28 September 2015

လိပ်ကျွန်းက မြန်မာနှစ်ဦးရဲ့ မှုခင်းပဟေဠိ ဘယ်လို အဖြေထွက်မလဲ

Published on Sun, 09/27/2015 - 17:50
လိပ်ကျွန်း လူသတ်မှုတွင် စွပ်စွဲခံထားရသူ မြန်မာနှစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ- AFP)

ထိုင်းနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ လိပ်ကျွန်းခေါ် ခိုထောင်ကျွန်းပေါ်မှာ ၂၀၁၄ စက်တင်ဘာ ၁၅ ရက်ကအသတ် ခံ ထားရတဲ့ အင်္ဂလန်နိုင်ငံသား ဒေးဗစ်မီလာနဲ့ ဟန်နာဝှစ်သာရစ်ခ်ျတို့၏ အလောင်းကို တွေ့ ရှိခဲ့ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး အသတ်ခံရတဲ့ အကြောင်းရင်းနဲ့ လူသတ်သမားကို စုံစမ်းနေဆဲဖြစ်ကြောင်း ထိုင်းရဲ တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ လူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းလုပ်သား သုံးဦးကို စက်တင်ဘာ ၁၆ ရက်က ထိုင်းရဲ တပ်ဖွဲ့က စစ်ဆေးမေးမြန်းခဲ့ပြီး လူသတ်မှုနဲ့ ဆက်နွှယ်မှု မရှိတဲ့အတွက် ထိုနေ့ကပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ စက်တင်ဘာ ၂၁ ရက် နှောင်းပိုင်းအထိ အလုပ်သမား ၂၀၀ ကျော်ကို ဒီအင်န်အေ စစ်ဆေးခဲ့ပါတယ်။ ဒါပေမဲ့ ကိုက်ညီမှု မရှိတဲ့အတွက် ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီအင်န်အေ စစ်ဆေးခံခဲ့ရတဲ့ လုပ်သား အများစု ကတော့
 မြန်မာလုပ်သားတွေ ဖြစ်ကြပါတယ်။

အောက်တိုဘာ ၂ ရက်မှာတော့ မြန်မာအလုပ်သမား တစ်ဦးက လူသတ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့တယ်လို့ ထိုင်းဒုတိယရဲချုပ်က ပြောကြားခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့က ဒီအင်န်အေ စစ်ဆေးမှု အဖြေကို စောင့် ဆိုင်းနေ စဉ် အတွင်းမှာ ဖမ်းဆီးထားတဲ့ မြန်မာလုပ်သား သုံးဦးအနက် ၀င်းဇော်ထွန်းမှာ ၀န်ခံခဲ့ကြောင်း၊ ၎င်းမှာ ဗြိတိန်နိုင်ငံသားနှင့် နိုင်ငံသူတို့ ချစ်ရည်လူးနေသည်ကို တွေ့ခဲ့သဖြင့် စိတ်မထိန်းနိုင်ဘဲ သတ်ဖြတ်ခဲ့သည်ဟု ၀န်ခံခဲ့တယ်ဆိုပြီး ထိုင်းဒုရဲချုပ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၃ ရက်မှာ ရွှေ့ပြောင်း မြန်မာလုပ်သား နှစ်ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ကိုလူသတ် မှု၊ မုဒိမ်းမှုတို့နဲ့ အမှုဖွင့်ခဲ့ပြီးတော့ အခင်းဖြစ်ရာကျွန်းမှာ သရုပ်ပြခိုင်းခဲ့ပါတယ်။ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ ၀န်ခံတယ်လို့ ပြောပြီးတဲ့နောက်ပိုင်းမှာ သူတို့နှစ်ဦးရဲ့ ဒီအင်န်အေနဲ့ ဟန်နာဝှစ်သာရစ်ခ်ျရဲ့ ကိုယ်ပေါ်ကရတဲ့
 ဒီအင်န်အေတွေက ကိုက်ညီမှု ရှိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က အံ့အားသင့်ဖွယ် ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါပေမဲ့ ဒီအင်န်အေ အဖြေလွှာက အောက်တိုဘာ ၅ ရက်ကမှ ထွက်တယ်ဆိုတာ တရားခွင်တစ်ခုမှာ ပေါ်
ပေါက် ခဲ့ပါတယ်။ ဒါဆိုရင် ထိုင်းရဲတပ်ဖွဲ့က ဒီအင်န်အေတူတယ် ဆိုတာကို နှစ်ရက်ကြိုပြီး သတင်းထုတ်ပြန် ခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုမှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်မှု အပေါ်ကို  သံသယရှိတဲ့ အတွက်ကြောင့် အမှုမှန် ပေါ်ပေါက် ဖို့  မြန်မာသံရုံးက ဖွဲ့စည်းပေးလိုက်တဲ့ အထူးအဖွဲ့ဝင်တွေက အောက်တိုဘာ ၆ ရက်မှာ ကော့စမွီ အကျဉ်း
ထောင်ကို သွားပြီး သူတို့နှစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီးတော့ ရှေ့နေပါဝါကို လွှဲပြောင်းရယူခဲ့ပါတယ်။

