11 August 2015

ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင် လျက်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ လွတ်လပ်စွာ အလုပ်ပြောင်းရွှေ့ ခွင့်ရရှိမည်


11 August 2015 
ကော့သောင်း သြဂုတ် ၁ဝ
ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင် လျက်ရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား လွတ်လပ်စွာ ကုမ္ပဏီ (အလုပ်ရှင်) ရွှေ့ပြောင်း လုပ်ကိုင်ခွင့်ကို သြဂုတ် ၁၂ ရက်မှ စတင်ရရှိမည်
 ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားသည် ထိုင်းနိုင်ငံ၏ ယခင်အလုပ်သမားဥပဒေအရ အလုပ်သမားတစ်ဦးသည် လက်ရှိလုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီ ပိုင်ရှင်ဖြစ်သူ (သူဌေး) ခွင့်ပြုချက် (ဘိုင်ကျန့်အော့) ခေါ် အလုပ်ပြောင်းရွှေ့ခွင့် သူဌေးပြောင်း လက်မှတ် ရရှိမှသာ အလုပ်အကိုင် ပြောင်းရွှေ့ လုပ်ကိုင်ခွင့်ပြုကြောင်း ပြဋ္ဌာန်းထားသည်။


ယင်းသို့ ပြဋ္ဌာန်းမှုကြောင့် လစာပိုမိုရရှိ အဆင်ပြေမည့် အလုပ်အကိုင်အသစ်သို့ ပြောင်းရွှေ့ လုပ်ကိုင် ရာတွင် လက်ရှိအလုပ်ရှင်၏ တားဆီးမှုများမှာ အခက်အခဲတစ်ခုအဖြစ် ရင်ဆိုင်နေကြရခြင်းကြောင့် ယခု သြဂုတ် ၁၂ ရက်မှ စမွတ်ဆာခွန်ခရိုင် မဟာချိုင်နယ်မှ စတင်စမ်းသပ်ခြင်းဖြစ်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံအတွင်း လာရောက်လုပ်ကိုင် လျက်ရှိသည့်
 ရွှေ့ပြောင်းအလုပ်သမားများ လွတ်လပ်စွာအလုပ်ရှင် ပြောင်းရွှေ့လုပ်ကိုင်ခွင့်ဥပဒေအသစ်ကို ပြဋ္ဌာန်း၍ ကျင့်သုံးမည်ဖြစ်ရာ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားများက အဆိုပါဥပဒေသစ်အား ကြိုဆိုကြသည်။

ကျော်စိုး(ကော့သောင်းပြန်/ဆက်)
The Mirror Daily