30 January 2016

“ပန်းရောင်ဘတ်ကဒ်ကိုင်ဆောင်ထားသူ၃၂ဦးအားအခန်းပိတ်လှောင်ထားရာမှကယ်ထုတ်”

         
၂၀၁၆ ခု ဇန်န၀ါရီလ ၂၉ သတင်းဆောင်းပါး MAT

        ဖူးခက်ငါးဖမ်းလှေဆိပ်မှ မြန်မာပွဲစားအိမ်ခန်းမှာပိတ်လှောင်ထားတဲ့ ပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်ထားတဲ့  မြန်မာအလုပ်သမား၃၂ဦးတို့ကို  မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင် MATနှင့် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့ AHTD တို့က ကယ်ထုတ်နိုင်ခဲ့ပါတယ်။ လူကုန်ကူးဂိုဏ်းခေါင်းဆောင်ဟာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် ဂိုဏ်းခေါင်းဆောင်ရဲ့ဇနီးနဲ့ နောက်လိုက်ပွဲစား ၂ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

        ထိုင်းနိုင်ငံရဲ့ လှပသော ပင်လယ်အပန်းဖြေစခန်းအဖြစ် သတ်မှတ်ထားတဲ့ ဖူးခက်မြို့ဖယ်ယော့ငါးဖမ်းလှေဆိပ်အနီး မြန်မာပွဲစား ကိုပဲ့ဆိုသူရဲ့အခန်းမှာ ပိတ်လှောင်ထားတဲ့ မြန်မာအလုပ်သမား၃၁ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်တွင်းပြည်ပ မြန်မာသတင်းမီးဒီယာတွေရဲ့တင်ပြမှုများကြောင့် ပြည်ပအလုပ် သမားအခြေအနေများကို စောင့်ကြည့်နေသူတွေနဲ့ သိရှိပြီးဖြစ်ကြမှာပါ။

                             “စိတ်အနှောက်အယှက်ဖြစ်စဉ်များ”
       အခုကိစ္စမှာ တကယ်အကောင်အထည်ဖေါ်ကြသူနဲ့ နှမ်းဝင်ဖြူးကြသူတွေနဲ့ သွားဆုံရတာကြောင့် MAT အဖွဲ့သားတွေဟာ ခြေကုန်လက်ပန်းကျပြီး စိတ်ညစ်ခဲ့ကြရတယ်လို့ဆိုပါတယ်။ စာဖတ်သူတွေေ၀၀ါးနေကြတယ်လို့လည်း မေးမြန်းကြပါတယ်။ ယခုဖြစ်ရပ်ကိုရေးဖို့အတွက် အတော်စဉ်းစားခဲ့ပါတယ်။ မလိုလားအပ်ပဲ မည်သို့သော လူပုဂ္ဂိုလ်ဖြစ်စေ၊ အဖွဲ့အစည်းနဲ့ ဖြစ်စေ ဖြေရှင်းရတာမျိုးလည်းမလုပ်ချင်ပါဘူး။ MAT အဖွဲ့သားတွေအားလုံးဟာ လစာတစ်ခုခု ခံစားပြီး လုပ်ကိုင်နေကြသူတွေမဟုတ်ပဲ စေတနာ့ဝန်ထမ်းလုပ်နေကြသူတွေ သာဖြစ်ကြတာမို့ လုပ်ရပ်တိုင်းဟာ စေတနာနဲ့ ပျော်ရွှင်မှုတွေကိုသာ ရယူလိုကြသူတွေဖြစ်ပါတယ်။

           စာရေးသူဟာ ကားစီးရင်းမအိပ်တတ်တာကြောင့်လူကလည်းပင်ပန်း၊ သတင်းတွေမှာ အမျိုးမျိုး ဖေါ်ပြနေကြတာကြောင့် စိတ်လည်းထိခိုက်ရပါတယ်။ ဒါပေမယ့် ဖြစ်ရပ်အမှန်တစ်ခု မှတ်တမ်းတင်အဖြစ် ကျန်နေခဲ့ဖို့ လိုအပ်တာကြောင့် ဒီသတင်းဆောင်းပါးကိုရေးဖြစ်တာပါ။ ဖြစ်နိုင်လို့ရှိရင် ဘာမှကို မရေးချင်တော့ပါ။ အယင်ကာလတုန်းက လူကုန်ကူးမှုတိုက်ဖျက်ရေး တစ်ခုခုအောင်မြင်ခဲ့လို့ရှိရင် MAT အဖွဲ့သားတွေဟာ ၀မ်းမြောက်ဝမ်းသာနဲ့ သတင်းတွေဝိုင်းရေးလေ့ရှိကြပါတယ်။ အ၀စားမူကထတွေလည်းတစ်ခါတစ်ရံစားလေ့ရှိကြပါတယ်။