အောက်တိုဘာ ၈ ရက်မှာ ထိုင်းဥပဒေ အရာရှိက လူသတ်မှု အမှုတွဲက သက်သေ အထောက်ထား အချက် အလက် ပြည့်စုံမှု မရှိတဲ့အတွက် တရားရုံးကို တရားစွဲဆို တင်ပို့ဖို့ ဆိုင်းငံ့လိုက်ပြီး အမှုတွဲကို ထိုင်းရဲတပ်ဖွဲ့ သို့ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

အောက်တိုဘာ ၂၄ ရက်မှာတော့ မြန်မာသံရုံး အထူးအဖွဲ့ဝင်များ၊ လူ့အခွင့်အရေး ရှေ့နေများ အပါအ၀င် မိဘတွေက ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ကို ထောင်မှာ သွားရောက်တွေ့ဆုံ ခဲ့ကြပါတယ်။ အဲဒီလို တွေ့ဆုံ စဉ်မှာ စွပ်စွဲခံထားရသူ နှစ်ဦးက သူတို့ကို စကားပြန်နဲ့ ထိုင်းရဲတွေက ၀န်မခံရင် သတ်ပစ်မယ်လို့ခြိမ်းခြောက် တဲ့အတွက် ၀န်ခံခဲ့ရတယ်လို့ ပြောပြီး သူတို့ရဲ့ ၀န်ခံချက်တွေကို ပြန်ရုပ်သိမ်းခဲ့ကြပါတယ်။

ဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ဦးဘက်ကနေ ဥပဒေအရ ဆောင်ရွက်ပေးဖို့အတွက် မြန်မာသံရုံး အဖွဲ့ကနေ ထိုင်းရှေ့နေများကောင်စီကို အောက်တိုဘာ ၂၉ ရက်မှာ အမှုသွားရောက် အပ်နှံခဲ့ပါတယ်။ ဒီအမှုကိုအချက် အလက် မပြည့်စုံသေးတဲ့အတွက် တရားစွဲတင်ပို့လို့ မရသေးဘဲ ချုပ်ရက်ရမန်တွေပဲ ထပ်ယူခဲ့ရပါတယ်။

ဒီဇင်ဘာ ၂ ရက်မှာတော့ ဆဋ္ဌမအကြိမ်အဖြစ် ရမန် ထပ်ယူခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဥပဒေအရ ရမန် ခုနစ်ကြိမ် (ချုပ်ရက် ၈၄ ရက်) အတွင်းမှာ တရားစွဲဆိုနိုင်ခြင်း မရှိရင် စွပ်စွဲခံထားရသူတွေကို အမှုက တရားရှင် လွှတ်ပေး ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းရဲတပ်ဖွဲ့ အနေနဲ့ ဒီကာလအတွင်းမှာ တရားစွဲဆိုနိုင်ဖို့အတွက် ကြိုးပမ်းခဲ့ပြီး ဒီဇင်ဘာ ၄ ရက်မှာတော့ လူသတ်မှု၊ မုဒိမ်းမှု အပါအ၀င် စုစုပေါင်း ပုဒ်မခုနစ်ခုနဲ့ ကော့စမွီခရိုင် တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။

