ငန်းရှင်ထံမှ တောင်းခံပေးခြင်း။ လုပ်ငန်းခွင် ထိခိုက်အန္တရာယ် (ကိုယ် လက် အင်္ဂါချို့ယွင်းပျက်စီးမှုများ) အတွက် နစ်နာကြေး။ ကားတိုက် သေဆုံးမှုများအတွက် နစ်နာကြေးများ၊ ပစ်ခတ် သတ်ဖြတ်ခံရမှုအတွက် နစ်နာကြေးများ၊ လုပ်ငန်းရှင်သိမ်းဆည်းထားသည့် ပတ်စပို့များ၊ ပတ်စပို့ရှိ လျှက် ထိုင်းပုလိပ် ဖမ်းဆီး ငွေညှစ်ခြင်းများ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများ ကလေးမွေးဖွားနိုင်ရန် မွေးဖွား စရိတ် အကူညီတောင်းခံ ရှာဖွေပေးခြင်းများ၊ ခွဲစိတ်ကုသမှုခံယူရမည့် လူနာတစ်ဦးအတွက် အကူညီငွေများ ပေးနိုင်ခဲ့ခြင်း၊ အဖေမရှိသည့် အဖေ နရာတွင် အဖေ နာမည်ခံပေးခဲ့ခြင်းများနှင့် အလုပ်အကိုင်ရှာဖွေပေးခြင်း များစွာတို့ကို နေ့စဉ်၊ လစဉ် ဆောင်ရွက်ခဲ့ပါသည်။ ထို့အတွက် မြန်မာအလုပ်သမားများ အတိုင်းအတာတစ်ခု အထိ အကာအကွယ် အကူညီများ ရရှိခဲ့ကြရပါသည်။
ထို့အပြင် ကျွန်ုပ်တို့သည် ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့UNIAP, 
ထိုင်းအစိုးရ လူကုန် ကူးမှု တိုက်ဖျက်ရေးအထူးတပ်ဖွဲ့ DSI,AHTD,ထိုင်းတောင်ပိုင်း 
ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေး ဖေါင်ဒေးရှင်း FED, မြ၀တီ 
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့၊ မြန်မာသံရုံးတို့နှင့် ပူးပေါင်း၍   လူကုန်ကူး မှု 
တိုက်ဖျက်ရေး လုပ်ငန်းကိုလည်း အထူးပြုလုပ်ဆောင်နိုင်ခဲ့ပါသည်။

 “၂၀၁၂ ခုနှစ်အတွင်း MAT အဖွဲ့က ကယ်တင်အောင်မြင်ခဲ့သည့် လူကုန်ကူးမှုများ”
(၁) ဧပြီလ၂၀ရက်နေ့ဘန်ကောက်မြို့တောင်ဘက်၈၁ကီလိုမီတာအကွာတွင်ရှိသော
ခြုံဘူရီခရိုင် ချောင်းစမေးစံ လှေဆိပ်တွင်ရောင်းစားခံနေရသော မြန်မာအလုပ်သမား၂၀ 
ဦးအား ကယ်ထုတ်နိုင်ခဲ့ပြီး လှေဆိပ်မှ ပွဲစားမ၂ ဦး နှင့် လှေပိုင်ရှင်တို့အပြင် 
ဘန်ကောက်မှ ဂိုဏ်းခေါင်ဆောင်များကိုပါ ဖမ်းဆီးနိုင်ခဲ့သည်။  AHTD နှင့် အရေး 
ယူခဲ့ခြင်း ဖြစ်သည်။

