26 August 2016

“MOU အလုပ်သမား ၁၁၀ဦး မြန်မာသံရုံးအနားသို့လာရောက်၍ အရေးဆို”




 ၂၀၁၆  ခု သြဂုတ်လ ၂၆ ရက်နေ့
ဆန်းဦး

        တစ်လခွဲကြာသည့်တိုင်အောင် အလုပ်အကိုင် မလုပ်ရပဲဖြစ်နေသည့်ပါဖက်ကုမ္ပဏီမှ မြန်မာအလုပ် သမား တစ်ရာကျော်တို့တို့ ဘန်ကောက်မြန်မာသံရုံး အနားသို့အထုတ်အပိုးများဖြင့်သွားရောက်ခဲ့ကြောင်း သိရသည်။
 
        အလုပ်သမားသံအရာရှိဦးအောင်ကိုသန်း နှင့် ပါဖက်အေဂျင်စီတို့ ဖြေရှင်းခဲ့သည့် အတိုင်းဖြစ်မလာ သဖြင့် အလုပ်သမား ၁၁၀ ဦး တို့သည်   အထုတ်အပိုးများကိုယ်စီကိုင်ဆောင်၍ မြန်မာသံရုံးအနီးသို့ မိမိတို့အစီအစဉ်ဖြင့် လာရောက်ခဲ့ကြသည်ဟုသိရသည်။  

     နှစ်နိုင်ငံသဘောတူညီချက် MOU အလုပ်သမား ၂၇၆ ဦးတို့အား ပါဖက်ကုမ္ပဏီက ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့အနီး၊ စမုတ်စာခွန်ခရိုင်၊ ကထုန်ဘန်မြို့နယ်၊ အုန်းနွဲ့ ရပ်ကွက်သို့ တင် သွင်းလာခဲ့သည်။ သို့ရာတွင် တစ်လကျော်ကြာလာသည့်ကာလအတွင်း အလုပ်သမား ၅ ဦးခန့်သာ အလုပ် သွင်းပေးနိုင်သေးသည်။ ပါဖက်ကုမ္ပဏီဖြင့် အလုပ်သမားတင်သွင်းလာသည့် လက်ပွား မောင်မောင် ဆိုသည့် ပွဲစားက အလုပ်သမားများထိုနေရာသို့ ရောက်ရောက်ချင်း အသုံးအဆောင်များဝယ်ယူရန်အတွက် ဟုဆိုကာ အလုပ်သမားများထံကတစ်ဦးကို ဘတ်ငွေ တစ်ထောင်စီကောက်ခံထားကြောင်း အလုပ်သမား များ ကပြောသည်။

    သြဂုတ်လ ၁၃ ရက်နေ့က အလုပ်သမားသံအရာရှိ ဦးအောင်ကိုသန်းနှင့် ပါဖက်ကုမ္ပဏီ တာဝန်ရှိသူ
ဦးကိုလေး က နောက်အကျဆုံး ၉လ ပိုင်း ၁ရက်နေ့ အလုပ်ရမည်။  သြဂုတ် လ ၁၆ ရက်မှစပြီး အလုပ် မရလျှင် တစ်နေ့ဘတ်၃၀၀  ၏ ၇၅ ရာခိုင်နုန်း   ဖြစ်သော  ၂၂၅ ဘတ် ပေးမည်။ တစ်ပတ်တစ်ကြိမ် ရှင်းပေးမည်။ အလုပ်မလုပ်မီကာလအတွင်းရေ၊ မီး၊ အခန်းခ လုံးဝ မယူကြောင်း အလုပ်သမားသံအရာရှိ
  ရှေ့မှောက်တွင် ခံဝန်ကတိပြု လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထိုသဘောတူညီချက်များဖြစ်မလာသဖြင့် အလုပ်သမားများမှာမထူး ဇာတ်ခင်း၍ ယနေ့နံနက်ပိုင်းက သံရုံးအနားသို့ သွားရောက်ခဲ့ကြခြင်းဖြစ်ကြောင်း အလုပ်သမားတစ်ဦးကပြော သည်။
 