       ဇန်န၀ါရီလ ၂၆ ရက်နေ့ညနေ ၈နာရီအချိန်က မြ၀တီလူကုန်တားက ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း ထံသို့  ဖုန်းနဲ့ဆက်သွယ်ပြီး ဖူးခက်မြို့ ငါးဖမ်းလှေဆိပ်မှာ ရောင်းစားခံနေရသူ၂ဦးကို  ကယ်ထုတ်ပေးဖို့ ပြောလာခဲ့ပါတယ်။ 

      ဦးကျော်သောင်း က လည်း လှေနံပါတ်နှင့် ရောင်းစားခံထားရသူ မင်းငယ်ဦး ဆိုသူကို ဆက်သွယ်ခဲ့တယ်။ သူ၏ပြောပြချက်များအရ လူကုန်ကူးခံရကြောင်းနဲ့ပွဲစားအခန်းထဲမှာ အခြားအလုပ်သမားများအခန်းပိတ်လှောင်ခံနေရကြောင်းသိရှိခဲ့ရ တာကြောင့်  ဦးကျော်သောင်း ဟာ ချက်ချင်း ဖူးခက်အခြေစိုက် ရခိုင်လူမှုရေးအသင်းအဖွဲ့တစ်ခုကရခိုင်လူငယ် ၂ဦးကို အကူညီတောင်းခံခဲ့ပါတယ်။

         ဇန်န၀ါရီလ၂၆ရက်နေ့ညနေ ၈နာရီခွဲမှာငါးဖမ်းလှေ ၁၈နှင့် ၁၉ တို့ ဆိုက်ကပ်လာခဲ့တယ်။ ရခိုင်လူမှုရေး အဖွဲ့မှ ရခိုင်လူငယ်၂ဦးဟာ ငါးဖမ်းလှေ၂စီးဓါတ်ပုံ၊အလုပ်သမားများရဲဓါတ်ပုံနဲ့ ပွဲစား၂ဦးတို့ရဲ့ဓါတ်ပုံများကိုပါ ထင်ထင်ရှားရှား ရိုက်ကူးရရှိခဲ့ပါတယ်။ ဒါ့အပြင် အကူညီတောင်းခံထားကြသူများဟုတ် မေးမြန်းအတည်ပြုနိုင်ခဲ့ ပါတယ်။ ရရှိတဲ့သတင်းအချက်အလက်တွေကို မြ၀တီလူကုန်တားနဲ့ ဘန်ကောက်မြန်မာ မြန်မာသံရုံးအလုပ် သမားကူညီစောင့်ရှောက်ရေးကော်မတီအတွင်းရေးမှူး ထံမှတစ်ဆင့် နာယက သံအမတ်ကြီး ဦးဝင်းမောင် ထံသို့ သတင်းပေးပို့ခဲ့ပါတယ်။

         
 ၂၇.၁.၂၀၁၆ နေ့မှာ မြ၀တီလူကုန်တားတပ်ဖွဲ့က ဘန်ကောက်မြန်မာသံရုံး မြန်မာသံအမတ်ကြီးထံသို့ လိပ်မူပြီး ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ မိတ္တူစာတစ်စောင်ရောက် ရှိလာခဲ့ပါတယ်။ စာမှာ ထိုင်းနိုင်ငံ ဖူးခက်မြို့ငါးဖမ်းလှေဆိပ်မှ  လှေအမှတ် ၁၈ နှင့် ၁၉ မှာ ရောင်းစားခံနေရတဲ့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ ၂ ရပ်ကွက်နေ အသက်၁၈နှစ်အရွယ် မောင်မင်းငယ်ဦး နဲ့အခြား၃ဦးတို့ကို ပြန် လည်ကယ်တင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ အကူညီတောင်းခံရေးသားထားပါတယ်။

