09 March 2012

ယာယီပတ်စပို့ပွဲစားတစ်ဦး ဘတ်၆သိန်းကျော်လိမ်လည်တိမ်းရှောင်

မတ်လ ၆
မြတ်ညို(အလွတ်သတင်းထောက်)
ဘန်ကောက်မြို့မှ ယာယီပတ်စပို့ ကုမ္ပဏီ ပွဲစားတစ်ဦး မြန်မာအလုပ်သမား တစ်ရာကျော်တို့ထံမှ ဘတ်ငွေ ၆သိန်းထက် မနည်း လိမ်လည်ထွက်ပြေး သွားကြောင်း အလုပ်သမားများ ပြောပြချက်အရ သိရှိရသည်။
လိမ်လည်သွားသည့် ပွဲစား ကိုသန်းဦး(ခ) ကိုမျိုး ဆိုသူသည် ဘန်ကောက်မြို့ စူစ၀ါ၄၉, ၅၁ တွင်ရှိသော ( JWS ) JOBS WORKER SERVICE CO,LTD  ကုမ္ပဏီ လိပ်စာကဒ် ကိုင်ဆောင်ထားသူဖြစ်ကြောင်း အလိမ်ခံရသည့် အလုပ်များက ပြောသည်။ သေချာမှုရှိစေရန် လိပ်စာကဒ်ပါ ဖုန်းနံပါတ်အားဆက်သွယ်မရရှိတော့ပါ။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ကိုမျိုး က ယာယီပတ်စပို့ လုပ်ရန် နယ်စပ်သို့ ဆင်းရတော့ မည်ဖြစ် ကြောင်း ပြောဆိုပြီး မြန်မာအလုပ်သမား တစ်ရာကျော် ထံမှ  တစ်ဦးစီ ဘတ်ငွေ ခြောက်ထောင် ငါးရာ/ ခုနှစ်ထောင် အထိ ကောက်ယူ သွားခြင်းဖြစ်သည်။
အလိမ်ခံခဲ့ရသည့် ဘန်ကောက်မြို့လဖလောက် ပန်းရံဆိုဒ်မှ အဖွဲ့ခေါင်းဆောင် အမျိုးသမီး မနုက “ ကျမတို့ ပန်းရံဆိုဒ်က ၁၁  ယောက် အလိမ်ခံလိုက်ရတယ်။ ကျမတို့ က လိပ်စာကဒ် အတိုင်း ကုမ္ပဏီရုံးကို လိုက်သွားတော့ ကုမ္ပဏီ ပိုင်ရှင် ထိုင်းလူကြီးက  ကိုမျိုး သွင်းထားတာ လူတစ်ရာကျော်ရှိတယ်၊ တစ်ယောက်အတွက် ဘတ်ငွေ တစ်ထောင်စီပဲသွင်းထားတယ်၊လူသစ်တွေ မဆင်းရသေးပါဘူး လို့ပြော တယ်။အလုပ်သမားတွေ ဘာမှ မတတ်နိုင်ဘူး။အလိမ်ခံလိုက်ရတာပဲ” ဟုပြောသည်။
လွန်ခဲ့သော ၂၀၁၀ နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ဘန်ကောက်မြို့မှ ------ဆိုသူ လည်း
ယာယီပတ်စပို့ ရုံးခန်းဖွင့်လှစ်လျှက်   အလုပ်သမား တစ်ထောင်ကျော် တို့ ထံမှ ဘတ်ငွေသန်းချီ ပြီး လိမ်လည် ထွက် ပြေး သွားကြောင်း  အလိမ်ခံလိုက်ရသည့် ရခိုင်အလုပ်သမားများက အဆိုပါ လူလိမ်-----နှင့် အသပြန်အလှန်ပြောဆိုကြသည့် အသံဖိုင်၊ လူလိမ်ဓါတ်ပုံနှင့် မန်နေဂျာ လိပ်စာကဒ်တို့အား ကျွန်ုပ်ထံသို့ပေးပို့ ခဲ့ဖူးသည်။
ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ အကောင်အထည် ဖေါ်နေသော ယာယီပတ်စပို့ လုပ်ငန်းစဉ်အတွင်း ကုမ္ပဏီ
အချို့နှင့် ပွဲစားအချို့တို့ လိမ်လည်မှုများ မကြာခဏ ပေါ်ပေါက်လေ့ရှိပြီး မြန်မာအလုပ်သမားများ နစ်နာမှုများ
စွာ ရှိနေသော်လည်း ထိုင်းနှင့် မြန်မာအစိုးရတို့ က အဆိုပါ လိမ်လည်မှုများအား တစ်စုံတစ်ခု ဖြေရှင်းပေးခြင်း
ကူညီပေးခြင်း၊ပြန်လျှော်ပေးခြင်းမျိုးမရှိဖူးသေးကြောင်း အလိမ်ခံရသည့် မြန်မာအလုပ်သမားများက ပြောသည်။