20 March 2012

“ကားတိုက်ခံရသည့် ဆေးသုတ် အလုပ်သမား နစ်နာကြေး ဘတ်တစ်သိန်းရရှိ”


မတ်လ ၂၀
ကိုတီး(ရခိုင့်တံခွန်)
အလုပ်သမားအရေး ကူညီဆောင်ရွက်သူများ၏ ပူးပေါင်း ကူညီမှုဖြင့် ကားတိုက်ခံခဲ့ရသည့်အိမ်    ဆေးသုတ် အလုပ် သမားတစ်ဦး ယမန်နေ့က ထိခိုက်နစ်နာကြေး ဘတ်ငွေတစ်သိန်း ရရှိပြီး   ဖြစ်ကြောင်း ကာယကံရှင် များ ပြောပြချက်အရ သိရှိရသည်။
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကော့နွဲ့ကျေးရွာ မှ အသက် ၃၆ နှစ်အရွယ်၊ ပအို့ဝ်အမျိုးသား ကိုအောင်တင်မိုးသည်၂၀၁၂ခုနှစ်သစ်ကူးည၁၀နာရီခန့်ကဘန်ကောက်မြို့၊ဘန်နာနယ်မြေ၌ညဘက်
အိမ် ဆေးသုတ်ရာမှ အပြန် တွင် ကား မတော်တဆ တိုက်မိသဖြင့် ဦးခေါင်း၊ မျက်နှာနှင့် ခန္ဓာကိုယ့်အနှံ့ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ ဘန်နာ Piyamin  ဆေးရုံတွင် အတွင်းလူနာအဖြစ် ၁၆ ရက်တိုင်တိုင် ကုသမှုခံယူ နေခဲ့ရသည်။
ဆေးဝါးကုသမှုကုန်ကျစရိတ်တို့အား ကားအာမခံ ကုမ္ပဏီက ကုန်ကျခံခဲ့သည်။ ကိုအောင်တင်မိုး စိတ်မူမှန်
မရှိစဉ် ကာလက ဆေးရုံ အခန်းတွင်းရှိ ရေခဲသေတ္တာနှင့် အခြားပစ္စည်းအချို့တို့အား ဖျက်ဆီးမိသဖြင့် ဘတ်
ငွေ၅၀၀၀ ကိုမူ ကိုဇေါ်မင်း ကပေးချေခဲ့ရသည်။

ကိုအောင်တင်မိုး ၏ ညီဖြစ်သူ ကိုဇေါ်မင်းက “ ကျနော် ဇန်န၀ါရီလ ၅ ရက်နေ့ မှာ အကိုရဲ့မိတ်ဆွေ တစ်ယောက် က ဖုန်းဆက်လာလို့ သိရတာပါ။ သတင်းကြားကြားချင်း ကျနော်လည်း ဘန်ကောက်နဲ့  မဟာချိုင်က အင်ဂျီအိုအဖွဲ့ တွေကို အကူအညီ တောင်းကြည့်ပါတယ်။ ဘယ်အဖွဲ့ကမှ ကူညီပေးတာ မရှိခဲ့ဘူး။ ဇန်န၀ါရီလ ၈ ရက်နေ့မှာ BAT အဖွဲ့ ကို အဆက် အသွယ် ရခဲ့ပါတယ်။ ကျနော်တို့ကို ခက်ခက်ခဲခဲ အကူအညီပေးခဲ့ကြတဲ့ BAT နဲ့ ရှေ့နေတွေကို အလွန်ပဲ ကျေးဇူးတင်ပါတယ်” ဟုပြောသည်။

   ပိုင်ရှင်မဲ့ လူနာအဖြစ် သတ်မှတ် ခံထားရသူ ဖြစ်နေသဖြင့် လိုအပ်သည့် အထောက်အထားများအား
BAT နှင့် ကိုဇေါ်မင်းတို့ အချိန်ပေး၍ စုဆောင်းခဲ့ကြရသည်။ လိုအပ်သည့် စာရွက်စာတမ်း အထောက် အထားများအား မြန်မာပြည်နေရပ်ရင်းသို့ မိဘများထံသို့ ပြန်လည်ဆက်သွယ်ခြင်း၊ ဘန်ကောက်မြို့
 မြန်မာသံရုံသို့ အကူအညီတောင်းခံခြင်းများ ပြုလုပ်ခဲ့ကြရသည်။
ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT တာဝန်ခံ ဦးကျော်သောင်း က
“၂၀၁၂ ခု နှစ်ဆန်းကတည်းက ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း
FED အဖွဲ့က ကျနော်တို့ကို ရှေ့နေ အကူအညီ ပေးထားပါတယ်။ ဘန်ကောက် မြန်မာသံရုံးကလည်း လိုအပ် ချက်အချို့ကို ကူညီပေးပါတယ်။ အလုပ်သမားပြဿနာ တွေကို ဖြေရှင်းတဲ့အခါ ကျနော်တို့ အတွက်အလွန် ပဲ အားရှိပါတယ်။ တခြား ရင်ဆိုင်နေဆဲ အလုပ်သမား ကိစ္စတွေလည်း အများကြီး ရှိနေပါသေးတယ်။ ဥပဒေကြောင်းအရ လုပ်ရတာ ဖြစ်တာကြောင့် အချိန် နဲနဲ ပိုပေးရတာ က လွဲရင် အလုပ်သမားတွေအတွက် အကာအကွယ် နဲ့အကူအညီ တကယ် ဖြစ်စေပါတယ်။ အယင်ကာလတွေ တုန်းက  ရှေ့နေ မငှါးရမ်းနိုင်လို့ ဘာနစ်နာကြေးမှ မရပဲ၊ သေဆုံးမှုတွေ၊ ခန္ဓာကိုယ် ကျိုးပြတ်တာတွေ အများကြီး ရှိခဲ့ဖူးပါတယ်” ဟုပြော  သည်။
ထိုင်းနိုင်ငံအတွင်း ကျင့်သုံးနေသည့် အလုပ်သမားဆိုင်ရာ ဥပဒေအချို့မှာ လုပ်ငန်းရှင်များဘက်မှ အပြည့်
အ၀ အကာအကွယ် ယူထားသဖြင့် ဥပဒေကြောင်းအရ ရင်ဆိုင်နိုင်သည့် တိုင်အောင် ရွှေ့ပြောင်း မြန်မာအ လုပ်သမားများအနေဖြင့် ရသင့်ရထိုက်သည့် အခွင့်အရေးများမှာ ဆုံးရှုံးနစ်နာကြဆဲဖြစ်ကြောင်း၊ အချိန်ယူ၍ တဖြည်းဖြည်းခြင်း လုပ်ဆောင် သွားပါက   မကြာမီမှာ မြန်မာအလုပ်သမားများအနေဖြင့် အခွင့်အရေးများ ရရှိလာနိုင်မည် ဖြစ်ကြောင်းFED မှ ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။