        MAT အဖွဲ့ဟာဖူးခက်အခြေစိုက် ရခိုင်လူမှုရေးအသင်းမှ လူငယ်၂ဦးကို ပွဲစားတွေ ပိတ်လှောင်ထားတဲ့ အခန်းတည်ရှိရာသို့ သွားရမယ့်လမ်း၊ ပိတ်လှောင်ထားတဲ့အခန်းနဲ့ အခြားအရေးကြီးသော အချက်အလက်များ စွာကိုဆက်လက်ရရှိခဲ့ပါတယ်။ ဇန်န၀ါရီလ၂၇ ရက်နေ့ ညနေ ၃နာရီကျော်မှာ မောင်မင်းငယ်ဦး ဟာ ငါးဖမ်းလှေ ဆိပ် အုပ်နံရံအမြင့်ကို ကျော်ထွက်ပြီး ရခိုင်လူမှုရေးအသင်းကလူငယ်၂ဦးက ဆိုင်ကယ်နဲ့တင် ပြီးလုံခြုံစိတ်ချရ တဲ့ နေရာမှာ ထားရှိခဲ့ကြပါတယ်။

        MAT အဖွဲ့က မင်းငယ်ဦး ရဲ့ ဓါတ်ပုံနဲ့ နောက်ဆုံးရရှိတဲ့သတင်းအချက်အလက်အခြေအနေတွေကို မြန်မာ သံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ၊ ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့ AHTD နဲ့ မြ၀တီလူကုန်တားအဖွဲ့သို့ သတင်းပေးပို့ခဲ့ပါတယ်။ ထိုင်းနဲ့မြန်မာအရာရှိများနဲ့ ညှိနှိုင်းပြီးနောက် MAT အဖွဲ့ဟာ ကားတစ်စီးငှါးရမ်းပြီး ညနေ ၆နာရီမှာ ဖူးခက်မြို့သို့ ခရီးထွက်ခဲ့ကြပါတယ်။ 

           MAT အဖွဲ့သားတွေဟာ နံနက် ၆နာရီကျော်အချိန်မှာ ဖူးခက်မြို့သို့ရောက်ပြီးတော့ ကယ်ထုတ်ထားတဲ့ မောင်မင်းငယ်ဦး ရှိရာသို့သွားရောက်ခေါ်ဆောင်လာခဲ့ကြပြီး ဖူးခက်မြို့ပြင်သို့ ပြန်ထွက်လာခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လူကုန်တားရဲတပ်ဖွဲ့များရှိရာသို့ အမည်ခံနှမ်းဖြူးမည့် အင်ဂျီအိုအဖွဲ့ တစ်ခုရောက်ရှိနေ ကြောင်း ထိုင်းရဲများမှတစ်ဆင့် MAT အဖွဲ့ သိရှိထားခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ လုပ်ရိုးလုပ်စဉ်မဟုတ်ပဲ နေ့တစ်ဝက် အချိန်ဆွဲခဲ့တာဟာ  ယခုကယ်ထုတ်မှုအတွက် နှမ်းဖြူးတဲ့အဖွဲ့နဲ့ MAT အဖွဲ့တို့ အနေအထားမှန်ကို ဒေသခံ လူကုန်တားအာဏာပိုင်တွေသိအောင် ပြသခဲ့တာဖြစ်ပါတယ်။

         ဘန်ကောက် AHTD ဗဟိုရုံးမှ ဆက်သွယ်ပေးထားတဲ့ ဖူးခက် AHTD တပ်ဖွဲ့နဲ့ ဖူးခက်ရဲအရာရှိတို့ကMAT  အဖွဲ့ ရုံးတာဝန်ခံ ကိုစိုင်းအေး ထံသို့ အဆက်မပြတ်ဖုန်းဆက်သွယ်မေးနေကြပေမယ့်အကြောင်း အမျိုးမျိုးပြပြီး နေ့ လည် ၁၂ နာရီအထိ အတွေ့မခံပဲထားခဲ့ပါတယ်။

