30 January 2015

အလကားရတဲ့ဆင်းမ်ကဒ် သတိပြုပါ


နိုဝင်ဘာလ ၁၄ ရက်နေ့ ၂၀၁၄ ရက်နေ့ထုတ် မြန်မာပို့ စ်ဂျာနယ်ပါ ဆောင်းပါးအားထပ်ဆင့်ပြန်လည်ဖော်ပြသည်။
             

            ထိုင်းနိုင်ငံကို MOU နဲ့လာကြမယ့် အလုပ်သမားတွေကို ရန်ကုန်မြို့ပင်လုံခန်းမမှာ စာချုပ် ချုပ်ဆိုကြတဲ့အခါ ထိုင်းနိုင်ငံသုံး ဆင်းမ်ကဒ်(ဖုန်းကဒ်) တွေကို အလကားပေးတယ် လို့ အလုပ်သမားတွေ ကပြောကြပါတယ်။ လေယာဉ်လက်မှတ်ရောင်းတဲ့နေရာတွေနဲ့ ရန်ကုန်လေဆိပ်နဲ့တွေမှာ လည်း ပေးကြ တယ်လို့သိရတယ်။ ဒီကိစ္စကိုရေးမယ်လို့ စိတ်ကူးခဲ့ပေမယ့် အလုပ်တွေများနေတာကြောင့် မရေးဖြစ်ခဲ့ဘူး။
         ထိုင်းနိုင်ငံမှာသုံးတဲ့ ဆင်းမ်ကဒ်တွေ အလကားရတယ်ဆိုတာ ကြားဖူးကြမယ်ထင်ပါ တယ်။ ၀ယ်သုံးရင်လည်း ဘတ်ငွေ၄၀ ပဲပေးရပါတယ်။ အဲဒီကဒ်ထဲမှာလည်း ဘတ်ငွေ ၄၀ဖိုး ဆက်လို့ရတာမို့ အလကားရတယ်လို့ပြောနေကြတာဖြစ်ပါတယ်။

                                        “မြန်မာအလုပ်သမားနဲ့ဖုန်း”
          ထိုင်းနိုင်ငံမှာ  ကလေးလူကြီး၊ အလုပ်သမား၊ လယ်သမား၊ သူတောင်းစား အားလုံး  လူတိုင်းမှာ  လက်ကိုင်ဖုန်းကိုယ်စီရှိကြပါတယ်။ နောက်ဆုံးပေါ်နည်းပညာတွေ တစ်နေ့ တစ်မျိုးမရိုးရအောင် ဖုန်းတွေ ထဲမှာထည့်သွင်းရောင်းချတာကြောင့် ဖုန်းရဲ့ဆွဲဆောင်မှုတွေ ကိုဘယ်သူမှမတွန်းလှန်နိုင်တော့ပဲအချို့ လူများမှာလက်ကိုင်ဖုန်း၂လုံး၃လုံးအထိ ကိုင်တွယ် ကြတာလည်းရှိပါတယ်။ လက်ကိုင်ဖုန်းကိုင်တာဟာ ထိုင်းလူမျိုးတွေအတွက် ဘာဝန်ထုတ် ၀န်ပိုးမှမဖြစ်စေပဲ ပေါ့ပေါ့ ပါးပါး အသုံးပြုနိုင်ကြပါတယ်။


         မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေ အုပ်ချုပ်လာတဲ့ကာလတစ်လျှောက်လုံး ဖုန်းကိုင် နိုင်တဲ့ အလွှာဆိုတာ သီးသန့်ရှိပါတယ်။ ၁၉၉၀ ပြည့်လွန်ကာလတုန်းက ဖုန်းတစ်လုံးရဲ့ တန်ဖိုးဟာ ရွှေ၆ကျပ် သားရောင်းပြီးမှကိုင်ခဲ့ရတယ်လို့ ရန်ကုန်မြို့ဗိုလ်ချုပ်ဈေးက ကျောက် ပွဲစား ရခိုင်သူဌေး တစ်ဦးကပြောဖူး ပါတယ်။ ၁,၅၀၀ ကျပ်တန်ဆင်းမ်ကဒ်တွေ မရောင်း ချခင် အထိမြန်မာနိုင်ငံမှာ ဆင်းမ်ကဒ်တစ်ခုကို ကျပ်ငွေဆယ်သိန်းအထက်မှာရှိနေပါသေး တယ်။ အထက်တန်းလွှာလူတန်းစား၊ အာဏာပိုင်နဲ့နီးစပ် သူတွေသာကိုင်နိုင်ကြတာမို့ ကျန်တဲ့ မြန်မာနိုင်ငံသားများဆိုတာ ဖုန်းကို မြင်သာမြင်ဖူးခဲ့ကြရတာပါ။ ဒါကြောင့် ဖုန်းမကိုင်ခဲ့ဖူးကြတဲ့ မြန်မာအလုပ်သမားတွေ ထိုင်းကိုရောက်လာတဲ့အခါ ဈေးသက်သက် သာသာနဲ့မို့လို့ လူတိုင်းနီးပါးကိုင်တွယ်ကြတာလည်းဖြစ်နိုင်ပါမယ်။

                                      “ဖြတ်တောက်နည်းအမျိုးမျိုး”
        ၂၀၁၂ခုလောက်ကစပြီး ထိုင်းနိုင်ငံသုံး လက်ကိုင်ဖုန်းတွေမှာ မြန်မာသီချင်းတွေ ထည့်လို့ရပါတယ်။ မိဝေးဖဝေးရပ်ရွာဝေးနဲ့ အလွမ်းစိတ်တခြမ်းပဲ့နဲ့ ပင်ပင်ပန်းပန်း အလုပ် လုပ်နေကြရတဲ့ မြန်မာ အလုပ် အားလုံးနီးပါးတို့ဟာ မြန်မာသီချင်းတွေကို ထည့်ထားကြပါ တယ်။ သီချင်းသုံးခအတွက် ဆင်းမ်ကဒ် ကုမ္ပဏီ က တစ်လကို ဘတ်ငွေ ၃၀စီဖြတ် တောက် ပါတယ်။
          ထိုင်းက ဖုန်းကုမ္ပဏီအတော်များများတို့ဟာ ဖုန်းနဲ့  ဓါတ်ပုံပို့လို့ မရောက်ရင်လည်းဖုန်းကဒ်ဖိုးဖြတ်
တောက် သွားပါတယ်။ ဖုန်းထဲကို သွင်းမိထားတဲ့သီချင်းကို ဖျက်ပေးဖို့ တောင်းဆိုရင်လည်း တော်ရုံနဲ့ ဖျက်မပေးတတ်ကြပါဘူး။ တစ်ခါတစ်ရံဘာမှန်းမသိပဲ ဖုန်းထဲမှာ ပိုက်ဆံလျှော့နေတာကိုလည်း ကြုံ ဖူးကြမယ်ထင်ပါတယ်။ ဒါပေမယ့် ထိုင်းကိုရောက် နေတဲ့ မြန်မာအလုပ်သမားတိုင်းလိုလို ဖုန်းကို ခုံခုံမင်မင်၊ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် နေကြပြီးဖြစ်ပါတယ်။

                               “အလကားရတဲ့ဖုန်းကဒ်နဲ့ထိတွေ့ရခြင်း”

လွန်ခဲ့တဲ့ ၆လလောက်က ကျနော်နဲ့ ရင်းနှီးတဲ့ အလုပ်သမားအရေးကူညီဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် က ထိုင်းမှာအလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေကို ဖုန်းဆင်းမ်းကဒ်တွေ အလကားပေးကြမယ်။ အလုပ်သမားတွေ များများသုံးလေ အကျိုးရှိလေဖြစ်တယ်။ ဒီကဒ်ကိုသုံးတဲ့အလုပ်သမားတွေ တစ်ခုခု အခက်အခဲကြုံရင် ကျနော်တို့အလုပ်သမားအရေးလုပ်ကြသူတွေကကူညီကြရမယ်။ ကူညီပေးရမယ့်အတူတူ ဒီဆင်းမ်ကဒ်ကို အလုပ်သမား တွေကိုအသုံးပြုအောင်ဝေငှပေးကြမယ်။ 

