16 December 2014

လိပ်ကျွန်းအမှု သက်သေထွက်ဆိုမည့် မြန်မာများ လုံခြုံရေးကြောင့် အခက်တွေ့နေ



ထိုင်းတောင်ပိုင်း စူရဌာနီခရိုင် လိပ်ကျွန်း လူသတ်မှုတွင် တရားခံအဖြစ် စွပ်စွဲခံထားရသူ မြန်မာနှစ်ဦးဖက် မှသက်သေထွက်ဆိုမည့် အခြားသော မြန်မာနိုင်ငံသား ၈ ဦးက ၎င်းတို့၏ လုံခြုံရေးအာမခံချက် မရှိ၍ အခက်တွေ့နေသည်ဟု ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံး အထူးအဖွဲ့ ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္ဈိမကိုပြောသည်။

"သူတို့ဆီက ပြောပြချက်တွေ အားလုံးကြားပြီးသွားပြီဆိုပေမယ့် တရားရုံးမှာထွက်ဆိုဖို့ကို မလိုက် ရဲ ကြ ဘူး ဖြစ်နေတယ်။ ဘယ်သူကကျည်ဆံထဲ ခေါင်းဝင်တိုးရဲမလဲ။ အဲဒီကိစ္စအတွက် သံအမတ်ကြီးနဲ့ တိုင်ပင်ပြီး အစိုးရချင်း လုပ်ပေးဖို့ပြာမယ်"ဟု ၎င်းကဆိုသည်။

ကော့တောင် (ခိုတောင်) ကျွန်းနေ သက်သေ ၈ ဦးက ၎င်းတို့၏ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုများရှိနေခြင်း၊ ရွှေ့ပြောင်းလုပ်သားအဖြစ် လာရောက် လုပ်ကိုင်နေရခြင်းတို့ကြောင့် တရားရုံးတွင် သက်သေအဖြစ် လိုက်ပါထွက် ဆိုရန် ခက်ခဲနေခြင်းဖြစ်သည် ဟုပြောသည်။

လူသတ်မှုအတွက် ချေပနိုင်ရန် ကော့တောင်မှ မြန်မာ ၈ဦးနှင့် ထားဝယ်သို့ ပြန်လည်ရောက်ရှိနေသည့် မြန်မာ ၇ဦးတို့၏ ထွက်ဆိုချက်များကိုစုဆောင်းထားပြီးယင်းတို့၏ အမည်များကိုမူ အတိအကျ ထုတ်ဖော်ပြော ဆိုနိုင်မည် မဟုတ်ဟုဦးအောင်မျိုးသန့်က ဆိုသည်။ လူသက်သေအပြင်အခြား ပစ္စည်းသက်သေများကိုလည်း မြန်မာသံရုံးအဖွဲ့က စုဆောင်းထားပြီးဖြစ်သည်ဟု မဇ္ဈိမကို အသိပးသည်။

ထိုသို့သော အခက်အခဲများကို နှစ်နိုင်ငံ အစိုးရအချင်းချင်း ဆက်သွယ်မှုမှတစ်ဆင့် သက်သေများ၏ လုံခြုံရေးကို အာမခံနိုင်သည်အထိဆောင်ရွက်ပးရန် လိုအပ်မည်ဟု ဦးအောင်မျိုးသန့်က သုံးသပ်သည်။

ကော့တောင်ကျွန်း လူသတ်မှုတွင် သေဆုံးခဲ့ရသည့် ဒေးဗစ်နှင့် ဟန်နာတို့၏ မိသားစုင်များကလည်း လူသတ်မှုနှင့် ပက်သက်ပြီး ကျူးလွန်ခဲ့သည့် အထောက်အထားများကို အခိုင်အမာရရှိထားသည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ လူသတ်မှုကို ကျူးလွန်သူများအဖြစ် ကြေညာကာ ပုဒ်မ ၇ ခုဖြင့် တရားစွဲ
ဆိုခံထားရသော ကိုဇော်လင်းဦးနှင့် ကိုဝင်းဇော်ထွန်းတို့ကတရားဥပဒေစိုးမိုးရေး
နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သို့ စာပေးပို့
အကူအညီတောင်းထားသော်လည်း သက်သေ အထောက်အထား အချက်
အလက်များ ပါဝင်ခြင်းမရှိသည့်အတွက် ကူညီဆောင်ရွက်ပေးရန် အခက်အခဲ
ရှိသည်ဟု ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

"အဲဒီကို အထောက်အထားတွေ ပို့တာတို့ ဘာတို့တော့ လုပ်ဦးမှာ မဟုတ်ပါဘူး။
ဒီဖက်ကနေပဲ လုပ်သင့်တာတွေကို ဆက်လုပ်မှာပါ" ဟု ဦးအောင်မျိုးသန့် က
ဆိုသည်။

ကော့တောင်ကျွန်း လူသတ်မှုကို စစ်ဆေးရန် ဒီဇင်ဘာ ၄ ရက်တွင် ထိုင်းတရားရုံးက လက်ခံခဲ့ပြီး ပထမဆုံး အမှုရုံးချိန်းကို ဒီဇင်ဘာ ၈ ရက်တွင် စတင်ခဲ့ကာ ဒုတိယရုံးချိန်း အဖြစ် တရားလိုပြသက်သေများ စစ်ဆေးခြင်းကို ဒီဇင်ဘာ ၂၆ ရက်တွင်ပြုလုပ်မည်ဖြစ်သည်။

သတင်း-မဇ္ဈိမ