02 February 2017

“အလုပ်သမားများနစ်နာမှုနှင့်အေဂျင်စီအကျိုးစီးပွားထိခိုက်မှုကြောင့် အ.လ.ည ကိုတရားစွဲမည်ဟုဆို”




၂၀၁၇ ဖေဖေါ်ဝါရီလ ၂ ရက်
ရွှေလုပ်သား

         အသက်အာမခံနှင့်ဆင်းကဒ်တရားမ၀င် ရောင်းချမှုအတွက် တရားစွဲဆိုသည့်အမှုကိစ္စ တစ်ခုတွင် သက်သေအဖြစ် ထွက်ဆိုမည့်လူထိပ်မိုးကုမ္ပဏီအား အလညမှ အလုပ်သမားတင်ပို့ ခွင့်ပိတ်လိုက်သဖြင့် ရာချီသည့်အလုပ်သမားများ အခက်အခဲကြုံနေကြကြောင်းသိရှိရသည်။


       ရန်ကုန်မြို့ မြောက်ဒဂုံ ၄၁ ရပ်ကွက်တွင် ရှိသော လူထိပ်မိုး အေဂျင်စီ ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် အဆင်သင့်ဖြစ်နေကြသည့် မြန်မာအလုပ်သမား ၂၉၀ ဦးနှင့် မလေးရှားနိုင်ငံသို့ သွားကြ မည့် အလုပ်သမား ၅၀ ဦးတို့ ထွက်ခွာခွင့်အား အလုပ်သမားညွန် ကြားရေးဦးစီးဌာနမှ ပိတ်ပင်ထားကြောင်း ယမန်နေ့က အဆိုပါရုံးတွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကိုကျင်းပခဲ့ပါသည်။

           မလေးရှားနိုင်ငံသို့အလုပ်သမား၅၀ဦးတင်ပို့ခွင့်ကို ၈.၁၀.၂၀၁၆ နေ့က ပိတ်ပင်ခဲ့ပြီး၊ ထိုင်းနိုင်ငံသို့မူ  ၂၀.၁.၂၀၁၇ နေ့က ပိတ်ပင်တားမြစ်ခဲ့ခြင်းဖြစ်သည်။ ထို့သို့ လူထိပ်ကုမ္ပဏီ အား အကြောင်းပြချက်မခိုင်လုံပဲ အလည မှ အလုပ်သမားတင်ပို့ခွင့်ပိတ်ပင်ခြင်းမှာ ၂၀၁၆.ခု
 အောက်တိုဘာလ (၇) ရက်နေ့က ဘန်ကောက်အခြေစိုက် အလုပ်သမားနှင့် လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သည့် MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ထိုင်းနှင့် မလေးရှားနိုင်ငံ ထုတ် ဖုန်းဆင်းမ်ကဒ် နှင့် အသက်အာမခံတို့ကို တရားမ၀င်ရောင်းချခြင်းတို့ကို တရားစွဲဆိုထား သည့်အမှုတွင် သက်သေအဖြစ် ထွက်ဆိုမည်ဖြစ်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း လူထိပ်မိုးကုမ္ပဏီ ဒါရိုက်တာ ဦးကျော်ဇင် ကပြောသည်။

       လူထိပ်မိုးကုမ္ပဏီအား  အစဦးက ၁၇ -၁၁-၂၀၁၆ နေ့က လက်မှတ်ထိုးပြီးရက် ၅၀အကြာ တွင်ပြန်ဖွင့် ပေးခဲ့ပြီ။ ၂၀.၁.၂၀၁၇ နေ့ တွင် ယာယီပိတ်သိမ်းကြောင်း နေပြည်တော် အ.လ.ည ညွန်ကြားရေးမှူးချုပ်ရုံးမှ ဖုန်းဖြင့် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ 

       “ဒီလိုမျိုးအခြားကုမ္ပဏီတွေ ယာယီအပြစ်ရှိလို့ ပိတ်တာတောင် ပညာ - ကျမ္မာ ကျပြီး အလုပ်ခေါ်စာတွေကို ခွင့် ပြုခဲ့တယ်။ လူထိပ်မိုးကျတော့ခွင့်မပြုဘူး ယာယီရပ်ဆိုင်းတယ်လို့ဆို တယ်။ ထိုင်းတင်မက မလေးရှားသွားမဲ့ လုပ်သားတွေပါစေလွှတ်ခွင့်ပိတ်တယ်။ ဒါပေမယ့် အတွင်းဝန်ကြီးက ဒီလောက်သဘောထားသးမယ်လို့တော့ ကျနော်မထင်ပါဘူး။ ဒါပေမယ့် အကြောင်းပြချက်အခိုင်အလုံမရှိပဲ ကုမ္ပဏီကိုပိတ်တယ်ဆိုတော့ ဦးကျော်သောင်း အမှုဖွင့်တဲ့ ကိစ္စမှာ ကျနော် သက်သေထွက်ဆိုဖို့ ပြင်နေတာကြောင့်လားလို့လည်း သံသယတော့ဖြစ်မိ တယ်” ဟုပြောသည်။

