12 December 2014

ဘတ်ကတ် (ပန်းရောင်ကတ်)ကိုင်ထားသူများ ဖမ်းဆီးခံရပါက ၁၁၇၈ သို့တိုင်ကြားနိုင်


မြန်မာ-ထိုင်း ရွှေ့ပြောင်းလုပ်သားများအရေး ကျွမ်းကျင်သူများအစည်းအဝေးကို ၁၁-၁၂-၂၀၁၄ ရက်နဲ့ ၁၂-၁၂-၂၀၁၄ ရက်များက နေပြည်တော်မှာ ပြုလုပ်ခဲ့သည်။

ထိုင်းဘက်မှ Department of Employment ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Terapol Koonmuang ဦးဆောင်သောကိုယ်စားအဖွဲ့တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ဘတ်ကတ်ဖြင့်သွားလာသူများ အဖမ်းခံရခြင်းနှင့်ပတ်သက်၍ Royal Thai Police, Immigration Bureau ၏ Deputy Commander Pol.Col. Manud Sriwongsa က နိုင်ငံသားစိစစ်ရေးအတွက် လိုအပ်သော အထောက်အထားရယူရန် ဘတ်ကတ်ကိုင်ဆောင်လျက် နယ်စပ်သို့သွားလာခြင်းအတွက် မဖမ်းဆီးရန် ထိုင်းလ၀ကဗျူရိုမှ ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း၊ အကယ်၍ ဖမ်းဆီးမှုများရှိပါက လ၀ကဗျူရို၏ Hot Line ဖုန်း ၁၁၇၈ သို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ပြောကြားသည်။


ထိုင်းနိုင်ငံတွင်းတရားမ၀င်ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသူများအား တရားဝင်ပြန်လည်လွှဲပြောင်းပေး ရန် မြန်မာဘက်မှထပ်မံတောင်းဆိုခဲ့သည်။ ထိုင်းဘက်ကလည်း တရားမ၀င်လွှဲပြောင်းခြင်း မရှိကြောင်းပြော ကြားသဖြင့် မိမိအနေဖြင့် သတင်းအချက်အလက်များရရှိက ပေးပို့မည်ဖြစ်ကြောင်း၊ အရေးယူဆောင် ရွက်ပေး ရန် တောင်းဆိုခဲ့ရာ ထိုင်းကသဘောတူညီခဲ့ပါသည်။ သို့ဖြစ်ရာ မှန်ကန်သောသတင်း အချက် အလက်များ ပံ့ပိုးပေးစေလိုပါသည်။

အစည်းအဝေးတွင် ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများ နိုင်ငံသားအတည်ပြုရေးအတွက် အဓိက ထားဆွေးနွေး ခဲ့ကြသည်။ နိုင်ငံသားအတည်ပြုပြီးမှသာ လုံခြုံစိတ်ချရသော အခြေအနေကို ရောက်နိုင် မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားအတည်ပြုရေးအတွက် ဖြည့်စွက်ရန်လိုအပ်သော ကိုယ်ရေးအချက် များအား ကြိုတင်ပြင်ဆင်ထားရန် အကြံပြုအပ်ပါသည်။အစည်းအဝေး ဆွေးနွေးချက်များနှင့် ပတ်သက်၍ နှစ်နိုင်ငံမှ တာဝန်ရှိသူများက သတင်းထုတ်ပြန်သွားကြမည်ဖြစ်သည်။

ကဖိုးသီ
၁၂-၁၂-၂၀၁၄/ ၀၉၂၀
(အစည်းအဝေးတွင် မြန်မာနိုင်ငံသားဖမ်းဆီးခံရမှုများနှင့်ပတ်သက်၍ မိမိ၏ မေးမြန်းချက်အား ထိုင်းလ၀ကမှဖြေကြားခြင်းဖြစ်ပါသည်။ ကျန်အချက်များအား သက်ဆိုင်ရာ ဌာနများမှ သတင်းထုတ်ပြန်ပါမည်။ ယခုသတင်းအချက်အလက်အား ကဖိုးသီအနေဖြင့် ဖလှယ်ခြင်းဖြစ်ပါသည်။)