          ဖူးခက်သို့ရောက်ရှိနေတဲ့ MAT အဖွဲ့သားတွေဟာ အခြားနေရာတွေမှာရောက်ရှိနေကြတဲ့ MAT အဖွဲ့ သားများနှင့် ဖုန်းနဲ့ အရေးပေါ်အစည်းဝေးတစ်ရပ်ကျင်းပခဲ့ကြပါတယ်။ တစ်ချို့က ကယ်ထုတ်ထားတဲ့ မင်းငယ်ဦး ကို ခေါ်ဆောင်ထားပြီးနောက် ရက်အတန်ကြာမှ ယခုအမှုကိစ္စအား အကောင်းအထည် ဖေါ်ကြရန် တင်ပြကြပါတယ်။ အချို့က နှမ်းဖြူသူများ အဖြူးမခံရအောင်ရှောင်ရှားခြင်းထက် အခန်းပိတ်လှောင်ခံထားရသူများလွတ်မြောက်ရေးသာ အဓိကထားသင့်ကြောင်း အဆိုကအောင်မြင်သွားခဲ့ပါတယ်။

          MAT အဖွဲ့သားတွေဟာ AHTD ရဲအရာရှိတွေလာခေါ်လို့ တည်းခိုခန်း တစ်ခုသို့ လိုက်ပါလာခဲ့ကြရာ နှမ်းဖြူး ဖို့စောင့်နေကြသူတွေနဲ့တွေ့ရပါတယ်။ ထိုင်းရဲအရာတွေက MAT အဖွဲ့  ဒါရိုက်တာ ဦးကျော်သောင်း ကို အချက်အလက်တွေမေးမြန်းပါတယ်။ အဲဒီအချိန်မှာ MAT က ပြသတဲ့ ဓါတ်ပုံတွေကို နှမ်းဖြူးတဲ့အဖွဲ့ သားတွေ က ဓါတ်ပုံ ရိုက်ကူးကြပါတယ်။ ပြီးတော့ ရဲစခန်းသို့လာခဲ့ကြပါတယ်။

         ဖူးခက်ရဲစခန်းအစည်းဝေးမှာ ဦးကျော်သောင်း က အလုပ်သမားတွေကိုပိတ်လှောင်ထားတဲ့ အခန်း၊ အနီး ၀န်းကျင်နဲ့ အခြားအချက်အလက်များစွာရိုက်ကူးထားတဲ့ ဓါတ်ပုံများကိုပြသရာ ရဲအရာရှိကြီးက အံ့သြနေကြပါတယ်။ အဲဒီအချိန်မှာ ရခိုင်လူမှုရေးအသင်းအဖွဲ့တစ်ခုမှ ရခိုင်လူငယ်၂ဦးမှာ လူကုန်ကူးဂိုဏ်းခေါင်းဆောင်များနဲ့ အခန်းပိတ်လှောင်ထားတဲ့နေရာအနီးဝန်းကျင်ရဲ့အခြေအနေတွေကို အနီးကပ်လေ့လာပြီး ဦးကျော်သောင်း ရဲ့ လက်ကိုင်ဖုန်းထဲသို့ VIBER ဖြင့် စဉ်ဆက်မပြတ်ပေးပို့နေကြပါတယ်။

          ပထမပိုင်းမှာဖူးခက်ရဲအရာရှိကြီးက ၀ရမ်းထုတ်ရဦးမှာဖြစ်တာကြောင့် ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ ၀င် ရောက်စီးနင်းမည်ဖြစ်ကြောင်းပြောပါတယ်။ ဦးကျော်သောင်း က ဖယ်ယော့ ငါးဖမ်းလှေဆိပ်သို့ ထိုင်းစစ်တပ်မှ ၀င်ရောက်ဖမ်းဆီးမည်ဟု သတင်းပေါက်နေပြီဖြစ်ကြောင်း ပြောပြပါတယ်။ ရဲအရာရှိက လူကုန်ကူးဂိုဏ်း ခေါင်း ဆောင် ကိုပဲ့ ဆိုသူ ဘယ်နေရာမှာရှိနေသလဲလို့ဟုမေးရာ ဦးကျော်သောင်း ကလက်ရှိ ပန်းရောင်ဘတ်ကဒ် လုပ်တဲ့နေရာမှာ ရောက်ရှိနေကြောင်း၊ဆိုင်ကယ်နံပါတ်ကိုပါပြသပါတယ်။ ထိုအခါရဲအရာရှိက မင်းဒီလောက် ဘာဖြစ် လို့သိနေတာလဲ။ မင်းကို သတင်းပို့နေသူကို ခေါ်လိုက်ပါဟု ၂ကြိမ်တိုင်တိုင်တောင်းခံပေမယ့် MATအဖွဲ့ က တွေ့ဆုံပေးရန်ငြင်းဆန်ခဲ့ပါတယ်။

