17 March 2012

“ဆောက်လုပ်ရေး အလုပ်သမား ၁၉ဦး လုပ်အားခ ဘတ်သုံးသိန်းကျော် ရရှိရန်အမှုဖွင့်”


မတ်လ ၁၇
မြတ်ညို(အလွတ်သတင်းထောက်)
       ထိုင်းနိုင်ငံ စမွန်စာခွန်ခရိုင် မဟာချိုင်မြို့နယ် ၀မ်ဖန်ထိုင်း (ဖလန်းဆောင်လမ်းမကြီး) ၀ပ်ဘန်းလှိုင်
ဘုန်းတော်ကြီးကျောင်း အနီးရှိ ပန်းရံဆိုဒ် မှ မြန်မာအလုပ်သမား ၁၉ဦးတို့ ထံမှ  ထိုင်းမန်နေဂျာ မှ အရပ်ရပ်   ဖြတ် တောက်ထား သည့် ဘတ်ငွေ သုံးသိန်းကျော် ရရှိစေရန်အတွက် အလုပ်သမား ကူညီရေးအဖွဲ့တို့က  ယမန် နေ့က စီစဉ်ခဲ့ကြကြောင်း သိရှိရသည်။
ယာယီပတ်စပို့ လုပ်ရန်အတွက် တစ်ဦးလျှင် ဘတ်ငွေ ၉၂၀၀ စီ ဖြတ်တောက်ထားခဲ့သည်။ ထို့အပြင်ထိုင်းအစိုးရ သတ်မှတ်ထားသည့် မဟာချိုင်နယ်မြေ တစ်နေ့လုပ်အားခ   ၂၁၅ ဘတ်နုန်း ရှင်းမပေးပဲ အမျိုးသားအလုပ် သမားများအား ၁၈၅ ဘတ်နှင့် အမျိုးသမီး ပန်းရံအလုပ်သမားတို့ကို တစ်နေ့ ၁၇၅ ဘတ်နုန်းသာ လုပ်အားခ ရှင်းပေးခဲ့သည်။ ထို့ကြောင့် အလုပ်သမား တို့ ရရှိရန် စုစုပေါင်း  ဘတ်ငွေ  သုံးသိန်းကျော် ဖြစ်သည်။
အလုပ်သမားအဖွဲ့ဦးဆောင်ဦးရွက်ပြုသူ ကိုမွန် က“ ယာယီပတ်စပို့ လုပ်ဖို့ အတွက် ဆိုပြီး အလုပ်ရှာဖွေရေး
လူကြီးက ၂၀၁၂ ခုနှစ်ဇူလိုင်လ ကတည်းက စတင်ပြီး အမျိုးသားတစ်ဦးစီ ၃၀၀၀ စီဖြတ်တယ်။ ၀င်ငွေ နဲတဲ့ အမျိုးသမီးတွေကို ဘတ်တစ်ထောင်စီ ဖြတ်ခဲ့ပါတယ်။ အလုပ်သမားထဲက ဦးမောင်မြင့်ကို ပုလိပ်ဖမ်းတော့ ပုလိပ်က ဘတ်အသစ်လုပ်ဖို့  အကြံဉာဏ်ပေးလိုက်တယ်။ ဒါကြောင့်ကျနော်တို့ ဘတ်ကို ဆက်ပေးဖို့ ပြောတဲ့အခါ မတ်လ ၈ ရက်နေ့ ပေးမယ် လို့ ပြောပါတယ်၊ သင်ပုန်းကြီးမှာ ဟိုဖြတ်ဒီဖြတ်၆၂၀၀ ရှင်းပေးမယ်လို့ ရေးထားတယ်။ ဒါပေမယ့် ၁၁ ရက်နေ့ အထိ ရှင်းမပေးတာကြောင့် ကျနော်တို့ BATကို အကူအညီတောင်းခံခဲ့ပါတယ်” ဟုပြောသည်။
အလုပ်သမားများသည် ၂၀၁၁ ခုနှစ် မေလ ကတည်းက ဤပန်းရံဆိုဒ်သို့ အလုပ်စတင် ၀င်ရောက်လုပ် ကိုင် ခဲ့သူများဖြစ်ကြောင်း အလုပ်သမားများကပြောသည်။ အလုပ်သမား ၃၇ ဦးဆီ မှ ငွေဖြတ်ထားခဲ့သော်လည်း အလုပ်သမား ၁၈ ဦးတို့ မှာ အဆိုပါ ပန်းရံဆိုဒ် တွင်လုပ်ကိုင်နေကြဆဲဖြစ်သည်။
ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT တာဝန်ခံ ဦးကျော်သောင်း က“ ဒီအလုပ်သမားတွေအတော်ညီညွတ်ကြတဲ့ အလုပ်သမားတွေဖြစ်ကြတယ်။တစ်နေ့တည်း အလုပ်ဝင်ကြတဲ့ သူတွေဖြစ်တယ်။မကျေနပ်လို့ အလုပ်ထွက်ရင်လည်း တစ်နေ့ တည်းအလုပ်ထွက်ကြသူတွေဖြစ်နေတယ်။ ထူးခြားတာက သူတို့တွေဟာ မိမိနဲ့ သက်ဆိုင်တဲ့ စာရွက် စာတမ်းတွေအကုန်လုံးနဲ့ အလုပ်ကငွေရှင်းပေးတဲ့ စာရွက်ဟူသမျှကို စနစ်တကျသိမ်းထားကြတယ်။ FED က  ကူညီ ပေးထားတဲ့ ရှေ့နေ တွေနဲ့ တွေ့ ဆုံပြီး အလုပ်လုပ်တဲ့အခါ အချက်အလက်တွေ ပြည့်စုံတာကြောင့် ကျနော်တို့ အလုပ်သမားတွေဘက်က အားရှိတာပေါ့” ဟုပြောသည်။
အလုပ်သမားများ ရသင့်သည့် ဘတ်ငွေ သုံးသိန်းကျော် ကိစ္စနှင့် လာမည့်ဧပြီလဆန်း၃ ရက်နေ့ တွင် မဟာချိုင်တရားရုံးသို့ လာရောက်ခဲ့ကြရန် ရှေ့နေအဖွဲ့ က အလုပ်သမားများအား ချိန်းဆိုခဲ့သည်။