30 August 2016

“MOU အလုပ်သမား၃၄ဦးဖမ်းဆီးထောင်ချခံရပြန်ပြီ”

                              
၂၀၁၆ ခု သြဂုတ်လ ၃၀ ရက်
မြတ်ညို (အလွတ်သတင်းထောက်)

          ထိုင်းနိုင်ငံမြောက်ပိုင်း၊ လဘူရီခရိုင်၊ ဘန့်ခါနယ်မြေ တွင်ရှိသော V&K နာနတ်သီးစက်ရုံ တွင် အလုပ် လုပ်နေခဲ့ကြသည့် MOU မြန်မာအလုပ်သမား ၃၄ဦး ဖမ်းဆီးထောင်ချခံခဲ့ရကြောင်း အလုပ်သမားများကပြော သည်။

        ၇.၇.၂၀၁၆ နေ့က နယ်မြေခံ ရဲများက ၀တ်ပါမစ် မရှိဟုဆိုကာ (စွမ်းတော်ဝင်၊ ရွှေနန်းရိပ်သာ၊ နှင်းပန်းဝါ၊ မိုးမိုးဖင်မလီ၊ မိုးဘိမ်း၊ မေ၀င့်) အေဂျင်စီတို့မှ မ ၁၅ဦး+ကျား၁၃ဦး ပန်းရောင်ဘတ်ကဒ်ရှိသူကျား၃ဦး+ မ၃ဦး ဘတ်ရှိသူ ၆ဦး(စုစုပေါင်း ၃၄ဦး) တို့ကိုဖမ်းဆီး၍ ရဲစခန်းသို့ခေါ်ဆောင်သွားခဲ့ပါသည်။ စက်ရုံက တာဝန်ခံသည်ဟု မန်နေဂျာက ပြောဆိုသော်လည်း ၉.၇.၂၀၁၆ နေ့တွင် တရားသူကြီးက ၀တ်ပါမစ်မရှိဟုဆိုကာ ရုံးတော်တွင် ၁၂ ရက် ထောင်ဒဏ်ချမှတ်ခဲ့သော်လည်း ထောင်ထဲတွင် ၄၈.ရက်ကျခံခဲ့ရပါသည်။ ၂၅.၈.၂၀၁၆ နေ့က ဘူရီထောင်မှ ဘန်ခါရဲစခန်းအချုပ်ခန်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။ ယနေ့တိုင်အချုပ်ခန်းထဲမှာရှိနေကြဆဲဖြစ်ပါသည်။

         အလုပ်သမား ကိုထွန်း က“ကျနော်စွမ်းတော်ဝင်အေဂျင်စီနဲ့ အလုပ်သမား ၄၉ ယောက်တစ်ယောက်ကို ကျပ်ငွေ၎သိန်းခွဲစီပေးပြီး ၂၉.၁.၂၀၁၅ နေ့ကဆောက်လုပ်ရေးနဲ့စာချုပ်လာခဲ့တယ်။ ဆောက်လုပ်ရေးမှာ နေစရာ အခက်ခဲရှိတယ်ဆိုပြီးအလုပ်သမားတွေကိုခွဲထုတ်ပါတယ်။ အချို့ပတ်စပို့ရွေးပြီးထွက်ခွာသွားခဲ့ကြတယ်။ ကျနော်တို့က V&K နာနတ်သီးစက်ရုံကိုရောက်လာတယ်။ ၂၀၁၅- ဇူလိုင်လအထိ အလုပ်လုပ်ပြီးတဲ့အခါ ပတ်စပို့ဖိုး ဘတ်ငွေ ၁၀,၀၀၀ ဖြတ်ပြီးပါပြီ။၂၀.၇.၂၀၁၅ နေ့မှာ နာနတ်သီးမရှိလို့ဆိုပြီးစက်ရုံပိတ်ပါတယ်။ ၂၀.၉.၂၀၁၅ နေ့မှာစက်ရုံပြန်ဖွင့်တော့ စာရွက်စာတမ်းလုပ်ရမည်ဆိုပြီးနောက်ထပ် ဘတ်ငွေ ၁၀,၅၀၀ အထိ ဖြတ်တောက် ခံခဲ့ရပါတယ်” ဟုပြောသည်။

         ပြီးခဲ့သည့်ညဥ့်က ဘန့်ခါရဲစခန်းအချုပ်ခန်းထဲမှ အလုပ်သမားများက ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ ရာက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ အချက်အလက်ပေးပို့၍ အကူညီတောင်းခံလာခဲ့သည်။  MATအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ဒီဖြစ်စဉ်ကို အထောက်အထားတွေနဲ့ နေပြည်တော်အလုပ်သမားဝန်ကြီး ဌာနနဲ့ မြန်မာသံရုံးကိုစာပို့ထားတယ်။ ထိုင်းမှာဖြစ်ပျက်နေတာတွေကို ကျနော်တို့ကတင်ပြတယ်။ ဒါတွေကို ဖြေရှင်းဖို့ နည်းလမ်းမရှာပဲ ဆင်သေကိုဆိတ်သားရေးနဲ့ဖုံးချင်တဲ့ခေါက်ရိုးကျိုးအကျင့်စရိတ်ရှိတဲ့အလုပ်သမား ၀န်ထမ်းဆိုးတွေနဲ့တော့ မြန်မာအလုပ်သမားတွေအခြေနေ ဒီထက်မကဆိုးလာဖို့ရှိပါသေးတယ်။ MOU နဲ့လာပြီး မှ ထောင်ကျတယ်ဆိုတာ ဒီတစ်ခါမဟုတ်ဘူး။ ထိုင်းမှာမကြာမကြာဖြစ်နေပြီ၊ အလုပ်သမားတွေအတွက်အရမ်း နစ်နာပါတယ်” ဟုပြောသည်။

          နိုင်ငံတော်အတိုင်ပင်ခံ၊နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ဇွန်လကုန်က ရောက် ရှိ ခဲ့စဉ်က ထိုင်းရောက်အလုပ်သမားများအတွက် နိုင်ငံ့ဝန်ထမ်းများအင်အားဖြည့်တင်း၍ အစီမံသစ်များချမှတ် အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် အလုပ်သမားများဝမ်းသာခဲ့ကြသည်။


        ပြီးခဲ့သည့် ဇူလိုင်လတွင် ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားပေါင်း ထိုင်းနိုင်ငံသို့ ၉၀၁၀ ဦး၊ မလေးရှားသို့ ၄,၃၂၁ဦး၊ ကိုးရီးယားသို့ ၆,၅၂ဦး၊ ဂျပန်သို့ ၁၆၃ဦး၊ စင်ကာပူသို့ ၆၅ဦး၊ ယူအေအီးသို့ ၁၉ဦး၊ ကာတာသို့ ၇ ဦး၊ စုစုပေါင်း ၁၄,၂၄၄ ဦးစေလွှတ်ခဲ့ကြောင်း နေပြည်တော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရသိရသည်။