          ထိုင်းရဲအရာရှိကမေးတာတွေ တောင်းခံတဲ့အချက်အလက်တွေနဲ့( ကယ်ထုတ်မယ့်အလုပ်တွေရဲ့ဓါတ်ပုံ၊ ငါးဖမ်းလှေ ၁၈နှင့် ၁၉ဓါတ်ပုံ၊ မြ၀တီလူကုန်တားမှ အကူညီတောင်းခံတဲ့စာ) များကိုMAT အဖွဲ့ ကဓါတ်ပုံစာရွက် ထုတ်ယူလာပြီး ပြသပါတယ်။ ပွဲစားတွေလက်ရှိ ရှိနေတဲ့နေရာနဲ့ ပိတ်လှောင်ထားတဲ့ အခန်းဝမှာထိုင်စောင့်နေတဲ့ ပွဲစားမပုံတွေကို ဖုန်းထဲမှ ပြသနေတဲ့အချိန်အထိ နှမ်းဖြူးဖို့ စောင့်ဆိုင်းနေတဲ့အဖွဲ့က ယောက်ျားပုဂ္ဂိုလ်၊ မိန်းမဂ္ဂိုလ်တို့က ဘာအချက်အလက်မှ ပြသနိုင်ခြင်း၊ ၀င်ရောက်ပြောဆိုနိုင်ခြင်း တစ်ခုတစ်လေမှ မရှိသေးပါ။

           ဒီ့နောက်မှာ ဒေသခံရဲတစ်ဦး၊ နှမ်းဖြူးအဖွဲ့က ထိုင်းအမျိုးသားတစ်ဦးနဲ့ MAT အဖွဲ့တို့ဟာ လူကုန်ကူး ဂိုဏ်းခေါင်းဆောင်ရှိနေတဲ့ ပန်းရောင်ဘတ်ကဒ် ထုတ်ပေးတဲ့ရုံးသို့ ထွက်ခွာလာခဲ့ကြရာ၊ ရှိနေကြောင်း မြင်တွေ့ခဲ့ကြရပါတယ်။ ကားကို  မလှမ်းမကမ်းမှာ ရပ်နားထားပြီး ပွဲစား၂ဦးကို ထိုင်းရဲက ဖုန်းကယ်မရာဖြင့် ထင်ထင်ပေါ်ပေါ်ဓါတ်ပုံရိုက်ယူပါတယ်။ ဒီအပြုအမူဟာ ပွဲစားတွေကို သတိပေးတာနဲ့တူတယ်လို့ MAT ကပြောပါတယ်။

           ရဲစခန်းသို့ပြန်ရောက်တဲ့အခါ ရဲအရာရှိနဲ့ အစည်းဝေးထပ်မံပြုလုပ်ကြပါတယ်။ အဲဒီအချိန်မှာ နှမ်းဖြူးတဲ့ အဖွဲ့က အမျိုးသမီးမှာမရှိတော့ပဲ ထိုင်းအမျိုးသားတစ်ဦးနဲ့ဗမာတစ်ဦးသာကျန်နေခဲ့ပါတယ်။ ဖူးခက်ရဲအရာရှိကြီးက မေးသမျှဖြေ၊ တောင်းသမျှ ပြသနေကြောင့်  ဦးကျော်သောင်း ကို ဓါတ်ပုံရိုက်ပေးသူကိုတွေ့ချင်ကြောင်း ပိတ်လှောင်ထားတဲ့ အခန်းအားသွားကြည့်သည့်အခါ အလုပ်သမားများမရှိရင် ဘယ်သူတာဝန်ယူမလဲ ဆိုပြီးမေးမြန်းခဲ့ပါတယ်။ ဦးကျော်သောင်း က ဒေသခံကူညီပေးသူ၂ဦးကို တွေ့ခွင့်မပြုနိုင်ကြောင်း ယဉ်ကျေးစွာ ပြန်လည်ငြင်းဆန်ပြီး အချက်အလက်တွေ ခိုင်းမာကြောင်း၊ အကယ်၍ အခန်းထဲတွင် ပိတ်လှောင်ထားသူများမရှိပါက ကိုယ်တိုင် အဖမ်းခံမည်ဖြစ်ကြောင်း ပြောဆိုခဲ့ရပါတယ်။

