06 January 2016

မြန်မာ အလုပ်သမား ဇနီးမောင်နှံကို ထိုင်းအငှား ယာဉ်မောင်းက ခြိမ်းခြောက်ငွေညှစ်


6.1.2016
သတင်း-စောမောင်
ဘန်ကောက်

 ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၊ ပုထုန်ဌာနီ  လန်းစစ်ကားဂိတ်တွင်  ဇန်နဝါရီလ ၆ရက် နံနက် ၅နာရီခန့်က မြန်မာအလုပ်သမား ဇနီးမောင်နှံကို ထိုင်းအငှားယာဉ်မောင်းက  အငှားယာဉ်ပေါ် အတင်းအကြပ်
ခေါ်ဆောင်ပြီး  ခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း ဇနီးမောင်နှံကို သွားရောက် ကူညီခဲ့သော မြန်မာသံရုံး အလုပ်သမား ကူညီစောက်ရှောက်ရေး ကော်မတီ အဖွဲ့ (MAT)မှ ဘန်ကောက် တာဝန်ခံ ကိုစိုင်းအေးက ပြောကြားသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ မှ ပြန်လာသော အသက် ၃၃နှစ်အရွယ် ကိုညီညီဇော်နှင့် ဇနီးသည် မချောစုတို့က အလုပ်လုပ်ကိုင်ရာ စူစဝပ်
 (ဆွယ် ၄၀)ရပ်ကွက်သို့ပြန်ရန် လန်စစ်ကားဂိတ်တွင်  အငှားယာဉ် စောင့်ဆိုင်းခဲ့ကြောင်း၊ ယင်းနောက် ဒေသခံ  ထိုင်းနိုင်ငံသား အငှားယာဉ်မောင်းက  ၎င်းအငှားယာဉ်ပေါ် စီးနင်းရန်  အတင်းအကြပ် ခေါ်ဆောင်ခဲ့ရာ  ယာဉ်မောင်းကာ လမ်းခုလတ်တွင် ဘတ်ငွေ ငါးထောင် တောင်းခံကြောင်း  ယင်းဇနီးမောင်နှံ၏ ပြောကြားချက် အရ သိရှိရသည်။

“ သူတို့မှာ ပါတဲ့ ငွေမလောက်လို့ ကားပေါ်ကနေ ဆင်းဖို့ ငိုယိုပြီးတောင်းပန်တာကို ယာဉ်မောင်းက လော့ချပြီး တခြားနေရာကို  အတင်းမောင်းသွားတာ၊ ငွေညှစ်တဲ့အပြင် ခြိမ်းခြောက်တာကြောင့် လင်မယားနှစ်ယောက်က ဆင်းမယ့်နေရာနားရောက်တော့ အိမ်မှာ ပိုက်ဆံသွားယူမယ်ပြောလို့ ယာဉ်မောင်းက ကားပေါ်က ဆင်းခွင့်ပြုတာ၊ သူတို့လည်း အသိအိမ်မှာ ပုန်းနေရတယ် ”  မြန်မာအလုပ်သမားများအရေး အကူ အညီပေးနေသော MATအဖွဲ့မှ ဘန်ကောက်တာဝန်ခံ ကိုစိုင်းအေး ရှင်းပြသည်။





အဆိုပါ အငှားယာဉ်မောင်းမှာ ဇနီးမောင်နှံတိမ်းရှောင်ရာ နေရာအနီးသို့  ထိုင်းပုလိပ်များကို  ခေါ်ဆောင် လာကာ ဖမ်းဆီးခိုင်းသည့် အပြင် အများအထင်လွဲမှားစေနိုင်သော စကားများကို  ပြောဆိုခြင်း ၊မြန်မာနိုင်ငံသား များကို သိက္ခာချသော အပြုအမူ အပြောအဆိုများ လုပ်ဆောင်နေသောကြောင့် ငွေညှစ်ခံရသော ခင်ပွန်း ကိုညီညီဇော်က မြန်မာသံရုံး အလုပ်သမား ကူညီ
 စောက်ရှောက်ရေး ကော်မတီ MAT သို့ အကူအညီ တောင်းခံ ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍  MATမှ တာဝန်ခံက အငှားယာဉ်မောင်းကို ရဲစခန်းသို့ ခေါ်ယူကာ  စစ်ဆေးမေးမြန်ခဲ့ရာ အငှားယာဉ်မောင်းက မူးယစ်ဆေးဝါးသုံးစွဲထားခြင်း၊ မော်တော်ယာဉ် ငှားရမ်းခကို  အဆမတန်တောင်းခံမှုများ ပေါ်ပေါက်သဖြင့်  သက်ဆိုင်ရာ ရဲစခန်းက ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း MAT ထံမှ သိရှိရသည်။

မြန်မာအလုပ်သမားများအနေနှင့်  ထိုင်းနိုင်ငံတွင် အငှားယာဉ်  ငှားရမ်းစီးနင်းရာတွင် သတိထားရန် လိုအပ်ပြီး  မိမိစီးနင်းသော ကားနံပါတ်ကို မှတ်ထားရန် လိုအပ်ကြောင်း  အငှားယာဉ်မောင်းငွေ ညှစ်ခံရသော  ကို ညီညီဇော်က အကြံပြု ပြောကြားသည်။