ဒီအမှုကို ဒီဇင်ဘာ ၈ ရက်မှာ ပထမဦးဆုံး စတင်ကြားနာခဲ့ပါတယ်။ လက်ရှိ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်ထိ ကြားနာခဲ့တဲ့ ရုံးချိန်းတွေအရ ဆိုရင် တရားလိုပြသက်သေတွေ အကုန်စစ်ဆေးပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ ပြစ်မှုကျူးလွန်တယ်လို့ အခိုင်အမာ သက်သေပြနိုင်ခြင်း မရှိသေးပါဘူး။ ဒီအင်န်အေ တူညီမှုရှိတယ် ဆိုတာနဲ့ ၀န်ခံတယ် ဆိုတာကိုပဲ တရားလိုပြ သက်သေတွေ အနေနဲ့ အဓိက ထွက်ဆိုခဲ့ကြပါတယ်။ ဒီအမှုမှာ မျက်မြင်သေသက်သေလည်း မရှိပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် ရုံးချိန်းမှာတော့ ထိုင်းနိုင်ငံမှာ ကျော်ကြားတဲ့ မှုခင်းဆရာဝန်မကြီးဖြစ်တဲ့
 ဒေါက်တာဖွန်တစ်က တရားရုံးမှာ လာပြီး ထွက်ဆိုခဲ့ပါတယ်။ သူ့ရဲ့ ထွက်ဆိုချက်အရ ပြန်ပြီးစစ်ဆေးမှု
 ပြုလုပ်ခဲ့တဲ့ လူသတ်လက်နက်မှာ ထင်ရှားတဲ့ ဒီအင်န်အေ တစ်ခုနဲ့ မထင်ရှားတဲ့ ဒီအင်န်အေနှစ်ခု တွေ့ရပြီး အဲဒီ ဒီအင်န်အေတွေနဲ့ စွပ်စွဲခံထားရတဲ့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ရဲ့ ဒီအင်န်အေတွေက မတူညီဘူးလို့ ထွက်ဆိုခဲ့ပါတယ်။ ဒီပေါက်တူးကို မူလက စစ်ဆေးတုန်းက ဘာဒီအင်န်အေမှ မရှိဘူးလို့ ထိုင်းရဲတပ်ဖွဲ့က ဆိုထားတာ ဖြစ်ပါတယ်။ နောက်ပြီး ဒေါက်တာဖွန်တစ်ရဲ့ ထောက်ပြထွက်ဆိုခဲ့တဲ့ အရေးကြီးတဲ့ အချက် ကတော့ သေဆုံးသူ ဟန်နာရဲ့ လက်မှာ ကိုင်ထားတဲ့ ရွှေရောင်ဆံပင်ကို အမှုစစ် ရဲအဖွဲ့က ဒီအင်န်အေစစ်
ဆေးမှု လုံးဝပြုလုပ်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။ ဒီအင်န်အေ သဘောအရ ဆံပင်ကို စစ်မယ်ဆိုရင် မိဘမျိုးရိုး ကိုပါ အတိအကျ ဖော်ထုတ်လို့ ရပါတယ်။ ဒါပေမဲ့ ဆံပင်ကို စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်း မရှိတဲ့ ထိုင်းအမှုစစ် ရဲအဖွဲ့က မေးခွန်းထုတ်ခဲ့ပါတယ်။