အလုပ်သမားတွေကိုစည်းရုံးကြရမယ်။ အလုပ်သမားတွေ ဒီဆင်းကဒ်ကိုအသုံးပြုရင် ဖုန်းကဒ်တစ်ကဒ် အတွက် တစ်လကို ကျနော်တို့ ဘတ်ငွေတစ်ဆယ်စီ ရရှိကြမယ်လို့ပြောဆိုစည်းရုံးလာပါတယ်။

            အဲဒါကြောင့် ကျနော်တို့အဖွဲ့သားတွေအပြင် မြန်မာအလုပ်သမားအရေးကိုအဓိက လုပ်ကိုင်နေတဲ့ အင်ဂျီအိုအဖွဲ့ကြီးတစ်ခုက ဒါရိုက်တာတစ်ဦးကိုပါ ထပ်ဆင့် ကျနော်ကပြော ပြတယ်။ ဒါကြောင့်ကျနော် တို့တွေဟာ ဆင်းမ်ကဒ် အလကားပေးမယ်ဆိုတဲ့ ကုမ္ပဏီကို သွားရောက်ပြီးတော့ တစ်နေကုန်အစည်း အဝေးလုပ်ခဲ့ကြပါတယ်။

                                   “သူ့အရိုးနဲ့သူ့ကိုထိုးတာ”
      ဆင်းမ်ကဒ်တွေကို  ကျနော်တို့က ကိုယ့်စရိတ်နဲ့ကိုယ် ဖြန့်ချိကြရမယ်။ အဲဒီဆင်းမ်ကဒ်တွေကိုသုံးတဲ့ အလုပ်သမားတွေကို အကူညီတွေပေးဖို့အတွက် ကျနော်တို့တွေရဲ့ဖုန်းနံပါတ် တွေကို ထည့်သွင်း ပုံနှိပ်ပြီးကြော်ညာရမယ်။ ကုန်တိုက်တွေနဲ့ ဈေးတွေမှာဆင်းမ်ကဒ်မပေးရ၊ ဖြန့်ချိတဲ့  အရေအတွက် အလိုက် အကျိုးခံစားရမှာမဟုတ်ပဲ အသုံးပြုတဲ့ ဆင်းကဒ် အပေါ် မှာမူတည်ပြီး တစ်လကို ကဒ် တစ်ကဒ် အသုံးပြုခအတွက်ဆယ်ဘတ်စီ ကျနော်တို့ကို ပေးမယ်လို့ ဆိုပါတယ်။ ကျနော်တို့ကိုပေး မယ့် ဆယ်ဘတ်အတွက်ရော အခြားဝန်ဆောင်မှုတွေအတွက်ပါ အလုပ်သမားသားနေတဲ့ ဆင်းမ်ကဒ်တစ်ကဒ်ကနေအနည်းဆုံး ဘတ်ငွေ ၃၀ဖြတ်ယူမယ်လို့ပြောပါတယ်။

          ကျနော်တို့က  ရိုးသားစွာနဲ့ဆင်းမ်ကဒ်တွေ သိန်းနဲ့ချီပြီး ပျံ့နှံ့နိုင်မယ့် နည်းလမ်း တွေကို ကျနော်တို့ တင်ပြကြပါတယ်။ ဒါပေမယ့် အလုပ်သမားတွေ ဘယ်နှစ်ကဒ်သုံးတယ်။ ဘယ်လောက်ဖြတ်တယ်ဆိုတာကို ကုမ္ပဏီက ပြောတာကိုအတည်ပြုကြရမှာဖြစ်ပါတယ်။