(၂) မတ်လ ၃၀ ရက်နေ့ လူကုန်ကူးသူများက အလုပ်သမား၂၀ ဦး တင်ဆောင်လာသည့် ကားတိမ်းမှောက် ခဲ့မှု ကြောင့် အယုဒ္ဓယဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံနေရသူ (အသက်၁၂ နှစ် အရွယ် ကရင်အမျိုးသားငယ် တစ် ဦး၊ အသက် ၁၅ နှစ် အရွယ် ကရင်အမျိုးသားငယ်တစ်ဦး၊ ၂၆ နှစ်အရွယ်  မွတ်ဆလင် အမျိုးသားတစ်ဦး၊ အသက် ၂၇ နှစ်အရွယ် ကရင်အမျိုးသား တို့နှင့် အယုဒ္ဓယ အချုပ်ခန်းတွင် အမျိုးသမီး ၂ ဦးနှင့် (အမျိုးသား ၇ ဦး (ရှမ်းအမျိုးသားတစ်ဦး နှင့် ကရင် ၆ ဦး) တိုရှိနေသည်။ ထိုအထဲ အသက် ၁၅ နှစ် အရွယ် ကရင်အမျိုးသား ကလေးငယ်တစ်ဦး၊ အသက် ၁၆ နှစ်အရွယ် ကရင်အမျိုး သမီးငယ်တစ်ဦးနှင့် ကရင်အမျိုးသားငယ် တစ်ဦးတို့ ပါဝင်သည်။ အခြားလူများမှာ အသက် ၁၈ မှ အသက် ၂၆ အတွင်း လူများဖြစ်ကြကာ အသက် ၄၃ နှစ် အရွယ် အမျိုးသမီးတစ်ဦး ပါရှိပါသည်။
          ပထုံဌာနီ ထာမဆတ် တက္ကသိုလ်အနီး စွန်လန်းစစ် ထန်မစချလွန် ဖကရာတ် ဆေးရုံတွင်ထားရှိသည့် သေဆုံးသူများအနက် မမြင့်မြင့်အေး (အသက် ၂၀ နှစ် ကရင်) မန်းယဉ်ချော (အသက် ၁၉ နှစ် ကရင်) နှင့် မောင်ကျော်ဇေယျ (ကရင်) တို့၏ အလောင်းတို့အား သဂြိုဟ်ခွင့်ရရှိရန်  ကိစ္စရပ်များအားလုံးတို့ကို ဦးနိုင်ထွန်း နှင့် အတူတကွ ကူညီဆောင်ရွက်ခဲ့သည်။ ကျွန်ုပ်တို့သွားရောက်၍ လူကုန်ကူးခံရသူများအား အမြန်ဆုံး ပြန် လည် ပို့ဆောင်နိုင်အောင် စီစဉ်နိုင်ခဲ့သည်။

(၃) မေ ၁၄ ရက်နေ့ ဘန်ကောက်မြို့အနီး မဟာချိုင် နေ၀စ် စွယ်မမ ဆန်းစ် ပုဇွန် အလုပ်ရုံတွင် တစ်နေ့ကို ၁၈ နာရီခန့် လုပ်ရပြီး လုပ်ခ ၁၀ ဘတ်သာ ရရှိသည့် အခန်း ပိတ်လှောင် ခိုင်းစေခံ နေရသည့် မြန်မာအလုပ် သမား ၁၄၆ ဦးတို့အား AHTD နှင့် ပူးပေါင်း ကယ်တင်နိုင်ခဲ့သည်။ ပွဲစား၏ခေါင်းအုံးအောက်တွင် မြင်းဆေးနှင့် ခြောက်လုံးပြူး တွေ့ရှိသည်။ အလုပ်မလုပ်ချင်သည့်အလုပ်သမားများကို ထည့်ထားသည့်မြေအောက်ခန်းကို လုပ်ငန်းရှင်ကိုခေါ်ယူ လက်ညှိးထိုးခိုင်း၍ မှတ်တမ်းတင်နိုင်ခဲ့သော်လည်း ၎င်းတို့ပြစ်ဒဏ် တစ်နာရီမျှပင် မကျပဲ၊ သက်သေထွက်ဆိုသည့် အလုပ်သမား ဇနီးမောင်နှံအချို့မှာ ယခုတိုင် ပထုံဌာနီ ကယ်ဆယ်ရေးစခန်းတွင် ရှိနေ ဆဲဖြစ်ပါသည်။

(၄) ဇွန်လ ၄ ရက်နေ့ ရန်ကုန်မြို့ လသာမြို့နယ်မှ ဆယ်တန်းကျောင်းသူ မမိုးဖူးပွင့် အား မိဒွေးဖြစ်သူက ရောင်း စားလိုက်သဖြင့် ထိုင်းနိုင်ငံ ကန်ချနဘူရီတွင် ရောင်းစားခံနေရာမှ ထွက်ပြေးလွတ်မြောက်လာသူအား မြန်မာ သံမှူး ဦးနိုင်ထွန်း၊ UNIAP, မြ၀တီ လူကုန်တားအဖွဲ့တို့နှင့် ပူးပေါင်း၍ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ 