       အလုပ်သမားများအား ငွေပြန်ပေးမည်ဖြစ်ပြီး၊ နည်းလမ်းမကျပဲ ကုမ္ပဏီကိုပိတ်ခြင်းအား ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဦးကျော်ဇင် ကပြောသည်။ 
 
        ပြည်ပကိုထွက်ခွာရန် ငွေကြေးများချေးငှါး၍ ပြင်ဆင်နေခဲ့ကြသည့် အလုပ်သမားများက မိမိနေရပ်ကို မပြန်ရဲကြတော့ကြောင်း၊ ထွက်ရသည်အထိ ရန်ကုန်တွင် ကြုံရာ ကျဘမ်းလုပ်ကိုင် စားနေကြကြောင်း မြန်မာ သတင်းမီဒီယာများတွင်အင်တာဗျူးဖြေဆိုထားချက်များအရသိရသည်။

       ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့သည် မလေးရှားနိုင်ငံထုတ် Tone Plus ဆင်းမ်ကဒ်၊ ထိုင်းနိုင်ငံထုတ် မင်္ဂလာပါဆင်းမ်ကဒ်နှင့် အသက် အာမခံရောင်းဝယ်မှုတို့ကို တရားမ၀င် လုပ်ကိုင်ခွင့်ပြုခဲ့ကြသည့် အလုပ်သမားဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန်၊ မြန်မာပြည်ပ အလုပ်အကိုင်ရှာဖွရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF ဥက္ကဌ၊ ဒုဥက္ကဌ နှင့် အထွေထွေအတွင်းရေးမှူး ဆိုသူတို့ကို၂၀၁၆ခုနှစ် အောက်တိုဘာလ(၇) ရက်နေ့ က ဒဂုံမြို့သစ်(မြောက်ပိုင်း) ရဲစခန်းတွင် ပ/၁၆၄၆ ဆက်သွယ်ရေးပုဒ်မ ( ၆၅ ) ဖြင့် လည်းေ ကာင်း ပ/ ၁၆၄၅ မြန်မာ့အာမခံ လုပ်ငန်းဥပဒေပုဒ်မ (၂၅ ) ဖြင့်လည်းကောင်းအမှုဖွင့် တိုင်ကြား ထားခဲ့သည်။ 

        မြောက်ဒဂုံရဲစခန်းအမှုဖွင့်ပြီး၃လကျော်ကြာ၂၀၁၇ခုဇန်န၀ါရီလ၁၁ရက်နေ့မှာမှ  မြောက် ဒဂုံမြို့နယ် ဥပဒေအရာရှိ ထံသို့တင်ပို့ခဲ့သည်။ ထိုမှတစ်ဆင့် ခရိုင်ဥပဒေအရာရှိထံသို့ တင်ပြရ အုံးမည်ဖြစ်ကြောင်း ဦးကျော်သောင်း ၏ အကျိုးဆောင်ရှေ့နေက ပြောသည်။  

      တရားဝင်ကုမ္ပဏီမှတ်ပုံတင်ထားခြင်းမရှိပဲ လုပ်ကိုင်ခွင့်ကိုအကြောင်းပြု၍ ပြည်ပကို ထွက် ခွာအလုပ်လုပ်ကြမည့် မြန်မာအလုပ်သမားများအပေါ် ခေါင်းပုံဖြတ်စီးပွားရှာခြင်းကို ခိုင်မာသည့် အချက်အလက်များဖြင့်တရား စွဲဆိုထားခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၇) ရက်   နေ့ကတည်းက အမှုဖွင့်ထားတဲ့အမှု၊ ရဲစခန်းမှာ ၃လအချိန်ကြာခဲ့ပြီ၊ ဥပဒေအရာရှိထံတွင် မည်မျှ ကြာမြင့်ပြီး အမှုတွဲ တရားရုံးတော်ပေါ်သို့ ဘယ်လောက် အကြာတွင် ရောက်ရှိမည်ကို အားလုံးကစောင့်ကြည့်နေကြသည်။ 

         ဤ မသာမာမှုကြီးသည် မြန်မာအလုပ်သမားဝန်ကြီးဌာန နှင့်ဆက်စပ်သည့် ဖြစ်ရပ်ဖြစ် သဖြင့် လူထုရွေးချယ်တင်မြှောက်ထားသည့် NLD အစိုးရသစ် လက်ထက် မြန်မာနိုင်ငံ၏ တရားစီရင်ရေးကို စမ်းသပ်ထားခြင်းလည်းဖြစ်သည်။

      သက်သေထွက်ဆိုမည့်သူတစ်ဦးကို စီးပွားပျက်အောင်ပညာပြရုံသာ မက ပြည်ပကို ထွက် ခွာအလုပ်လုပ်ကြမည့် ရာချီရှိသည့် အလုပ်သမားများ၏ နစ်နာမှုများအတွက် စိတ်မကောင်းဖြစ် ရကြောင်း MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ကပြောသည်။