08 August 2015

“စွန်ပစ်ခံအလုပ်သမားမိသားစုအားမြန်မာပြည်သို့ပြန်လည်ပို့ဆောင်”

                
၂၀၁၅ ခုသြဂုတ် ၈

ကိုတီး+ခွန်+လွမ်း

           ကြံခင်းလုပ်ငန်းရှင်က ထိုင်းမြန်မာနယ်စပ် တောထဲတွင်စွန့် ပစ်ခဲ့သည့် အလုပ်သမားမိသားစုအား မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် MAT က  မြ၀တီမြို့သို့ သွားရောက်ပို့ဆောင်ပေး ကြောင်းသိရသည်။

                 ကားတိုက်သေဆုံးခဲ့ရသည့်သားငယ်၂ဦးအတွက်အကူညီတောင်းခံမှုကြောင့်  ကြံခင်းလုပ်ငန်းရှင် က  တောထဲတွင် စွန်ပစ်ခံထားသည့် မိသားစုဝင် ၁၁ ဦးတို့အား ၂၀၁၅ ခု  မတ်လ ၂၆ ရက်နေ့က  မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင် MAT က မြန်မာသံရုံး၏ စီစဉ်မှုဖြင့် ဒေသခံ ထိုင်းအာဏာ ပိုင်များနှင့်အတူ ရှာဖွေကယ်တင်ခဲ့ပါသည်။

           ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နေ ဦးအခက် ၅၅နှစ်၊ ဇနီးဒေါ်ငွေစိန် ၄၅နှစ် မောင်အဖွိုင် ၁၃နှစ်၊ မောင်အထင့်  ၉နှစ်၊ မအဒေါင်  ၆နှစ် နှင့် မောင်ရန်တောင် ၃နှစ် ဟူသည့် မွန်တိုင်းရင်း သား မိသားစုများ ဖြစ်ကြသည်။ ၎င်းတို့သည် ဧပြီလကတည်းက  နယ်ရပ်သို့အပြီးပြန်သွားခဲ့ပြီးဖြစ်ပါသည်။

           ယနေပြန်ပို့သည့် မိသားစုမှာ ဧရာဝတီတိုင်း လပွတာမြို့နယ်၊ ပြင်စလူအုပ်စု ကုန်းကြီးရွာမှ ဦးကျော်ကျော် ၄၂နှစ်၊ ဇနီးဒေါ်မိုးမိုး  ၃၇နှစ်၊   မ၀တ်မှုံ ၁၀နှစ်၊  မ၀တ်ရည် ၆နှစ်၊ မွေးကင်း စမိန်းကလေး ၄လအရွယ် မမက် ဟူသည့် ဗမာမိသားစုဖြစ်ပါသည်။

ပြန်ပို့သည့် ကိုကျော်ကျော် က “ MAT အဖွဲ့ရုံးမှာ ကျနော်တို့မိသားစု၂လလောက် ထိုင်စားနေခဲ့ပါတယ်။ အစစ အရာရာ လိုလေသေးမရှိအောင် ကျွေးမွေးကြပါတယ်။ ဇွန်လကစပြီး ကျနော် အလုပ်လုပ်တယ်။ အမှုလည်း အဆင်မပြေ၊ ကျနော်တစ်ယောက်တည်းလုပ်လို့ အခန်းခနဲ့စားစရိတ်နဲ့ ဘယ်လိုမှ ရပ်တည်လို့မရနိုင်တော့ တာကြောင့် ကိုယ့်ဒေသကိုပြန်သွားတာပါ။ MAT ရုံးမှာ နေ့တိုင်းအလုပ်သမားပြဿနာတွေ အမြောက်အမြား ဖြေရှင်းပေးနေတာကိုတွေ့ခဲ့ရပါတယ်။ MAT လို့အဖွဲ့မျိုး ထိုင်းမှာရှိနေတာ ကျနော်တို့ မြန်မာအလုပ်သမားတွေ အတွက် အားကိုးရာတစ်ခုပါပဲ။ MAT အဖွဲ့နဲ့ မြန်မာသံရုံးကို ကျေးဇူးတင်ပါတယ်ဗျ”ဟုပြောသည်။

          ပြီးခဲ့သည့် ၁၃၊ ၁၊ ၂၀၁၅ နေ့က ဦးကျော်ကျော် နှင့်   ဒေါ်မိုးမိုး တို့၏သားကြီ   အသက် ၁၅နှစ်အရွယ် ထက်ကို အောင် (ခ) ခိုင် နှင့် ဦးအခက် နှင့်ဒေါ်ငွေစိန် တို့၏သား ထူး တို့အား ကြံခင်းပိုင်ရှင်၏ ယောင်းမ   ဖြစ်သူက အလုပ်မှ ပြန်လာသော သူမ၏သားအား ကြိုရန်ခိုင်းစေခဲ့ရာတွင် ကားတိုက်ခံခဲ့ရခြင်းဖြစ်သည်။

        
  ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“အသက်သေဆုံးသွားခဲ့တဲ့ ကလေးတွေအတွက် နစ်နာမှု တစ်စုံတစ်ရာရနိုင်မလားလို့ ကျနော်တို့ကြိုးစားကြည့် ခဲ့ပါတယ်။ နံပါတ်တစ်က ဘန်ကောက်နဲ့ ဝေးကွာလွန်းတဲ့ နေရာမှာဖြစ်နေတယ်။ နံပါတ်(၂) ကအဲဒီအမှုကို လိုက်ဖို့ ရှေ့နေငှါးလို့မရတာရယ်ကြောင့် ဘာမှမရနိုင်ဖြစ်သွားပါတယ်။ ကျနော်တို့ အဲဒီနယ်မြေ ရဲစခန်းကို တကူး တက ၂ခေါက်တိုင်တိုင်သွားရောက်ခဲ့ပါတယ်၊ ဒီမိသားစုကို ကျနော်တို့ တတ်နိုင်သမျှ ကျွေးမွေး စောင့်ရှောက်ခဲ့ ပေးခဲ့ပါတယ်” ဟုပြောသည်။

        မြ၀တီလူကုန်တားမှ တစ်ဆင့် နေရပ်ရင်းသို့ ယနေ့ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။