28 March 2012

“ဒို့များ အိမ်ပြန်ကြတာ အကောင်းဆုံး”


 ယာယီပတ်စပို့နဲ့ ၀တ်ပါမစ် လုပ်ထားတယ်၊ လုပ်ငန်းရှင်မတူ ဘူးဆိုပြီး ထိုင်းပုလိပ် ဖမ်းတာပဲ။ MOU (နှစ်နိုင် ငံအစိုးရ သဘောတူ ညီချက်) အရ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှာ ပန်းရံအလုပ်လုပ်ဖို့ မြန်မာတွေ ၀င်လာကြတယ်၊ အလုပ်လုပ်ခွင့် ၀တ်ပါမစ် လျှောက်ထားတယ်။ အလုပ်မလုပ်သေးပဲ စောင့်နေကြတယ်။ ပုလိပ်တွေ ရောက်လာပြီး အလုပ်သမားတွေကို အလုပ်လုပ်တဲ့ ပစ္စည်း ကိုင်စေပြီး ဓါတ်ပုံ ရိုက်တယ်။ ၀တ် ပါမစ် မရှိပဲနဲ့ အလုပ်လုပ်လို့ ဆိုပြီးတော့ မြန်မာအလုပ်သမားတွေကို အချုပ်ခန်းထဲ ထည့်ထားလိုက် တယ်။ 
  MOU နဲ့ ရောက်လာတဲ့ နေရပ်ရင်းမှာ ကျပ်ငွေ ငါးသိန်းမှ ခုနစ်သိန်းအထိ အကုန်အကျခံပြီး ထိုင်းနိုင်ငံ အတွင်းကို ၀င်ရောက်လာခဲ့သူတွေ ဖြစ်ပါတယ်။ ထိုင်းဘက်ကို ရောက်တော့  အနည်းဆုံး တစ်နှစ်ကနေ ၂နှစ် အထိ လုပ်ကိုင်ပြီး တော့ ဘတ်ငွေ တစ်သောင်းကျော် ပေးဆပ်ပြီးမှ အခြားနေရာတွေကို ထွက်သွား ခွင့် ရရှိမှာ ဖြစ်ပါတယ်။
       MOU နဲ့ လာတဲ့အလုပ်သမားတွေအနက် ဆောက်လုပ်ရေးငြမ်းစင်က ပြုတ်ကျလို့ ခြေလက် ကျိုးတဲ့
သူ၊ သေဆုံးတဲ့သူနဲ့ ဒဏ်ရာရရှိသူတွေ ရှိကြပါတယ်။ နယ်စပ်မှာ ချုပ်ဆိုတဲ့ စာချုပ်နဲ့ ခိုင်စေတဲ့ အလုပ်အ
မျိုးအစား မတူညီခြင်းနဲ့ သတ်မှတ်ဈေးနုန်း မပေးခြင်းတို့ကြောင့် လွတ်ရာ ကျွတ်ရာကို ထွက်ပြေးသွားကြ
တဲ့ အလုပ်သမားတွေလည်း ဒုနဲ့ ဒေးပါ။
   MOU နဲ့  ထိုင်းနိုင်ကို ဘယ်လောက်အထိ ပို့လိုက်ပြီးလဲဆိုတာကို မြန်မာအစိုးရသာ သိမှာဖြစ်ပါတယ်။ ရွှေလုပ်သားဂျာနယ်က သိတာကတော့ MOU နဲ့ လာတဲ့ အလုပ်သမားတွေ အနက် အကြွေးကျေလို့ မိမိ  ပတ်စပို့ကို မိမိကိုင်ဆောင်ပြီးတော့ မိမိနေလိုတဲ့ အရပ်နဲ့ မိမိလုပ်လိုတဲ့ အလုပ်မှာ လုပ်နေရတဲ့ မြန်မာ အလုပ်သမားရယ်လို့ တစ်ယောက်မှ မတွေ့ဖူးသေးပါ။
  ထိုင်းမှာ ကျင့်သုံးနေတဲ့ အလုပ်သမားဥပဒေဆိုတာ ရွှေ့ပြောင်းအလုပ်သမားတွေကို နှိပ်ကွပ်၊ လုပ်ငန်း ရှင်တွေကို ကာကွယ်။ ထိုင်းပုလိပ်တွေ လုပ်ချင်သလိုလုပ်ခွင့် ပေးထားတဲ့ ဥပဒေပဲဖြစ်တယ်။ နိုင်ငံတကာ အဖွဲ့ အစည်းတွေဆိုတာလည်း အစီရင်ခံစာထုတ်တယ်။ ဘန်ကောက် အခြေစိုက် မြန်မာသံရုံးဆိုတာလည်း သိကြတဲ့အတိုင်းပဲ။များများစားစားမလုပ်နိုင်။  အင်ဂျီအိုဆိုတာလည်း ထိုင်းအလုပ်သမား ဥပဒေ ကို ဆံချည် တစ်မျှင်မျှ မကျော်နိုင်ပါ။