(၅) ဇွန်လ ၄ ရက်နေ့ညဥ့်တွင် မဟာချိုင် နီခွန် အရပ်တွင်ရှိသော ထိုင်းပုလိပ်အရာရှိ စူဖန် ဆိုသူ ပိုင်ဆိုင်သည့် ပုဇွန်အခွံခွာသည့် အလုပ်ရုံမှ မမိုးတို့ သားအမိ ၂ ဦးအား ကျွန်ုပ်တို့  ကယ်ထုတ်နိုင်ခဲ့ပါသည်။ (ကျွန်ုပ်တို့ ပြေးရ သည့် အလုပ်ရုံ)

(၆) ဇွန်၃ ရက်နေ့ ဘန်ကောက်မြို့တောင်ဘက် ၈၁ ကီလိုမီတာ အကွာ တွင်ရှိသော ခြုံဘူရီခရိုင် ချောင်းစ မေးစံ   လှေဆိပ် လှေအမှတ် ၂၉ တွင် ရောင်းစားခံနေရသော မြန်မာအလုပ်သမား ၃ ဦးအား AHTD နှင့် ကယ် ထုတ် နိုင်ခဲ့သည်။

(၇) ဇူလိုင်၂ ရက်နေ့က ထိုင်း ကမ္ဘောဒီးယား နယ်စပ်၊ ဘန်ကောက်မြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ အကွာတွင်ရှိသော Laem  Ngop  လဲမ်ငေါ့ ဆိပ်ကမ်း  ငါးဖမ်းလှေ အမှတ် ၅ ပေါ်တွင် ရောင်းစားခံနေရ သည့် မြန်မာအလုပ်သမား ၁၅ ဦးအား AHTD နှင့် MAT တို့ သွားရောက်ကယ်တင်နိုင်ကြသည်။ ဦးကျော်ကျော် လွင် က ကျွန်ုပ်တို့ကို အကူညီတောင်းသည့် ကိစ္စဖြစ်သည်။ ကားခ ဦးကျော်ကျော်လွင် ပေးသည်။

(၈) သြဂုတ်လ ၁၂ ရက်နေ့က မဟာချိုင်နယ်မြေ၊ ၀ပ်ကြက်ဘုန်းကြီးကျောင်းအနီး စွယ်ဟတ် ရှိ ပုဇွန်အလုပ်ရုံ တွင် ရောင်းစားခံနေရသည့် အလုပ်သမား ၂ ဦးအား ခြေရာခံနိုင်ရန် မိသားစုဝင်တစ်ဦးနှင့် တစ်ဦးစီ ဘတ်ငွေ ၁၃၀၀၀ နုန်းဖြင့် သွားရောက် ရွေးထုတ်ခဲ့သည်။ အဆိုပါ အလုပ်ရုံထဲတွင် မြန်မာအလုပ်သမား ၇၀ ဦးခန့် နား ချိန်မရှိပဲ တစ်နေ့ကို ၁၉ နာရီခန့် အခန်းပိတ်လှောင် ခိုင်းစေခံနေရသည်။ ကယ်တင်နိုင်ရန် စီစဉ်ဆဲ ဖြစ်ပါသည်။

(၉) စက်တင်ဘာ၇ ရက်နေ့ ညည့်တွင် ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၇၀ ခန့်  အကွာရှိ စမုတ်ဆုံခါ ခရိုင် မဲခေါင်လှေဆိပ် တံတားအနီးတွင် ရောင်းစားခံထားရသူ ၂ ဦးနှင့် လူကုန်ကူးမှုဂိုဏ်း ခေါင်းဆောင် အမျိုး သမီးအား လက်ပူးလက်ကျပ် ဖမ်းမိခဲ့သည်။ DSI ဆက်သွယ်ဆောင်ရွက်မှု ဖြစ်သည်။