 ဒါ့အပြင် အလုပ်သမားတွေဆီက အလုပ်သမားမသိအောင်ဖြတ်ယူမှာဖြစ်တာကြောင့် ဘတ်၃၀ထက်ပိုပြီး မဖြတ်ဘူးလို့ဘယ်သူမှအာမခံနိုင်။ ဒါ့အပြင်ဒီအစီအစဉ်ဟာ ဘယ်နှစ် နှစ်ဆိုတဲ့ ကန့်သတ်ချက်မထားပဲ   ဆင်းမ်ကဒ်တွေဖြန့်ချိရေးအတွက် ကုမ္ပဏီက ခရီးစရိတ် လုံးဝမသုံးပဲ ကျနော်တို့ကို အရူးလုပ်နေပါလား ဆိုတာ သိရှိခဲ့ရတယ်။

           ဒီအစီအစဉ်ကို ကျနော်တို့ အလုပ်သမားအရေးလုပ်တဲ့လူတွေ လက်ခံမိခဲ့ရင် ကျနော်တို့လောက် ရက်စက်သူရှိတော့မှာမဟုတ်ဘူး။  နဖူးကချွေး ခြေမ,ကျအောင်တစ်နေ ကုန်တစ်နေခန်းပင်ပင် ပန်းပန်း အလုပ်လုပ်ထားပြီးမှ အသုံးပြုနေကြတဲ့မြန်မာတွေရဲ့ လုပ်အားခကို ကျနော်တို့ ဖြတ်တောက်ပြီးမှ အကျိုးအမြတ်ယူနေရင် ကျနော်တို့လောက်အတ္တကြီးတဲ့သူ ဘယ်မှာ ရှိတော့မလဲ။ တည့်တည့်ပြော ရရင် မြန်မာအလုပ်သမားတွေကို တစိမ့်စိမ့်မွဲအောင်အတွင်းလှိုက်စားနည်းနဲ့လုပ်တာပဲလေ။

                                “ကျနော်တို့ ဆင်ခြင်စဉ်းစားဖို့လိုပါတယ်”

နှစ်ပေါင်းငါးဆယ်ကျော် ရာစုနှစ်ဝက်ကျော် စစ်အာဏာရှင်အောက်မှာ မျက်စိပိတ်နားပိတ်နဲ့ဘောင်းဘီဝတ် ဆို တရုတ်မ ကအစ ကြောက်သွားခဲ့ကြရတဲ့ မြန်မာနိုင်ငံ။ ကိုယ်ပြောချင် တာကို ပြောခွင့်မရတဲ့နိုင်ငံ။ ကိုယ့်လယ် ကိုယ့်မြေကို ဘယ်သူလာသိမ်းမလဲလို့ စိုးရိမ် ကြောင့်ကြခြင်းများစွာနဲ့လူဖြစ်ရတဲ့နိုင်ငံ။ အိပ်နေ တာကို စစ်ဆေးစရာရှိလို့ဆိုပြီး ဘယ် အချိန်လာဖမ်းမလဲမသိတဲ့နိုင်ငံ၊ လူတစ်ယောက် ထမင်းတစ်နပ်မှာ ဟင်းတစ်တုံးထက် ပိုမစားနိုင်၊ ကြက်ဥဆိုလည်းတစ်လုံးထက်ပိုမစားနိုင်တဲ့ဘ၀နဲ့ မသေရုံတမယ် အသက်မွေး လာခဲ့ကြရတဲ့ မြန်မာလူမျိုး။
          
