28 July 2017

“ကော့သောင်းသို့ပြန်လာသည့်မြန်မာသုံးဆယ်ကျော် ပျောက်ဆုံးနေ”

                         
၂၀၁၇ ခု ဇူလိုင် ၂၈ ရက်
ရွှေလုပ်သား



          ယနေ့မွန်းလွဲပိုင်းက ရနောင်းဘက်မှ ကော့သောင်းဘက်သို့ လာခဲ့ကြသည့်  အလုပ်သမား သုံးဆယ်ကျော်တို့ စီးနင်းလာခဲ့ကြသည့် ပဲ့ထောင်လှေ၂စီးရောက်မလာခဲ့သဖြင့် ကော့သောင်းဘက်မှ မြန်မာတာဝန်ရှိသူများက စိုးရိမ်လျှက်ရှိကြောင်းသိရှိရသည်။

     အမည်မဖေါ်လိုသော ကော့သောင်းဆိပ်ကမ်း တာဝန်ရှိဝန်ထမ်းတစ်ဦးက  “ရနောင်းအချုပ်ခန်းထဲက မိန်းကလေး ၁၀ ယောက်နဲ့ ယောက်ျား၂၈ ယောက်ပါ။ လှေ၂စီးနဲ့ ဒီနေ့မွန်းလွဲ ၃နာရီမှာလာပို့တာပါ။ မြန်မာဘက်က တာဝန်ရှိသူတွေက စောင့်နေကြတာ၊ မရောက်လာဘူး။ ရနောင်းမှာ တာဝန်ကျနေတဲ့ အလုပ်သမားသံအရာရှိကိုတော့ သတင်းပို့ထားတယ်။ ကော့သောင်းလူကုန်တားရော၊ ရဲမြို့ နယ်မှူးကိုရော ကျနော်တို့ သတင်းပို့ထားပါတယ်” ဟုပြောသည်။


         ယခုကဲ့သို့ အစိုးရချင်းသတင်းဖလှယ်ပို့ဆောင်နေသည့်ကာလ မဟုတ်သည့် ယခင်နှစ်များစွာကမူ  ထိုင်းနိုင်ငံတောင်ပိုင်းမှ အကြောင်းအမျိုးမျိုးဖြင့် ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသားများကို ရနောင်းအချုပ်ခန်းတွင်ထားရှိပြီး မြန်မာနိုင်ငံကော့သောင်းဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့ပါသည်။ 

  ထိုကာလများက မြန်မာနိုင်ငံ ကော့သောင်းနှင့်ရနောင်းအကြားတွင်ရှိသော ရေလယ်ကျွန်းအနီးတွင် ပွဲစားများက ပြန်ပို့ခံရသည့် မြန်မာအလုပ်သမားများကို ထိုင်နိုင်ငံအတွင်းသို့ ပြန်လည်ပို့ဆောင်ခြင်းများကို လုပ်ဆောင်ခဲ့ကြပါသည်။

         ရနောင်အချုပ်ခန်းကို အမှီးသဟဲပြု၍  ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသားများအပေါ်တွင် မတရားခေါင်း ပုံဖြတ် လူကုန်ကူးသည့် မြန်မာဘာသာပြန်တစ်ယောက်ကိုမူ မြန်မာအာဏာပိုင်များက ဖမ်းဆီးနိုင်ရေး အတွက် ကြိုးပမ်းနေခဲ့သည်မှာလည်း တစ်နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ထို့အပြင် ရနောင်အချုပ်ခန်းတွင် လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုများရှိသည်ဟု ကြားသိခဲ့ရသော်လည်း ကာယကံရှင်မြန်မာအမျိုးသမီးများက သက်သေပြုလုပ် ရန်ငြင်းဆန်ခဲ့မှုလည်းရှိဖူးကြောင်း ဘန်ကောက်အခြေစိုက်MAT အဖွဲ့ကပြောသည်။