(၁၀) စက်တင်ဘာ ၁၁ ရက်နေ့က ချောင်းစမေးစံငါးဖမ်းလှေဆိပ်မှ မြန်မာအလုပ်သမား ၃ ဦး စက်တင်ဘာ ၁၂ ရက်နေ့ ၁၈ ဦးနှင့် စက်တင်ဘာ ၁၃ ရက်နေ့တွင် ၁ ဦး (ပေါင်း ၂၂ ဦး) ကို AHTD နှင့် သွားရောက် ကူညီနိုင်ခဲ့ သည်။

(၁၁) အောက်တိုဘာ ၄ရက်ဘန်ကောက်မြို့စမူပါကန် ခေါင်ဒန်လှေဆိပ်တွင် ရောင်းစားခံထားရသည့် မြန်မာ အလုပ်သမား ၉ ဦး တို့အား AHTD နှင့် ကယ်တင် နိုင်ခဲ့သည်။

(၁၂) အောက်တိုဘာ ၅ ရက်နေ့ ဘန်ကောက်မြို့ အိမ်၃အိမ်တွင် ၁၀ နှစ်ကျော်ကြာ အိမ်ဖေါ်အဖြစ် ရောင်းစား ခံခဲ့ရသည့် အသက် ၂၀ ၀န်းကျင်အရွယ် မတင်နီလာဝင်း အား မြန်မာသံမှူး ဦးနိုင်ထွန်း နှင့် ပူးပေါင်း ဖေါ်ထုတ် ကယ်တင် ခဲ့သည်။

(၁၃) အောက်တိုဘာ ၇ ရက်နေ့ ညဥ့် ၁၁ နာရီခန့်က မဟာချိုင်၊ ဘန်ထိုလပ်၊ ၀ပ်ကသွန်လမ်း၊ ထိုင်း စာသင် ကျောင်း    မျက်နှာချင်းဆိုင် ရဲကင်းတဲ တို့အား ၁ မှတ်တိုင်ကျော်၊ အန္နမိုင်(ကျေးရွာဆေးပေးခန်း) ကျော်ပြီး နာနတ်သီးအလုပ်ရုံ အနီးတွင်ရှိသော အိမ်တန်းလျားနေ ပွဲစား ဒေါ်ယုဝေ နှင့် ဦးမဲ တို့အခန်းမှပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဈေးကွက်သစ်ရပ် ကွက်၊ ၄လမ်းမှ အသက် ၂၇ နှစ်အရွယ် မနေခြည် (၆ လကြာ ရောင်းစားခံနေခဲ့ ရသူ) အား MAT က ကယ်ထုတ် နိုင်ခဲ့သည်။ သူမ၏ ခင်ပွန်းမှာ လှေပေါ်သို့ ရောင်းချခံခဲ့ရသည်။ ကူညီနိုင်ရန် ပြင်ဆင်ဆဲ ဖြစ်သည်။

(၁၄) အောက်တိုဘာ ၁၂ ရက်နေ့ က ချောင်းစမေးစံ လှေဆိပ်မှ ကိုသန်းမင်းနောင် ဆိုသူကို ကယ်တင် နိုင်ခဲ့ သည်။

(၁၅) နိုဝင်ဘာ ၈ ရက်နေ့ က မဟာချိုင်နယ်မြေ စာဟာခွန်မြို့ မွန်ချစ်စိုး ပုဇွန်အလုပ် ရုံအနီး ကျက်နီ ပုဇွန် အလုပ်ရုံ (စူဖန်ရုံ) ခွဲမှ အခန်းပိတ်လှောင် ခိုင်းစေခံနေရသည့် အလုပ်သမား ၂၂ ဦးအား MAT နှင့် ဦးနိုင်ထွန်း ထုတ်ပေးထားသည့် ကဒ်အကူညီဖြင့် (မြန်မာသံရုံး အလုပ်သမားအဖွဲ့ကပါဟုသုံးကာ) ကယ်ထုတ်ခဲ့ သည်။ MAT အဖွဲ့ နာယက ဦးဇောတိက ထောက်ပံ့သည့် လမ်းစရိတ်ဖြင့် ၁၅ ဦးကို နေရပ်ရင်းကို ပြန်ပို့ခဲ့ပြီး ၇ ဦးကို ဘန်ကောက်တွင်အလုပ်ရှာပေးခဲ့သည်။ 

