02 June 2012

သားသတ်လိုင်စင်ကြောင့် ခိုင်းနွားမျိုး မျိုးသုဉ်းနိုင်


ညီလတ်      လှည်းကူး      မေ ၂၉
           ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်၊   ဖောင်ကြီးကျေးရွာဝန်းကျင်ရှိအမဲသား လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိထားသူများသည်
စည်ပင်သာယာရေးဌာနက ချမျတ်ထားသော အမဲသားသတ်လိုင်စင် စည်းကမ်းချက်များကို
မလိုက်နာဘဲ ကျွဲနွားများကို စည်းကမ်းမဲ့ သတ်ဖြတ်နေသောကြောင့်လယ်ယာလုပ်ငန်း ခွင်သုံး ခိုင်းကျွဲ၊ ခိုင်းနွားများမျိုးသုဉ်းလာနိုင်ကြောင်း သိရ သည်။
             သားသတ်လိုင်စင်ရသူများသည် မသတ်သင့်သော ကျွဲနွားများကို သတ်ဖြတ်ခြင်း၊လိုင်စင်စည်းကမ်း  အရ နယ်မြေအလိုက်သတ်မှတ်ရက်တွင် သတ်မှတ်ကောင်ရေသာသတ်ခွင့်ရှိသော်လည်း  အချို့ဒေသများ တွင် တစ်နေ့တည်း ကောင်ရေများစွာသတ်ဖြတ်နေကြခြင်းသည် ဆင်ခြင်သင့်သော လုပ်ရပ်ဖြစ်သည်။
ထို့အပြင် အချို့သော အမဲသားသတ်လုပ်ငန်းရှင်များသည် တရားဝင်လိုင်စင်မရှိဘဲအခြားနယ်မြေလိုင်စင်များ ကို အကာအကွယ်ပြုကာ ပြည်သူအများစားသုံးရန်မသင့်လျော်သည့် ဘေးဥပါဒ်ဖြစ်စေနိုင်သောကျွဲနွားများ အား သတ်ဖြတ်ရောင်းချနေခြင်း၊ ဇီးရှိသောကျွဲနွားများအားသတ်ဖြတ်ခြင်း၊ ငယ်ရွယ်နုပျိုသော
နို့စိုအရွယ်ကျွဲနွားများနှင့် နို့တိုက်မိခင် ကျွဲနွားအကြီး၊အသေးတို့ကို ထင်သလို သတ်ဖြတ်နေခြင်းကြောင့် လယ်ယာလုပ်ငန်းသုံးကျွဲနွားများမျိုးသုဉ်းလာနိုင်သည့်အပြင် သားသတ်လုပ်ငန်းများကို ရပ်ကွက်ကျေးရွာ အတွင်း တရားမ၀င် ပြုလုပ်နေကြခြင်းကြောင့် ပြည်သူလူထုစိတ်အနှောက်အယှက် ဖြစ်နေကြရကြောင်း  သိရသည်။
            အမဲသားသတ်လုပ်ငန်းရှင်များသည် ကျွဲနွားများကို သတ်ဖြတ်ရာတွင်စည်ပင်သာယာရေးဌာန က ချမှတ်ထားသော စည်းကမ်းများကို မလိုက်နာဘဲ သတ်ဖြတ်မည့်ကျွဲနွားများအား တိမွေးကု ဌာနတွင် ရောဂါ စစ်ဆေးစေမှု မရှိခြင်း၊သတ်ဖြတ်မည့် ကျွဲနွားများသည် ခိုးရာပါ မဟုတ်ကြောင်းသက်ဆိုင်ရာရဲစခန်း တွင် စစ်ဆေးခံမှု မပြုကြခြင်း၊ လိုင်စင်စည်းကမ်းချက်အရမသတ်ဖြတ်သင့်သော ကျွဲနွားများကို သတ်ဖြတ်နေခြင်း စသော ပစ်မှုများကိုကျူးလွန်လျက်ရှိကြောင်း သိရသည်။