      အဆိုပါ အလုပ်သမားများကို ကူညီပေးခဲ့ဖူးသူ AAC အဖွဲ့မှ ကိုရဲမင်း က “အလုပ်သမားတွေ မနက်ေ စာစော က သံရုံးအနားမှာ အထုတ်အပိုးတွေနဲ့သွားထိုင်ကြတယ်။ အလုပ်သမားသံအရာရှိတွေရောက် လာပြီးတော့  အော်ငေါက်ကြတယ်၊ သံရုံးအနားက စူရတ်ဆပ် မိုးပျံရထားဘူတာအောက်ကို ထိုင်းရဲတွေ ကခေါ်လာပြီး အခု ထမင်းတွေ ရေတွေဝယ်တိုက်နေတယ်လို့သိရတယ်။ ဒီအလုပ်သမားသံအရာရှိတွေဟာ ထိုင်းကအလုပ်သမား ပြဿနာတွေကို ပြေလည်အောင် မဖြေရှင်းနိုင်ကြပါဘူး။ ပြဿသ  နာတွေ အများကြီးပေါ် လာအုံးမယ်။ ဒီအတိုင်း ဆက်သွားနေရင် မြန်မာအစိုးရပိုပြီးသိက္ခာကျလာမယ်” ဟုပြောသည်။  
   
      ထိုင်းအစိုးရလူကုန်ကူးမှုအထူးစုံစမ်းထောက်လှမ်းရေး DSI ကို ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ MAT နှင့် AAC မဟာမိတ်အဖွဲ့တို့က ပါဖက်ကုမ္ပဏီမှပို့ထားသည့် ယခုဖြစ်စဉ်အလုပ်သမားကိစ္စကို အကူညီ တောင်းခံခဲ့ကြသော်လည်း အလုပ်ရုံအပြင်ပတွင် ဖြစ်နေခြင်းကြောင့် ၀င်ရောက်ကိုင်တွယ်ခြင်း မပြုခဲ့ပေ။

       MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“အလုပ်သမားတွေလည်းနစ်နာ၊ မြန်မာပြည်ရောအစိုးရပါ သိက္ခာကျ လွန်းလို့ပြောနေရတာပါ။ ကိုးရီးယားကို G to G ပို့နေတာပဲ။ ဘာသံထွက်လို့လဲ။ ထိုင်းကိုပို့ဖို့ ကိစ္စကိုလည်း အမေစု နဲ့တွေ့တုန်းက ရပ်ကျေး+  ဘဏ် + အလုပ်သမားဝန်ကြီးဌာန = MOU လုပ်ပါလို့ ကျနော် အကြံပြု တင်ပြခဲ့ပါတယ်။ ပွဲစားတွေနဲ့ အကျင့်ပျက်ဝန်ထမ်းတွေပေါင်းပြီးတော့ အကျိုးအမြတ်ရနေ တာ ကိုပဲ ဆက်ပြီးမြိန် ရေယှက်ရေ လုပ်စား နေကြတော့ ထိုင်းရောက် MOU အလုပ်သမားပြဿ     နာတွေ မပြီးဆုံးနိုင်အောင်ဖြစ်နေမှာ ပဲ။ ဒါ့အပြင် ထိုင်း ကို ထွက်ပြီး အလုပ်လုပ်ချင်နေကြတဲ့ မြန်မာအလုပ်သမား ဆင်းရဲသားတွေလည်းပွဲစား တွေ ရဲ့ခေါင်းပုံဖြတ် လိမ်လည်မှုတွေ ကိုခံနေကြရအုံးမှာပဲ” ဟုပြောသည်။

        MOU အလုပ်သမားများများ၏ ပကတိအခြေအနေများကို ကိုင်တွယ်ဖြေရှင်းပုံများမှာ အလွန်စိတ်ပျက် ဖွယ်ရဖြစ်နေကြောင်း အလုပ်သမားများကိုစုံစမ်းမေးမြန်းရစေလိုကြောင်း အလုပ်သမားအရေးကူညီသူများ က ညွန်းဆိုကြသည်။