11 September 2015

"လိပ်ကျွန်း လူသတ်မှု၏ လူသတ်လက်နက်မှ DNA အထောက်အထားသည် စွပ်စွဲခံ မြန်မာနှစ်ဦးနှင့် ကိုက်ညီမှုမရှိ"


ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လိပ်ကျွန်းလူသတ်မှု၌ လူသတ်လက်နက်အဖြစ် ယူဆရသည့် ပေါက်တူးမှ ရရှိသည့် DNA နမူနာများသည် သံသယ တရားခံအဖြစ် စွပ်စွဲခံထားရသည့် မြန်မာ ရွှေ့ပြောင်း လုပ်သားနှစ် ဦးနှင့် ကိုက်ညီမှု မရှိကြောင်း ထိုင်းတရားရုံး တစ်ရပ်၏ ကြားနာစစ်ဆေးမှုတွင် ထွက်ပေါ်လာ ခဲ့သည်။

မှုခင်းပညာရှင် ဒေါက်တာ ပွန်သစ်ပ် ရိုဂျာနာဆွန်နန်က လူသတ်မှုနှင့် ဆက်စပ်သည့် သဲလွန်စများ စုဆောင်း ရယူမှုတွင် လုပ်ဆောင်မှု အားနည်းချက်များ ရှိခဲ့ကြောင်း ဝေဖန်ခဲ့သလို အခင်းဖြစ်ပွားသည့် နေရာမှ သွေး များကို သိုမှီး သိမ်းဆည်းထားရန် ပျက်ကွက်ခဲ့မှုကိုလည်း ဝေဖန်သွားခဲ့သည်။

တရားခွင်တွင် ထိုင်းဗဟို မှုခင်းဆေးပညာ ဌာနက ၎င်းတို့၏ စစ်ဆေးမှု ရလဒ်ကို တင်သွင်းရာ ပေါက်တူး
ပေါ်တွင် မတူညီသည့် DNA နမူနာ နှစ်မျိုးကို တွေ့ရှိကြောင်း၊ တစ်မျိုးမှာ ပြည့်စုံပြီး တစ်မျိုးမှာ တစ်ဝက် တစ်ပျက်သာ ရှိသည့်တိုင် အစွပ်စွဲခံ မြန်မာနှစ်ဦးနှင့် လုံးဝ ကိုက်ညီမှု မရှိဟု အတည်ပြုနိုင်ကြောင်း ပြော ကြား ခဲ့သည်။ ရဲတပ်ဖွဲ့က DNA စစ်ဆေးမှုနှင့် ပတ်သက်၍ ပျက်ကွက်မှုများ ရှိခဲ့သည့်နောက် တရားခံ
 ရှေ့နေများက ယခုစစ်ဆေးမှုကို ပြုလုပ်ပေးရန် တောင်းခံခဲ့ခြင်း ဖြစ်သည်။



ဗြိတိန်မှ အသက် ၂၄ နှစ်ရှိ ဒေးဗစ်မီလာနှင့် အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝစ်သာရစ်ဂ်ျတို့သည် ပြီးခဲ့ သည့် စက်တင်ဘာလက လိပ်ကျွန်း ကမ်းခြေတွင် သတ်ဖြတ်ခံထားရသည်ကို တွေ့ရှိခဲ့သည်။ ယင်းအမှု တွင် မြန်မာ ရွှေ့ပြောင်းလုပ်သား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝေဖြိုးတို့ကို ထိုင်းရဲတပ်ဖွဲ့က လူသတ် တရားခံများအဖြစ် စွပ်စွဲထားသော်လည်း ၎င်းတို့ နှစ်ဦးက အမှုကို မကျူးလွန်ကြောင်း ငြင်းဆို ထားကြသည်။ ၎င်းတို့က ထိုင်းရဲတပ်ဖွဲ့၏ အလွန်အကျွံ ဖိအားပေး နှိပ်စက်မှုကြောင့် လူသတ်မှု တရားခံများအဖြစ် ယခင်က ထွက်ဆိုခဲ့ကြောင်း ယခင်တရားခွင်တွင် လျှောက်လှဲထားခဲ့သည်။ ထို့အပြင် မိမိတို့သာ အမှုကို ဝန်ခံခဲ့လျှင်
 ထောင်လေးငါးနှစ် ကျခံပြီး ပြန်လွတ်စေမည်ဟု ရဲများက ကတိပေးခဲ့ကြောင်းလည်း ၎င်းတို့နှစ်ဦးက ထွက်ဆို ခဲ့သည်။