(၁၆) နိုဝင်ဘာ ၁၀ ရက်နေ့ မြ၀တီ လူကုန်တားက အကူညီတောင်းခံသဖြင့် စမေးစံမှ လှေလုပ်သား ၂ ဦးအား ရွာသူကြီးမှ တစ်ဆင့် ဘန်ကောက် IDC သို့ ပို့ ဆောင်ပေးစေ နိုင်ခဲ့ပါသည်။

(၁၇) နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဘန်ကောက် ခေါင်ဒန် ငါးဖမ်းလှေတွင် ၇ လကြာ ရောင်းစား ခံခဲ့ရသူ ၂ ဦးအား  MAT တစ်ဖွဲ့တည်း ကူညီ၍ မြ၀တီသို့ လိုက်လံ ပို့ဆောင်ပေးခဲ့သည်။

(၁၈) ချောင်းစမေစံမှ ၂၀၁၂ ခု နိုဝင်ဘာလ ၃၀ တွင် ၃ ဦး၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဦးနှင့် ဒီဇင်ဘာ ၆ ရက် နေ့ တွင် ၂ ဦးကယ်တင် နိုင်ခဲ့သည်။

(၁၉) ၂၀၁၂ ခု ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ကန်ချဘူရီခရိုင်၊ ဘော်ဖွယ်မြို့နယ် ကြံစိုက်ခင်းတစ်ခုတွင် ရောင်းစား ခံခဲ့ရသည့် မြန်မာအလုပ်သမား ၄ ဦးတို့အား ဘန်ကောက် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး အသင်း၊ ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် ထိုင်းတောင်ပိုင်း အခြေစိုက်ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED တို့ ပူးပေါင်းကူညီ ခဲ့ကြသည်။ 