မြန်မာအလုပ်သမား ဆိုတာ ထိုင်းနိုင်ငံမှာ လုပ်ချင်တိုင်း လုပ်လို့ရတဲ့ လူတန်းစားတစ်ရပ်ဖြစ်နေတယ်။ ခိုင်းပြီးငွေမပေးလည်းရတယ်၊ အဓမ္မကျင့်လိုက်လဲ ဘာမှ ပြဿနာမတက်၊ သတ်ပစ်လို့လည်း ထောင်မကျ။ ထိုင်းမှာမြန်မာတွေ အရိုး တောင်လိုပုံခဲ့ပြီး။ မြန်မာသမီးပျိုတွေကျတဲ့မျက်ရည်က ကျောက်ဖရားမြစ် ထဲမှာ အပြည့်။
 မြန်မာအလုပ်သမားတွေကို ထိထိရောက်ရောက် ကူညီနိုင်တဲ့အဖွဲ့ ထိုင်းနိုင်ငံမှာ ယခင်လည်း မရှိသလို ယခုလည်း မရှိသကဲ့သို့ နောင်လည်းရှိလာမည်မဟုတ်ပါ။
  ရေနစ်မြုပ်လို့၊ အစုလိုက်အပြုံလိုက် လူကုန်ကူးခံရလို့၊ အရေအတွက်အများကြီး ကားတိုက်ခံရလို့ လူတွေ
အရမ်း စိတ်ဝင်စားတဲ့ အရေးပေါ်အခြေအနေတွေ ပေါ်ရင် ခဏလေးလာပြီးတော့ လောကွတ်လုပ်ကြမယ်၊
ဓါတ်ပုံရိုက်ကြမယ်။ ပြီးတော့ မေ့လေတော့သတည်းပဲ။ မြန်မာအလုပ်သမားတွေမှာ ခံပြီးရင်းခံရောပဲ။
   ထိုင်းနိုင်ငံမှာ ရေကြီးတုန်းက ကြည့်လေ… ၀တ်လိတ်ခင် ဘုန်းတော်ကြီးကျောင်း မှာဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေး စခန်းမှာ ထိုင်းအလုပ်သမား ဒုဝန်ကြီးက မြန်မာသံမှူးကြီးကို ပြောတယ်။ အလုပ်သမားတွေ
ကို ယာယီပတ်စပို့ ထုတ်ပေးပါ။ ထိုင်းဘက်က ၀တ်ပါမစ်နဲ့ ပြည်ဝင်ခွင့်ချက်ချင်း လုပ်ပေးမယ်တဲ့။ မြန်မာ သံရုံးက ရာချီတဲ့ စာအုပ်တွေ၊ ရေဘေးသင့် မြန်မာအလုပ်သမားတွေကို အခမဲ့ထုတ်ပေးခဲ့ပေမယ့် ထိုင်းအစိုးရဘက်က ယနေ့ တိုင်ဘာမှလုပ်မပေးခဲ့ပါ။
နောက်ဆုံးစိတ်ပျက်စရာ အကောင်းဆုံး တစ်ခုကတော့ နှစ်နိုင်ငံအစိုးရတို့ က ၂၀၁၂ ခု ဇန်န၀ါရီလဆန်း က
တည်းက ထိုင်းနိုင်ငံအတွင်း ၅ နေရာမှာ ယာယီပတ်စပို့ ရုံးဖွင့်ပြီးတော့လုပ်မယ်။ အလုပ်ရုံတွေအထိ သွားပြီး တော့ လုပ်ပေးမယ်လို့ပြောခဲ့တယ်။ ခုထိ နိုင်ငံအတွင်းမှာ ပတ်စပို့ မထုတ်ပေးနိုင်သေးပါ။
      အစိုးရတွေလည်း ကတိမတည်ကြ၊ အင်ဂျီအိုလည်း မလုပ်နိုင်၊ ထိုင်းပုလိပ်နဲ့ ထိုင်းလုပ်ငန်းရှင်တွေ အနိုင် ကျင့်ချင်တိုင်းကျင့်နေတာကို တာရှည်မခံရအောင်….. ကျေးကျွန်းသဖွယ် ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီး မှ ရရှိ လာတဲ့ ပိုက်ဆံတွေကို ကျစ်ကျစ်ပါအောင် စုဆောင်းပြီး နေရပ်ရင်းအမိ မြန်မာပြည်ကို ပြန်ခြင်းကသာ လျှင်လုံခြုံတဲ့ဘ၀ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
မြန်မာပြည်ဆိုတာ ယခုအခါ စစ်အာဏာရှင်စံနစ်ကလည်း တဖြည်းဖြည်း ရုတ်သိမ်းလာပြီ။ ပြည်ပ ရင်းနှီးမြုပ်နှံမှု တွေကလည်း အလုအယက် တိုးဝင်လာနေကြပြီမို့ အလုပ်အကိုင် အခွင့်အလမ်း ကောင်းတွေ ပွင်းလင်းခါစ ဖြစ်နေပြီမို့ပါခင်ဗျား။
                                                                                                          ကျော်သောင်း