21 March 2012

ဘတ်နှင့်ပတ်စပို့ ကိုင်ဆောင်ထားသည့် အလုပ်သမား ၇၆ ဦး နယ်စပ်သို့ပြန်ပို့ ခံရနိုင်




မတ်လ ၂၁
ကိုတီး(ရခိုင့်တံခွန်)
နေထိုင်ခွင့်  စာရွက်စာတမ်းပါ လိပ်စာ မတူညီခြင်းနှင့် စာရွက်ပါ  လုပ်ငန်းအမျိုးအစား မတူညီခြင်း ဆိုသည့်အကြောင်းပြချက် များဖြင့် ဖမ်းဆီး ချုပ်နှောင်ခံထားရသည့်  ရေညှိမုန့် အလုပ်ရုံမှ မြန်မာအလုပ်သမား ၇၆ ယောက်မှာ နယ်စပ်သို့ ပြန်လည် ပို့ဆောင်ခံရမည်ဖြစ်ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက် သူများ ပြောပြချက်အရသိရှိရသည်။
ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင် ဘန်ဘူထောင်မြို့ ဘတ်လပ်ယိုင်ကျေးရွှာ  ဘန်ကွေစိုင်နွိုင် ခြံအမှတ် ၄၈/၁၂၄- ၁၃၁ တွင်ရှိသော ထောက်ကယ်နွိုင် Tao Kae Noi   ရေညှိမုန့် စက်ရုံတွင် အလုပ်လုပ်နေကြသော နေထိုင်  အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်း အပြည့်အစုံရှိသည့် မြန်မာအလုပ်သမား ၁၀၆ ဦး တို့အား ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
 ထိုအထဲမှ အလုပ်သမားအချို့မှာ နည်အမျိုးမျိုးဖြင့် လွတ်မြောက်သွားခဲ့ကြပြီး ပတ်စပို့ ရှိသည့် အလုပ်သမား ၆ဦး အပါအ၀င် အမျိုးသမီးအလုပ်သမ ၂၈ဦး နှင့် အမျိုးသား ၄၈ ဦး တို့မှာ မလွတ်မြောက်နိုင်ပဲ နွန်ထဘူရီ အကျဉ်းထောင် တွင်အကျဉ်းကျခံနေရဆဲ ဖြစ်သည်။
အလုပ်သမား မိသားစု အချို့က ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT အဖွဲ့နှင့် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င အခြေစိုက်  ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED အဖွဲ့သို့ အကူအညီတောင်းခံ ခဲ့သည်။
အလုပ်သမား ကိုဦးက“ အလုပ်ရုံကို အလုပ်သွင်းပေးတဲ့ ကိုမင်းလှိုင် ဆိုတဲ့ ဗမာပွဲစားနဲ့ အလုပ်ရုံက ထိုင်း
တစ်ယောက်နဲ့ ပေါင်းပြီးတော့ ကျနော်တို့ စာရွက်စာတမ်း ပြောင်းပေးဖို့ တစ်ယောက်စီ ဘတ်ငွေ ၄၀၀၀ စီ ယူထားတာ ၃လလောက်ရှိပြီ။ အလုပ်ရုံကို အဖွဲ့ပေါင်းစုံဝင်ဖမ်းတော့ ရဲစခန်းက သူတို့ ထုတ်ချင်တဲ့ လူတွေကို ထုတ်ပြီး ဒီလူ ခုရှောင်နေတယ်” ဟုပြောသည်။
FED ဒါရိုက်တာ ဦးထူးချစ်က “ ဒီလိုအဖြစ်မျိုးက ထိုင်းတစ်နိုင်ငံလုံးမှာ ဖြစ်နေတာ။ ထိုင်းနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်လို့မြင်တယ်၊ ထိုင်းအလုပ်သမားဥပဒေဟာ အလုပ်သမားကို အကာ
အကွယ်ပေးခြင်းထက် လုပ်ငန်းရှင်ကို အကာအကွယ် ပေးထားတာပဲဖြစ်တယ်။ ရွှေ့ပြောင်း အလုပ် သမားတွေအပေါ်မှာ ချမှတ်ထားတဲ့ ဥပဒေတွေနဲ့   ပေါ်လစီတွေ ကို  ပြောင်းလဲဖို့  လိုတယ်၊   ပြောင်းလဲသွားအောင် မြန်မာ အစိုးရအနေနဲ့ ဖိအား ပေးဖို့ လိုပါတယ်” ဟုပြောသည်။
မြန်မာအလုပ်သမားများ အနေဖြင့် အလုပ်သမားရေးရာ လုပ်ကိုင်နေကြသည့် နိုင်ငံတကာနှင့် မြန်မာအဖွဲ့ အစည်းများနှင့် နီးနီးစပ်စပ် နေထိုင်သင့်ကြောင်း၊ မိမိကိုင်ဆောင်ထားသည့် နေထိုင်ခွင့် စာရွက်စာတမ်း၏ အချက်အလက်များနှင့် ထိုင်းတွင် ပြဌာန်းထားသည့် ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ ဥပဒေများအား လေ့လာထားသင့်ကြောင်း အဖွဲ့အစည်းများမှ ထုတ်ဝေသည့် စာရွက်စာတမ်းများ အား လေ့လားသင့်ကြောင်း ဦးထူးချစ်က အကြံပြု ပြောဆိုသည်။
ကိုယ်တိုင်သွားရောက် ကူညီပေးသည့် BAT အဖွဲ့ တာဝန်ခံ ဦးကျော်သောင်းက“ အလုပ်သမားတွေကို
အလုပ်ခိုင်းတဲ့ လုပ်ငန်းရှင်က တော့ ဘာမှမဖြစ်ဘူး။ အလုပ်ရှင် ပြောင်းမထားဘူးဆိုတဲ့ အကြောင်းပြချက်
နဲ့ ကျနော်တို့ မြန်မာအလုပ်သမားတွေကို ထောင်ချတယ်။ ပြီးတော့ နယ်စပ်ကိုပြန်ပို့မယ်၊ အလုပ်သမားတွေမှာ အကုန်ုအကျခံပြီး    လုပ်ထားတဲ့ နေထိုင်ခွင့် စာရွက်စာတမ်းတွေ ကိုရုပ်သိမ်းခံရမယ်။ ဆိုတော့ ထိုင်းအလုပ်သမား ဥပဒေက ကျနော်တို့ မြန်မာအလုပ်သမားတွေကို နည်းလမ်းပေါင်းစုံနဲ့ ချုပ်ကိုင်ထားတာဖြစ်တယ်” ဟုပြောသည်။
 စာရွက်စာတမ်းများ တရားဝင် ပြောင်းရွှေ့ခြင်းမှာ အလုပ်သမားများ ကိုယ်တိုင်လုပ်၍ ရသည့် ကိစ္စ မဟုတ်ကြောင်း၊ တရားဝင်စာရွက်စာတမ်းများ ရုတ်သိမ်းခံပြီးနောက် အလုပ်သမားများမှာ လူပွဲစားများနှင့် နိုင်ငံအတွင်းသို့ ထပ်မံဝင်ရောက်လာမည်ဖြစ်သဖြင့် လူကုန်ကူးမှုကို အားပေးရာ ရောက်ကြောင်း၊ ဤအဖြစ်အပျက်များအာ မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့  သို့လည်း အကူအညီ တောင်းခံသွားမည် ဖြစ်ကြောင်း ဦးကျော်သောင်းက ဆက်လက်ပြောဆိုသည်။