                                    “နှမ်းဖြူးသမားများ”
       ဇန်န၀ါရီလ ၂၈ ရက်နေ့မွန်းလွဲပိုင်း စီးနင်းဝင်ရောက်တဲ့အခါ MAT အဖွဲ့ က ကယ်ထုတ်ထားတဲ့ မောင်မင်းငယ်ဦး က အခန်းကိုလိုက်လံပြသပါတယ်။ လူကုန်ကူး ဂိုဏ်းခေါင်းဆောင် ကိုပဲ့ ဆိုသူဟာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် သူ့ဇနီးနဲ့ နောက်ထပ်ပွဲစား၂ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

           ပိတ်လှောင်ထားတဲ့ အခန်းကို ထိုင်းရဲကမင်းတုတ်ဆွဲဖွင့်လိုက်တဲ့အခါ လေ၀င်လေထွက်မကောင်းပဲ အခန်းကျဉ်း အမှောင်ခန်းထဲမှာ အိမ်သာနံ့၊ ဆေး လိပ်မီးခိုးနံ့တွေ မွမ်းထူနေတဲ့ပါတယ်။ မီးရောင်မှိန်မှိန်၊ အပေါ်က ပန်ကာငယ်တစ်ခု ဖွင့်ထားတဲ့ သွပ်မိုးသွပ်ကာ အခန်းကျဉ်းမှာ အခန်းပိတ်လှောင်ထားတာကြောင့် အလွန် ပူးပြင်းပါတယ်။

 ချွေးတပြိုက်ပြိုက်ကျနေကြတဲ့ မြန်မာလူငယ်တွေအားလုံးဟာ အင်းကျီကိုချွတ်ပြီး နေထိုင်ကြရပါတယ်။ အခန်းထဲမှာ မည်သူတစ်ဦးတစ်ယောက်မှ အချိန်အကြာကြီးမနေနိုင်အောင်ပူးပြင်းပါတယ်။

           နှမ်းဖြူးဖို့ အဓိက ရောက်ရှိလာခဲ့သူ၂ဦးဟာ ပါလာတဲ့ ဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီး ဖေးဘွတ်ကမ္ဘာကို လက်ဦးမှုယူပါတယ်။ ပြီးတော သူတို့ဟာ မြန်မာသံရုံးက လာရောက်ကယ်ထုတ်ကြသူများအဖြစ်လည်း အလုပ်သမားတွေကို ကြေညာပါတယ်။ ၎င်းတို့တင်ထားတဲ့ သတင်းတွေကို ဖတ်ကြရတဲ့ MAT အဖွဲ့ သားတွေဟာ စိတ်ပျက်ကြရတယ်လို့ဆိုကြပါတယ်။

                        “မရှင်းမလင်းလုပ်ခဲ့သူက မြ၀တီလူကုန်တား”
        မြ၀တီလူကုန်တားက တာဝန်ရှိသူကို ဦးကျော်သောင်း က ရှင်းရှင်းလင်းလင်းလုပ်ကိုင်သင့်ကြောင်း၊ အစီရင်ခံစာထွက်လာသည့်အခါ ဖြစ်တတ်သည့်သဘောများကို ဂရုစိုက်ရန်လိုအပ်ကြောင်း ဇန်န၀ါရီလ ၂၇ ရက်နေ့ ကတည်းကကြိုတင်သတိပေးပြီး ကတိတောင်းခံခဲ့ပါတယ်။ မြ၀တီလူကုန်တားဟာMAT အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ၅နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