ထိုင်းရဲတပ်ဖွဲ့သည် ယခုအမှုတွင် အားနည်းချက်များစွာ ရှိနေကြောင်း ဝေဖန်ခံထားရသလို လူသတ် လက်နက် ဟု ယူဆရသည့် ပေါက်တူးမှ DNA နမူနာများကို တိုက်ဆိုင်စစ်ဆေးရမည့်အစား လက်ဗွေများ ကိုသာ ဦးစားပေး ဖတ်ရှု စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။

ထိုင်းတရားရေး ဝန်ကြီးဌာန၏ မှုခင်းဆေးပညာဌာန အကြီးအကဲဖြစ်သည့် ဒေါက်တာ ရိုဂျာနာဆွန်နန်က ဝစ်သာရစ်ဂ်ျ၏ အလောင်းကို နေရာရွှေ့ခဲ့သည့် ထိုင်းရဲတပ်ဖွဲ့၏ လုပ်ရပ်ကိုလည်း မေးခွန်းထုတ်ခဲ့ပြီး ထိုအခြေအနေတွင် အခြားသော အရေးကြီး သက်သေခံ အထောက်အထားများ ပျက်စီးသွားနိုင်ကြောင်း
 ဝေဖန်ခဲ့သည်။

စက်တင်ဘာ ၁၁ ရက် တရားခွင်တွင် ယခင်ရုံးထုတ် စစ်ဆေးမှု၌ ထိုင်းရဲအရာရှိတစ်ဦး ထွက်ဆိုထားသည့် အချက်များကို ကိုးကား ကြားနာသွားခဲ့သည်။ အဆိုပါ ရဲအရာရှိက ဝစ်သာရစ်ဂ်ျသည် မုဒိမ်းကျင့် သတ်ဖြတ်ခံ ရသည်ဟု ယုံကြည်ရပြီး ပြင်းထန်သည့် ဒဏ်ရာဒဏ်ချက်များကို တွေ့ရကြောင်း၊ သူမ၏ အလောင်းမှ မီတာ အနည်းငယ် အကွာတွင် ဦးခေါင်းဒဏ်ရာ ကြီးကြီးမားမား ရရှိထားသည့် မီလာ၏ အလောင်း ရှိနေကြောင်း ထွက်ဆိုခဲ့သည်။

အစိုးရ ရှေ့နေများက ဝစ်သာရစ်ဂ်ျ၏ ခန္ဓာကိုယ်တွင် တွေ့ရသည့် DNA နမူနာများနှင့် သံသယ တရားခံ အဖြစ် စွပ်စွဲထားသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား နှစ်ဦးတို့၏ DNAများ နှိုင်းယှဉ်စစ်ဆေးမှု ရလဒ်သည် ယခုအမှုတွင် ဗဟိုချက်ကျကြောင်း လျှောက်လှဲခဲ့သည်။

သို့သော်လည်း တရားခံ ရှေ့နေများဘက်က ယခု DNA စစ်ဆေးမှုကို အမှီအခိုကင်းစွာ၊ ပွင့်လင်းမြင်သာ စွာ ပြုလုပ်ခဲ့ခြင်း ရှိမရှိ တုံ့ပြန် မေးခွန်းထုတ် ထောက်ပြခဲ့ပြီး နောက်တစ်ကြိမ် စစ်ဆေးမှု ပြုလုပ်ရန် DNA နမူနာ လက်ကျန် မရှိတော့ဟု ရဲတပ်ဖွဲ့က အကြောင်းပြသည်ကို ဝေဖန်သွားခဲ့သည်။

ရဲတပ်ဖွဲ့သည် အဆိုပါ DNA စစ်ဆေးမှုအတွက် နမူနာ လက်ကျန်များ မရှိတော့ဟု ပြောကြားခဲ့သော်လည်း လူသတ်လက်နက်အဖြစ် စွပ်စွဲထားသည့် ဥယျာဉ်သုံး ပေါက်တူး၊ ရှူးဖိနပ်တစ်ဖက်နှင့် ပလပ်စတစ်အိတ် တစ်လုံးတို့ကို သက်သေခံများအဖြစ် တရားရုံးသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

_Ref: Sky News
7Day News Journal