08 August 2015

“ကွန်ကရစ်ဓါတ်တိုင် ထုတ်လုပ်သည့်အလုပ်သမားများက ရခိုင်ရေဘေးသို့ဆေးပြားလှူ”


၂၀၁၅ ခု သြဂုတ်လ ၈ ရက်          မင်းဘခက်

    ရေဘေးသင့်ဒဏ်အပြင်းထန်ဆုံးခံခဲ့ရပြီးအသေအပျောက်နှင့်အပျက်အစီးအများဆုံးဖြစ်သောရခိုင်ပြည်နယ်
 ပြန်လည်ထူထောင်ရေးအတွက် တတတ်တအား ကူညီဆောင်ရွက်ရွက်စီစဉ်နေသော ထိုင်းနိုင်ငံရောက်
 မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ကွန်ကရစ်လုပ်ငန်းမှ မြန်မာအလုပ်သမား တို့က ရေသန့်ဆေးပြားနှင့် အ၀တ်အထည်၂အိတ်တို့အား လှူဒါန်းခဲ့သည်။

       မသူဇာက“ သမီးတို့က ဖုန်းနဲ့ ဖေးဘွတ်သုံးရတယ်။ သမီးတို့တတ်နိုင်သမျှ ရခိုင်ရေဘေးကိုကူညီမယ် ဆိုပြီး ရွေးချယ်ခဲ့တယ်” ဟုပြောသည်။

     ယနေ့ လှူဒါန်းကြသည့် အလုပ်သမားများသည် နကပထုန်နယ်မြေ၊ ကန်ပဆယ်မြို့နယ်၊ ဒွန်ထောင်း ရပ်ကွက် CPM ကုမ္ပဏီ ဆောင်းခေ ကွန်ကရစ်တိုင် များထုတ်လုပ်သည့် အလုပ်ရုံမှ မြန်မာအလုပ်သမား ၁၈ဦးက ရခိုင်ဒေသ ရေတွင်းရေကန်များပြန်လည် သန့်ရှင်းရန်အတွက်ရေသန့်ဆေးပြားများဝယ်ယူရန် ဘတ်ငွေ ၃,၇၀၀ အားပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။


            ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့ ဒါရိုက်တာ  ဦးကျော်သောင်း က“ အပျက်အစီးတွေ ဘေးဒုက္ခတွေ တစ်နိုင်ငံလုံးနီးပါးဖြစ်သွားတာ။ အလွန်ကြီးမားပါတယ်။ ဒီအထဲမှာ အဆင်းရဲဆုံး ဖွံ့ဖြိုးမှုအနည်းဆုံးလို့သတ်မှတ်ထားတဲ့ ရခိုင်မှာက လူလည်းအသေဆုံး၊ ပျက်စီး ဆုံးရှုံး မှုတွေလည်းအများဆုံးဖြစ်နေတယ်။ ကျနော်အဓိကစုဆောင်း ပြင်ဆင်နေတာ ကတော့  ရခိုင်ဒေသမှာ ယနေ့ အထိလူတိုင်းလူတိုင်းဟာ ရေတွင်းရေကန်ကရေ တွေကိုပဲ သောက်သုံးနေရဆဲဖြစ်ပါတယ်။ ရေတွေပြန်ကျ သွားတဲ့အခါ ရေတွေအကုန်လုံးညစ်ပတ်နေမှာပါ။ အဲဒါကြောင့် ကျနော်ဟာ ငွေကြေးတတ်နိုင်သူတွေ ဆီက ရေစုတ်စက် အလှူခံထားတယ်။ ဘယ်နှစ်လုံးရမလဲတော့ အတိအကျမပြောနိုင်သေးဘူး ။ လောလော ဆယ်တော့ ၂လုံးရထားပြီး နောက် ၃လုံးရဖို့အတွက်စောင့်နေတာပါ၊ ရသလောက်စက်တွေနဲ့ ကျနော် တတ်နိုင်သမျှ သွားရောက် သန့်ရှင်းပေးဖို့ပါ” ဟုပြောသည်။


       ရခိုင်ပြည်နယ်တွင် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တောနှင့် ပုဏ္ဏားကျွန်း မြို့နယ်များသည် ရေဘေးဒဏ် အဆိုးဝါးဆုံးခံခဲ့ရသည့် မြို့နယ်များ ဖြစ်ပြီး ယင်းမြို့နယ်များ အနက် မြို့နယ် ၅ ခုကို သဘာဝ ဘေးအန္တရာယ် ကျရောက်သည့် နယ်မြေအဖြစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သတ်မှတ်ထားသည်။

    ရခိုင်ပြည်နယ်တ၀န်း ဖြစ်ပွားခဲ့သည့် ရေလွှမ်းမိုးမှုများကြောင့် လူ ၅၉ ဦး သေဆုံးခဲ့ရပြီး စပါးစိုက်ပျိုးမြေ ဧက သိန်းချီ၍ ပျက်စီးသွားသည့်အပြင် ကျွဲ၊ နွား စသည့် တိရိစ္ဆာန်များ ၈,၀၀၀ ထောင်ကျော် လူနေအိမ်ခြေ ၁ သောင်းကျော် ပျက်စီးခဲ့ရပြီး လူဦးရေ ၈ သောင်းကျော် စာသင်ကျောင်းပေါင်း ၃၀၀ ကျော်၊ ဘုန်းတော်ကြီးကျောင်း ၁၅၀ ၀န်းကျင်နှင့် တခြား အခြေခံ အဆောက် အအုံ စုစုပေါင်း ၁ သောင်းကျော် ပျက်စီးသွားခဲ့သည် ရခိုင်ပြည်နယ်တွင် လယ်မြေဧက ၃ သန်းကျော်
 ရေလွှမ်းမိုးခံခဲ့ရပြီး ယင်းလယ်မြေများအနက် စပါး စိုက်ခင်း ဧက ၂ သိန်းကျော် လုံးဝ ပျက်စီးသွားခဲ့သည်။

     နိုင်ငံတ၀န်း တိုင်းနှင့်ပြည်နယ် ၁၁ ခုတို့ ရေလွှမ်းမိုးမှု ဒေသများအနက် ရခိုင်ပြည်နယ်သည် လူသေမှု အများဆုံးနှင့် ထိခိုက်ပျက်စီးမှု အများဆုံးဒေသဖြစ်သည်။