           ၎င်းတို့တောင်းသမျှ ဓါတ်ပုံတွေကို MAT အဖွဲ့ ဟာချက်ချင်း ရိုက်ကူးပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် ၂၉ ရက်နေ့မှာ တက်လာတဲ့ အလဲဗင်းမီဒီယာအွန်လိုင်း သတင်းမှာဖေါ်ပြထားတာကို သက်ဆိုင်ရာ သတင်းထောက်ကို ဦးကျော်သောင်း ကပြင်ဆင်ရေးသားပေးဖို့မေတ္တာရပ်ခံခဲ့ပါတယ်။ အဲဒီအချိန်မှာ အလဲဗင်းသတင်းထောက်က မြ၀တီလူကုန်တားကြေးနန်းအလိုရ ရေးရတာဖြစ်ကြောင်း MAT အဖွဲ့ကိုပြောပြပါတယ်။ အဲဒီတော့မှ မြ၀တီ လူကုန်တားက MATကြောကို ဓါးနဲ့အထိုးခံရပြီဆိုတာ သဘောပေါက်ခဲ့ရပါတယ်။

         ဦးကျော်သောင်း ဟာ ရုံးတာဝန်ခံကိုစိုင်းအေးနဲ့ အတူ မြ၀တီလူကုန်တားကို ဖုန်းနဲ့ အခြေအနေများကို ပြန်လည်ရှင်းပြပြီး နောက်နောင်တွင် မြ၀တီလူကုန်တားနဲ့ လူကုန်ကူးမှုကိစ္စကို ကူညီဆောင်ရွက်ဖို့အတွက် အထူးစဉ်းစားပါတော့မယ်လို့ စိတ်မကောင်းစွာနဲ့ ပြန်ပြောခဲ့ပါတယ်။

         လူကုန်ကူးခံရသူတွေကို ကယ်ထုတ်ခဲ့တဲ့ကိစ္စမှာ  နှမ်းဖြူးတဲ့သူတွေမှာ ဘာအကျိုးအမြတ်တွေရှိတယ်ဆို တာမသိပါဘူး။ အခန်းပိတ်လှောင်ခံ အလုပ်သမား၃၂ဦးအတွက် MAT အဖွဲ့နဲ့မြန်မာသံရုံးအလုပ်သမားကူညီ စောင့်ရှောက်ရေးကော်မတီအတွင်းရေးမှူး တို့ဟာ စရိတ်စကများစွာအကုန်အကျခံခဲ့ရပါတယ်။

          MAT အဖွဲ့ဟာ ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ကို ခိုင်မာတဲ့ သတင်းအချက်အလက်တွေ ပေးပို့ပြီး ကယ်ထုတ်နိုင်ပေမယ့်၊ အခန်းပိတ်လှောင်ခံထားရပြီး ငါးဖမ်းလုပ်ငန်းမှာ ကျွန်ပြုခံနေရသူတွေဟာ ထိုင်းအစိုးရလုပ်ပေးထားတဲ့ ပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေဖြစ်တယ်ဆိုတာကို တမ်းတင်ချင်တာကြောင့် သွားရောက်ခဲ့တာပါ။

       ပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်ထားတိုင်း တရားဝင်အလုပ်သမားဖြစ်တယ်။ ပတ်စပို့ကိုင်ထားသူဟာ လုံခြုံမှုရှိတယ်ဆိုပြီး ထိုင်းနဲ့မြန်မာတာဝန်ရှိသူတွေ ပြောဆိုနေကြပေမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် 
ပန်းရောင်ဘတ်ကဒ်ကိုင်ဆောင်ထားပေမယ့် အခန်းပိတ်လှောင်ခံရပြီး ငါးဖမ်းလှေတွေမှာ ကျွန်ပြုခံရသူများဖြစ်နေကြောင်း ဤဖြစ်ရပ်က သက်သေထူခဲ့ပြီးဖြစ်ပါတယ်။

           သူတပါးကြိုးပမ်းဆောင်ရွက်မှုကို နှမ်းဖြူးပြီး နာမည်ကျော်ကြားလိုတဲ့သူတွေအနေနဲ့ အလုပ်သမား ၃၂ဦးကို ဓါတ်ပုံမရိုက်ရခင်အထိ၊ ဘာတွေ ဘယ်လောက်လုပ်ကိုင်ခဲ့ပါတယ်ဆိုတဲ့ အထောက်အထားတွေနဲ့ အွန်လိုင်းကမ္ဘာမှာကြေညာခဲ့ရင် ဘယ်လောက်များကောင်းလိမ့်မလဲလို့။     ။