ပြီးတော့ ဒီအင်န်အေကို ပြန်လည်စစ်ဆေးပေးဖို့အတွက် စွပ်စွဲခံထားရသူတွေနဲ့ မိဘရှေ့နေတွေက
 တောင်းဆိုထားတဲ့အတွက် အမှုစစ် ရဲတပ်ဖွဲ့ထံကနေ သက်သေခံ နမူနာ ဒီအင်န်အေတွေကိုလည်း တိုက် ဆိုင်စစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အမှုစစ် ရဲတပ်ဖွဲ့ လူသတ်လက်နက်ဖြစ် တဲ့ ပေါက်တူး ရိုး၊
 ခြေညှပ်ဖိနပ်တစ်ဘက်၊ ပီနံအိတ် တစ်လုံးကိုသာ ပေးခဲ့ပြီး အခြားဒီအင်န်အေ နမူနာက စစ်ဆေးလို့ ကုန် သွား ပြီ ဖြစ်တဲ့အတွက် မပေးနိုင်တော့ကြောင်း ပြောခဲ့ပါတယ်။ ဒီအင်န်အေ နမူနာ တစ်ခုကို စနစ်တကျ သိမ်းဆည်းမယ်ဆိုရင် သုံးနှစ်ကနေ လေးနှစ်အထိ သိမ်းထားနိုင်ပေမယ့် အမှုစစ်ဆေးနေစဉ် တစ်နှစ်အ တွင်းမှာပဲ စစ်ဆေးလို့ ကုန်သွားပြီဆိုတဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့ အကြောင်းပြချက်ကို မှုခင်းကျွမ်းကျင် ပညာရှင်
တွေက လက်မခံနိုင်ကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။

ဒီအမှု တရားခွင်ကို စက်တင်ဘာ ၂၂ ရက်ကနေ ၂၅ ရက်အထိ တရားခံပြ သက်သေတွေကို ခေါ်ယူ စစ်ဆေး ခဲ့ပါတယ်။ ဒီတရားခွင်တွေမှာ စွပ်စွဲခံထားရတဲ့သူတွေ ဘက်ကနေ လာရောက် ထွက်ဆိုတာကတော့ ထိုင်း အမျိုးသား မှုခင်းဆရာဝန်၊ ထိုင်းရဲမှုခင်း ဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲမှူးကြီး၊ စွပ်စွဲခံထားရတဲ့သူ
တွေကို  ထောင်ထဲမှာ ကျန်းမာရေး စစ်ဆေးပေးခဲ့တဲ့ ဆရာဝန်၊ မြန်မာသံရုံး ဒုတိယအတွင်းဝန် အပါအ၀င် တခြား သက်သေတွေကို စစ်ဆေးခဲ့ပါတယ်။

စက်တင်ဘာ ၂၂ ရက် ရုံးချိန်းက ထွက်ဆိုခဲ့တဲ့ ထိုင်းအမျိုးသား မှုခင်းဆရာဝန်ရဲ့ ထွက်ဆိုချက်အရ သူ့အနေနဲ့ ဒီအမှုမှာ စွပ်စွဲခံထားရသူတွေရဲ့ တောင်းဆိုချက်အရ လူသတ်လက်နက်ဖြစ်တဲ့ ပေါက်တူးရိုးကို ဒီအင်န်အေ
 ပြန်စစ်ဆေးပေးရကြောင်း၊ စစ်ဆေးရာမှာ ပေါက်တူးရိုးမှာ ဒီအင်န်အေ နှစ်မျိုးတွေ့ပြီး အမျိုးသမီး ဒီအင်န်အေ နဲ့ အမျိုးသား ဒီအင်န်အေတွေဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ပြီးတော့ ဒီသက်သေ ဒီအင်န်အေတွေက ဟန်နာနဲ့ ဒေးဗစ်တို့ရဲ့ ဒီအင်န်အေနဲ့ တူပြီးတော့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ရဲ့ ဒီအင်န်အေတွေနဲ့ကတော့ အဆင့် ငါးဆင့်ထိသာ တူညီသယောင် ရှိတယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ဆေးပညာ ဒီအင်န်အေ သဘောမှာ အဆင့် ၁၀ ကျော်မှသာ ဒီအင်န်အေ ကိုက်ညီတယ်လို့ သတ်မှတ်ရတယ်လို့ ထွက်ဆိုပါတယ်။