(၂၀) ဒီဇင်ဘာဘ ၁၇ ရက်နေ့ ညနေ ၆ နာရီခန့်ဘန်ကောက်မြို့ အနောက်ဘက် ၅၆ ကီလို မီတာခန့်အကွာ တွင်ရှိသော နကော့ပထုန်နယ်မြေ ဝပ်နာနာဖိလုံး သစ်ခွပန်းခြံတွင် လူကုန်ကူးသည့် ဂိုဏ်းခေါင်းဆောင်အမျိုး သမီး ၏ အပေါင်းပါဖြစ်သော မဥမ္မာထွေး နှင့် ကိုရဲမင်းနိုင်တို့အား ဦးစွာ လက်ရ ဖမ်းဆီးခဲ့ပြီးနောက် ညဥ့် ၁ နာရီ ခန့် တွင် ဂိုဏ်းခေါင်းဆောင် အမျိုးသမီး အသက် ၃၉ နှစ်အရွယ် မသူဇာ နှင့် အသက် ၃၂ နှစ် အရွယ် ကို အောင်ဇော် တို့အား ထမ်မံဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ကုန်ကူးခံထားရသည့် ပန်းခြံ အလုပ်သမား  ကလေး ငယ် တစ်ဦးအပါအ၀င် ၈ ဦးတို့အား ကယ်တင်နိုင်ခဲ့သည်။
           ဒီဇင်ဘာ ၂၁ ရက်နေ့ ပန်းခြံအလုပ်သမား ၂ ဦး MAT ရုံးသို့ ထပ်မံရောက်ရှိ လာခဲ့သည်။ ထို့ကြောင့် ယခု မှတ် တမ်းရေးပြီးသည့် ကာလအထိ ၂၀၁၂ ခုနှစ်အတွင်း ကျွန်ုပ်တို့ MAT အဖွဲ့သည် လူကုန်ကူးမှုပေါင်း ၁၉ ကြိမ် ဆောင်ရွက်ခဲ့မှုတွင် လူကုန်ကူးခံရသူ စုစုပေါင်း၂၉၂  ဦး ကယ်တင်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ လူကုန်ကူးသူပေါင်း ၉ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါသည်။
           ထိုအထဲ လူကုန်ကူးမှုအများဆုံး နေရာတစ်ခုဖြစ်သည့် ခြုံဘူရီခရိုင် ချောင်းစမေးစံ လှေဆိပ်မှ (ငါးဖမ်း လှေ အလုပ်သမား ၄၈ ဦးနှင့် ပွဲစားမ  ၂ ဦး၊ ပိုက်ဆရာတစ်ဦးအပြင် ဘန်ကောက်မှ ဂိုဏ်းခေါင်းဆောင် တစ်ဦး ကိုလည်း ဖမ်းဆီး ရရှိခဲ့ပါသည်။ ဘန်ကောက် ခေါင်ဒန် လှေဆိပ်မှ အလုပ်သမား ၁၂ ဦးနှင့် မဲခေါင်တံတားအနီး မှ လူကုန်ကူးမှု ဂိုဏ်းခေါင်းဆောင် အမျိုးသမီးတစ်ဦးတို့ကို လက်ရ ဖမ်းဆီးနိုင်ခဲ့ပါသည်။  မဟာချိုင်မှ ၁၇၁ ဦး ကယ်တင် နိုင်ခဲ့ပါသည်။ မဟာချိုင်ဆန်းထစ်အလုပ် ရုံတွင်သေနတ်ဖြင့် အတူဖမ်းမိသည့် ပွဲစားမှာ တစ်နာရီမျှ ပင် အချုပ်မကျခဲ့ပါ။ နကပထုန် ပန်းစိုက်ပျိုးရေးမှ ၁၀ ဦးနှင့် ဂိုဏ်းခေါင်းဆောင်အမျိုးသမီးနှင့် လက်ထောက် တစ်ဦးတို့ကို DSI အကူညီဖြင့် လက်ရဖမ်း ဆီးမိခဲ့သော်လည်း ပြန်လွှတ်ပေးလိုက်ရပါသည်။  ကန်ချဘူရီ ကြံ စိုက်ခင်းမှ ပွဲစားတစ်ဦးနှင့် အလုပ်သမား ၄ ဦးတို့ ဖြစ်ကြပါသည်။
        မဟာချိုင်တွင် ကျွန်ုပ်တို့ MAT အဖွဲ သည် ရွှေတွံတေး ဆရာတော်နှင့် ရေဘေးကယ်ဆယ်ရေး စခန်း ဖွင့် လှစ် လုပ်ကိုင် နေကြစဉ် ကာလ ၂၀၁၁ ခု နိုဝင်ဘာလ ၁၆ ရက်နေ့က မဟာချိုင်နယ်မြေ ပုဇွန်အလုပ်ရုံ တစ်ခုတွင် တစ်နေ့ကို ၁၆ နာရီ ထက်မနည်း ခိုင်းစေခံနေရသည့် အသက် ၁၃ နှစ်နှင့် ၁၅ နှစ်အရွယ် ကလေး အလုပ်သမား ၂ ဦး အပါအ၀င်  မိသားစု ၇ ဦး တို့အား မဟာချိုင် အလုပ်သမား အခွင့်အရေး ကာကွယ်ရေးရုံး နှင့် MAT တို့ပူးပေါင်း ကယ်တင်နိုင်ခဲ့သည်။ ထိုပွဲမှစ၍ မဟာချိုင်ကို ကျန်ုပ်တို့အဖွဲ့ အောင်မြင်ခဲ့ပါသည်။
      ကျွန်ုပ်တို့ MAT အဖွဲ့သည် တစ်ခါတစ်ရံ စေတနာရှင်အချို့၏ အနည်းငယ် အကူညီမှုမှလွှဲ၍ မည်သည့် အဖွဲ့ အစည်း၏ အပြည့်အ၀ ထောက်ပံ့မှုကိုမှ ရရှိထားကြသူများ မဟုတ်ပါ။ ကျွန်ုပ် MAT အဖွဲ့တွင် မည်သည့် တရားဝင် လုပ်ကိုင်ခွင့် မရှိကြသော်လည်း လူကုန်ကူးခံကြေရသည့်  မြန်မာအလုပ်သမားများအတွက်  မိမိ လုပ် အားခငွေများ အကုန်အကျခံ၍ သက်စွန့်ဆံဖြား ကူညီနေကြသူများ သာဖြစ်ကြပါသည်။
       
ဘုရား တရား သံဃာကို ယုံကြည်ကိုးကွယ်ပါ၏။ သစ္စာသည် ထက်မြက်၏
လေးစားစွာဖြင့်
ကျော်သောင်း
အမှုဆောင်ဒါရိုက်တာ
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့
ဘန်ကောက်