          MOU နဲ့ ထိုင်းနိုင်ငံကို အလုပ်လာလုပ်ချင်လွန်းလို့အိမ်ပေါင်၊ ယာပေါင်၊ ရွှေရောင်း၊ နွားရောင်းလာ ကြတဲ့ အလုပ်သမားတွေကို  သက်ဆိုင်ရာအေဂျင်စီတွေက ဆင်းမ်ကဒ် အလကားပေးနေတာဟာ တရားဝင် အလိမ်ခံဖို့၊ လုပ်အားခထဲက  ဖြတ်ချင်သလောက်ဖြတ်နေဖို့ ပေးလိုက်တာနဲ့ အတူတူဖြစ်ပါတယ်။  အလုပ်သမားတွေအနေနဲ့ အလကားရတဲ့ ဆင်းမ်ကဒ်ကို သုံးလိုက်တာနဲ့ တပြိုင်နက် ဖုန်းကုမ္ပဏီက သူ့အလိုလို ဘယ်လောက်ဖြတ်မှန်းမသိ အဖြတ်ခံနေရတော့မယ်ဆိုတာ သိထားကြစေဖို့ရေးသားတင်ပြတာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အဲဒီဆင်းမ်ကဒ်ကို မသုံးတာ အန္တရာယ်ပို ကင်းပါတယ်။ တည့်တည့်ပြောရရင် စေတနာရှိလို့ အလကားပေးတာမဟုတ်ပဲ
 ခေါင်းပုံဖြတ်ပို့ပေးတဲ့ ဆင်းကဒ်သာ ဖြစ်ပါတယ်။

                                     “လုပ်ပေးသင့်တာက”
          မြန်မာအစိုးရ အလုပ်သမားအာဏာပိုင်တွေလုပ်ပေးသင့်တာက၊ နိုင်ငံရပ်ခြားကို ထွက်ခွာပြီး အလုပ်လုပ်ကြရမယ့်အလုပ်သမားတွေမှာ စာချုပ်ကိုယ်စီပါရဲ့လား၊ ပြည်ပကို ရောက်လို့ အဆင်မပြေခဲ့ရင် ဆက်သွယ်အကူညီတောင်းရမယ့် မြန်မာသံရုံးဖုန်း၊ မြန်မာ အလုပ်သမားသံအရာရှိဖုန်း၊ အလုပ်သမား အရေးကူညီကြတဲ့အဖွဲ့တွေရဲ့ဖုန်းနံပါတ်တွေကို စာရွက်တွေမှာ ရိုက်နှက်ပြီးတော့ မဖြစ်မနေပေးကြ ရမှာဖြစ်ပါတယ်။

         ထိုင်းနိုင်ငံက(ဆင်းကဒ်၊ ငွေဖြည့်ကဒ်နဲ့ ဖုန်းကုမ္ပဏီတွေဟာ သူတို့ဆင်းကဒ်ကို တာရှည်သုံးအောင် ကြိုက်သလောက်သုံး ဘယ်လောက်၊ တစ်လဘယ်လောက်၊ တစ်နှစ် ဘယ်လောက်ဆိုပြီး လျှော့ပေးတယ်။ ဒါ့အပြင် တစ်နှစ်ကိုတစ်ကြိမ် ထက်ဝက် လောက် လျှော့ပြီး ပစ္စည်းဝယ်ယူခွင့်ပြုတယ်။ ၂၀၀၄ ၀န်းကျင် ကများဆိုရင် ဖုန်းကဒ်ဖြည့်တဲ့ရက် တွေကို ကုမ္ပဏီက ငွေပြန်ပေးတာတောင်လုပ်ခဲ့ ပါတယ်။ မြန်မာနိုင်ငံ ကိုဝင်နေတဲ့ ကုမ္ပဏီ တွေကတော့ ဆင်းရဲတဲ့မြန်မာနိုင်ငံသားတွေ သက်တောင့်သက်သာနဲ့ အသုံးပြုနိုင် ကြပါစေ ဆိုတဲ့ စေနတာမျိုးနဲ့ ဆင်းကဒ်တွေ ရောင်းချပြီး ၀န်ဆောင်မှုတွေပေးနိုင်ပါစေလို့ဆုတောင်း ချင်ပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း တိုင်းပြည်အဖွင့်မှာ ရင်မနင့်ရအောင် အရာရာကို သတိပြုကြဖို့လို အပ်ပါကြောင်း။             
                                                         ကျော်သောင်း  ဘန်ကောက်