မြန်မာသံရုံးရှေ့နေ ဦးအောင်မျိုးသန့်က “ဒီအမှုမှာ ဘာတွေ ထူးလဲဆိုတော့ ထိုင်းအမျိုးသား ဆရာဝန်ရဲ့ ထွက်ဆိုချက်အရ ဒီအင်န်အေ စစ်ဆေးတဲ့ နေရာမှာ သာမန်အမှုတွေဆိုရင် ရက်ပေါင်း ၂၀ လောက် အချိန် ယူ စစ်ဆေးရတယ်။ အရေးကြီးတဲ့ အမှုတွေမှာတော့ ၁၀ ရက်လောက် အချိန်ယူ စစ်ဆေးရတယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂ ရက်မှာ အခု စွပ်စွဲခံထားရတဲ့သူတွေကို ဒီအင်န်အေ စစ်ဆေးခဲ့ပါတယ် ။ အောက်တိုဘာ ၅ ရက်မှာ ဒီအင်န်အေတွေက တူညီတယ်လို့ ဆိုထားတော့ ဒီသုံးရက်လောက် အတွင်းမှာ ဒီအန်အေ အဖြေက သေချာပေါက်ရနေတဲ့ သဘောပါ။ ဒါက သိသိသာသာကို လွဲနေတယ်ဆိုတာ ထင်ရှားစေပါတယ်” လို့ ဆိုပါတယ်။

ဒီအမှု တရားခွင် ရုံးချိန်းတွေကို အောက်တိုဘာ ၁၀ ရက်နဲ့ ၁၁ ရက်ကို ပြန်ချိန်းဆိုလိုက်ပါတယ်။ အဲဒီ ရုံးချိန်း
တွေမှာတော့ စွပ်စွဲခံထားရတဲ့ သူတွေကို စစ်ဆေးမှာဖြစ်ပြီးတော့ အပြီးသတ် အမိန့်ချမယ့် ရက်ကို အဲဒီနေ့မှာ ရုံးချိန်းဖွယ် ရှိတယ်လို့ သိရပါတယ်။ ဒီအမှုမှာ စွပ်စွဲခံထားရတဲ့ မြန်မာလုပ်သားနှစ်ဦး ဘက် ကတော့ ဥပဒေ အရ အသာရနေပါတယ်။ ဒီအမှုမှာ မျက်မြင်သက်သေ မရှိတာရယ်၊ ထိုင်းရဲတပ်ဖွဲ့ရဲ့ လုပ်ထုံး လုပ်နည်း
တွေက ဥပဒေအရ မှားယွင်းနေတာရယ်၊ ဒီအင်န်အေ စစ်ဆေးတဲ့ နေရာမှာ မသမာမှုတွေကို ထိုင်းရဲတပ်ဖွဲ့ က ပြုလုပ်ခဲ့တယ် ဆိုတာနဲ့ စွပ်စွဲခံထားရတဲ့ သူတွေကို ရိုက်နှက်ပြီး ၀န်ခံခိုင်းတယ် ဆိုတာ ကတော့ ထင်ရှား
ပေါ်လွင် လာပါပြီ။ တရားစွဲ အဖွဲ့အစည်းဘက်က ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ပြစ်မှုကျူး လွန်တယ်လို့ ထင်ရှားတဲ့ သက်သေ မပြနိုင်တဲ့အတွက် ဒီအမှုကို ဘယ်လို အမိန့်ချမလဲ ဆိုတာကိုတော့ နိုင်ငံတကာ မီဒီယာတွေ၊ မြန်မာပြည်သူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက စိတ်ဝင်တစား စောင့်ကြည့်နေ ကြပါတယ်။ အမှန်တရားက ဘယ်တော့မှ နောက်မကျပါဘူး။

Writer: ဉာဏ်ဝင်းရှိန်
Eleven Media Group